ဘဏ္ဍာရေး လိုငွေပြမှုနှင့်အတူ ဆက်စပ်ပြဿနာများ

ဘဏ္ဍာရေး လိုငွေပြမှုနှင့်အတူ ဆက်စပ်ပြဿနာများ
Published 19 March 2015
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

ဘဏ္ဍာရေးလိုငွေပြမှု တစ်နည်းအားဖြင့် လိုငွေပြဘတ်ဂျက်ဟူသည် အစိုးရ၏ရငွေရ ငွေထက် သုံးစွဲငွေက ပိုမိုများပြားနေသော အခြေအနေဖြစ်သည်။ လိုငွေပြဘတ်ဂျက် (Deficit Budget) ၊ ပိုငွေပြဘတ်ဂျက် (Surplus Budget) မျှခြေဘတ်ဂျက် (Balanced Budget) ဟူသော အစိုးရ၏ ရငွေနှင့်သုံးစွဲငွေတို့ ဆက်ဆံမှု ပုံသဏ္ဌာန်များရှိသည်။
(၁)
ဘဏ္ဍာရေးလိုငွေပြမှု တစ်နည်းအားဖြင့် ဘတ်ဂျက်လိုငွေပြမှုတွင် ယင်းလိုငွေပြမှုပမာဏသည် နိုင်ငံ၏ GDP ၏ မည်ရွေ့မည်မျှသော ရာခိုင်နှုန်းရှိသနည်း။
(၂)
ယင်းဘတ်ဂျက်လိုငွေပြမှုကို မည်သို့မည်ပုံ ဖြေရှင်းနေရသနည်း။ ဥပမာအားဖြင့် အခွန်အကောက်များ ပိုမိုကောက်ခံခြင်း၊ Treasury Bond (TBS) များထုတ်ရောင်းခြင်း၊ ငွေစက္ကူများ ရိုက်နှိပ်ထုတ်ခြင်း၊ နိုင်ငံခြားငွေကြေး အကူအညီများဖြင့် ကျောထောက်နောက်ခံပြုခြင်း အစရှိသည်တို့ကို မည်သို့မည်ပုံ ဖြေရှင်းအသုံးပြုသနည်း။
(၃)
Treasury Bonds များထုတ်ရောင်းရငွေ ပမာဏသည် ဘဏ္ဍာရေးလိုငွေပြမှု ပမာဏ၏ မည်ရွေ့မည်မျှသာရှိပြီး၊ ကျန်ရှိသော အပိုင်းကို မည်သို့မည်ပုံ ဖြေရှင်းနေရသနည်း။
(၄)
ဘဏ္ဍာရေးမူဝါဒ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အစိုးရ၏ ရငွေနှင့် သုံးငွေတို့ကိုပြုလုပ်  (ဆောင်ရွက်) ရာတွင် ရငွေတွင်လည်း ထိရောက်သော ရငွေဖြစ်ရန် လိုအပ်သကဲ့သို့ သုံးငွေအပိုင်းတွင်လည်း ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုများကို ဝင်ရောက်စေရန် အဟန့်အတား တစ်စုံတစ်ရာ အတားအဆီးများ မဖြစ်ပေါ်စေရန်နှင့် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများအပေါ် မည်ရွေ့မည်မျှ မည်သို့မည်ပုံ အကျိုးသက်ရောက်မှုများ ထပ်မံ၍ပေးစွမ်းနိုင်မည်နည်း။
(၅)
ဘဏ္ဍာရေး လိုငွေပြမှုဟူသည် နိုင်ငံအများအပြားတွင် တွေ့မြင်နိုင်သော်လည်း ယင်းလိုငွေပြမှုကို ထိန်းချုပ်ရာတွင်မူ ယင်းနိုင်ငံတို့၏ အထွေထွေကုန်ဈေးနှုန်း၊ ဘဏ်တိုးနှုန်း၊ လုပ်ခလစာနှုန်းများ စသည်တို့ကို စဉ်းစားလေ့ရှိသကဲ့သို့၊ ဝင်ငွေကွာဟမှု ပြဿနာများ၊ စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ ပြဿနာများ စသည်တို့ကို လက်ရှိအခြေအနေနှင့် မည်သို့ဆက်စပ် စဉ်းစားသနည်း။
(၆)
ပြည်တွင်းစုဆောင်မှုအနေနှင့် အစိုးရ၏ ဘဏ္ဍာရေးလိုငွေပြမှုသည် အနုတ်လက္ခဏာဆောင်သော စုဆောင်းမှု (Negative Government's Savings) အနေနှင့်လည်း မည်ရွေ့မည်မျှ ဘဏ္ဍာရေးလိုငွေပြမှုကို ဖြည့်ဆည်းပေးနိုင်မည်နည်း။
(၇)
အစိုးရ၏ ဘဏ္ဍာရေးရငွေအတွက် အခွန်အကောက်များ ပိုမိုကောက်ခံမည်ဆိုသောနည်းကို အသုံးပြုမည်ဆိုလျှင် ယင်းသို့ မဆောင်ရွက်မီတွင် စီးပွားရေးလုပ်ကိုင် ဆောင်ရွက်ရန် အခွင့်အလမ်းများ မည်မျှဖြေလျှော့ပြီးမှသာ ရသင့်ရထိုက်သော အခွန်အခများ ကောက်ခံရယူခြင်း စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံး စာရင်းဝင်နိုင်ငံများအဆင့် (Improving the Doing- business level) မှ လွတ်မြောက်စေခြင်း စသည်တို့ကို ပေါင်းခြုံစဉ်းစားရပေသည်။ သို့ ဖြစ်ရာ အခွန်အကောက်ပုံစံသစ်များသည် တိုင်း ပြည်၏ မိုက်ခရိုအဆင့်၊ မက်ခရိုအဆင့်စီးပွား ရေးနှစ်ရပ်လုံးကို ပိုမိုတိုးတက်ကောင်းမွန်စေရန် မည်သို့လုပ်ဆောင်မည်နည်း။
(၈)
ဘဏ္ဍာရေးလိုငွေပြမှု ပြဿနာကိုဖြေရှင်းရာတွင် အစိုးရယန္တရားကို ပိုမိုကျစ်လျစ်သိပ်သည်းစေရန် (to be solid) ၊ ပိုမိုလျင်မြန်စေရန် (to be faster) တို့အတွက် မည်သို့သော အုပ်ချုပ်မှုယန္တရားကို ပုံဖော်စေမည်နည်း။
(၉)
ဘဏ္ဍာရေးလိုငွေပြမှု ပြဿနာကို ကောင်းမွန်စွာ မဖြေရှင်းနိုင်ပါက ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို မည်သို့ဖြေရှင်းမည်နည်း။
 (၁ဝ)
ဘဏ္ဍာရေးလိုငွေပြမှုနှင့် ကုန်သွယ်ရေး လိုငွေပြမှုပြဿနာနှစ်ရပ် တစ်ပြိုင်တည်းဖြစ်ပေါ်နေပြီး၊ အရန်နိုင်ငံခြား ငွေကြေးပမာဏနှင့် အရန်ငွေပမာဏမှာ ကျဆင်းလာကာ ပြည်တွင်းအထွေထွေ ကုန်ဈေးနှုန်းနှင့် လုပ်ခလစာ (အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်းများ၏ အနိမ့်ဆုံး လုပ်ခလစာများ) မြင့်တက်လာပါက မည်သို့သော ဝိရောဓိများကို ကြုံတွေ့ရမည်နည်းဟူသော အချက်များစွာကို ပေါင်းခြုံစဉ်းစားရပါသည်။
 
 

Most Read

Most Recent