အစိုးရနှင့် အပစ်ရပ်စာချုပ်ပါ သဘောတူညီချက်များမှ ဒေသတွင်းဖွံ့ဖြိုးရေး ကိစ္စများအား စတင်ရန် ချင်းအမျိုးသားတပ်ဦးက သမ္မတထံ တင်ပြထား

အစိုးရနှင့် အပစ်ရပ်စာချုပ်ပါ သဘောတူညီချက်များမှ ဒေသတွင်းဖွံ့ဖြိုးရေး ကိစ္စများအား စတင်ရန် ချင်းအမျိုးသားတပ်ဦးက သမ္မတထံ တင်ပြထား
Published 18 March 2015

အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ချုပ်ဆိုထားသည့် အပစ်ရပ်စဲရေးစာချုပ်ပါ သဘောတူညီချက်များမှ ဒေသတွင်း ဖွံ့ဖြိုးရေးနှင့် လူမှုရေးဆိုင်ရာတို့နှင့် ပတ်သက်၍ စတင်အကောင်အထည်ဖော်ရန် သမ္မတ ဦးသိန်းစိန်ထံ တင်ပြထားကြောင်း ချင်းအမျိုးသားတပ်ဦးမှ တွဲဖက်အထွေအထွေ အတွင်းရေးမှူး ဒေါက်တာရွှေခါးရ်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။ဒေါက်တာရွှေခါးရ်က “အဓိကအားဖြင့်တော့ ကျွန်တော်တို့ ဖွံ့ဖြိုးရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာတွေမှာ ကျွန်တော်တို့ အကောင်အထည် မဖော်နိုင်သေးဘူးပေါ့။ တချို့ ဒီသဘောတူညီချက်ထဲမှာပါတဲ့ အချက်အလက်တွေဟာ ဆိုလို့ရှိရင် ပြည်ထောင်စုအစိုးရနဲ့၊ ပြည်နယ်အစိုးရနဲ့ ကျွန်တော်တို့နဲ့ လက်တွဲပြီးတော့ လုပ်ရမယ့်ဟာ ဖြစ်တာပေါ့။ ဆိုတော့ သမ္မတရဲ့ အမြင်မှာတော့ ဒီတချို့ကိစ္စတွေ ဆိုလို့ရှိရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့မှပဲ လုပ်ချင်တဲ့ သဘောဆန္ဒ ရှိတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ချင်းအမျိုးသားနေ့မှာ သမ္မတကြီးလည်း တက်လာတယ်။ သမ္မတနဲ့ ကိုယ်တိုင်တော့ မတွေ့နိုင်ဘူး။ ဒါပေမဲ့ သမ္မတကနေ တာဝန်ပေးတဲ့ ဒီပြည်ထောင်စုဝန်ကြီး ဦးလှထွန်းဦးဆောင်တဲ့ ဝန်ကြီးအဖွဲ့တွေနဲ့ ကျွန်တော်တို့ တွေ့ဖြစ်ပါတယ်။ အဲဒီမှာပဲ အဲဒီကိစ္စကို တရားဝင်ကိုလည်း သမ္မတဆီ တင်ထားပါတယ်။ ကျွန်တော်တို့ပြောတဲ့ ဟာကတော့ တစ်ဖက်က ဒီတစ်မျိုးသားလုံး အပစ်ခတ်ရပ်စဲရေး လုပ်ပြီးတော့မှကလည်း ဘယ်တော့ဖြစ်လာမယ်ဆိုတာ မသေချာဘူးပေါ့။ တစ်ဖက်ကလည်း ဒီကျွန်တော်တို့ သဘောတူညီထားတဲ့ ဟာတွေကတော့ အခုကနေစပြီးတော့ ဆောင်ရွက်သင့်ပါတယ်။ အဲဒါ ဆောင်ရွက်ဖို့အတွက်ပေါ့။ သမ္မတဆီ ကျွန်တော်တို့ စာတင်ထားတာလည်း ရှိပါတယ်” ဟု ပြောကြားသည်။အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့သည် ၂ဝ၁၂ ဇန်နဝါရီတွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း သိရသည်။“ကျွန်တော်တို့ တစ်ဖက်ကတော့ ဒီစစ်ဘက်ဆိုင်ရာ ကိစ္စနဲ့ကတော့ ဆက်ဆံရေးရုံး ဖွင့်တာတို့ နယ်မြေသတ်မှတ်တာတို့ အဲဒါတွေကတော့ ကျွန်တော်တို့ လုပ်ဖြစ်တယ်ပေါ့။ ပြီးတော့ ဒီကျွန်တော်တို့နိုင်ငံ အပစ်အခတ်ရပ်စဲရေးက တချို့ဆိုရင် နိုင်ငံရေးဆိုင်ရာ ကိစ္စတွေလည်း ပါသလို စစ်ရေးကိစ္စလည်း ပါသလို ဖွံ့ဖြိုးရေးကိစ္စ လူမှုရေးလုပ်ငန်းစဉ်တွေလည်း ပါတာပေါ့။ အရင်တုန်းကတော့ ချင်းအမျိုးသားနေ့ကို မလုပ်ခိုင်းဘူး။ အခုတော့ တရားဝင်ဖြစ်လာပြီ ဒီလိုမျိုးပေါ့။ ကျန်တဲ့ အချက်တွေ အကောင်အထည် ဖော်နိုင်ဖို့အတွက် ကျွန်တော်တို့လည်း ဆောင်ရွက်နေတယ်။ စပြီးတော့ လုပ်နိုင်ဖို့အတွက် အစိုးရနဲ့ ကျွန်တော်တို့ ဆွေးနွေးနေတာလည်း ရှိတာပေါ့” ဟု ဒေါက်တာရွှေခါးရ်က ဆက်လက်ပြောကြားသည်။UPWC နှင့် CNF တို့အကြား သဘောတူညီချက် ၅၉ ခုရှိရာ ၁၅ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ဆဲ ၂၇ ချက်ရှိကာ ဆက်လက်အကောင်အထည်ဖော်ရန် အချက် ၁၇ ချက် ကျန်ရှိသေးသည်။အပစ်ရပ်စဲပြီး အဖွဲ့များနှင့် နှစ်ဖက်သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများမှာ သက်ဆိုင်ရာဌာနများအကြား ညှိနှိုင်းဆောင်ရွက်မှု အချိတ်အဆက် အားနည်းခြင်း၊ အချက်အလက် မျှဝေဖလှယ်ရာတွင် သတ်မှတ်ထားသော ပုံမှန်လမ်းကြောင်း မရှိခြင်း၊ ဘတ်ဂျက်အခက်အခဲနှင့် စာချုပ်များအပေါ် သဘောပေါက်နားလည်မှုတို့ဖြစ်ကြောင်း Myanmar Peace Centre မှ သိရသည်။လက်ရှိတွင် ချင်းအမျိုးသားတပ်ဦး အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်ကာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေး အစိုးရနှင့် ညှိနှိုင်းဆွေးနွေးလျက် ရှိသည်။

Most Read

Most Recent