တန်ဖိုးမဲ့ မီးခိုး

တန်ဖိုးမဲ့ မီးခိုး
Published 18 March 2015
တက္ကသိုလ်မိုးဝါ

မီးခိုးအကြောင်း စဉ်းစားမိသောအခါ ၂၀၁၃ နှစ်၏ အရှေ့တောင်အာရှ မီးခိုးမြူ ဖုံးလွှမ်းခဲ့သည့် ကာလအား အမှတ်ရစေလိုက်သည်။ ယင်းမီးခိုးမြူများသည် အင်ဒိုနီးရှားနိုင်ငံ ရီရို (Riau) ပြည်နယ်၌ တောမီးရှို့ခြင်းများမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဆူမားထရားနှင့် ဘော်နီယို၏ ဒေသအတော်များများတွင် အပင်နှင့် စိုက်ခင်းများအား ခုတ်ထွင်ဖယ်ရှားရမည့်အစား မီးရှို့သည့်နည်းလမ်းဖြင့် ရှင်းလင်းသောကြောင့် မီးခိုးမြူတို့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတောင်ပိုင်းတို့၌ လေထုထဲ ကျယ်ပြန့်စွာ ပျံ့နှံ့သွားရာ ကျန်းမာရေးထိခိုက်သည့် အခြေအနေအထိ ရောက်ရှိသွားခဲ့သည် ဆိုသည်။ပြည်သူအများ နေ့စဉ်ထိတွေ့နေသော ရေ၊ လေ၊ မြေ စသည့် လူမှုဘ၀ ပတ်ဝန်းကျင်ကို အသန့်ရှင်းဆုံး အခြေအနေ၌ ထိန်းသိမ်းထားလေ့ရှိသော စင်ကာပူနိုင်ငံအဖို့ အခြားတစ်နေရာမှ လေသင့်၍ လွင့်ပါလာသည့် မီးခိုးမြူမှုန်များ၏ သက်ရောက်မှု ဆိုးရွားလာသောအခါ စင်ကာပူနိုင်ငံ ပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်ဆိုင်ရာ ဝန်ကြီးက အင်ဒိုနီးရှားအား ယင်းပြဿနာဖြေရှင်းပေးရန် တောင်းဆိုလိုက်သည် ဆိုသည်။ ယင်းတောင်းဆိုမှု ကိစ္စအပေါ် ဘဝင်မကျသော အင်ဒိုနီးရှား အာဏာပိုင်အချို့နှင့်အတူ အင်ဒိုနီးရှား ပြည်သူ့အကျိုးဆောင်မှုဆိုင်ရာ ဝန်ကြီးကလည်း စင်ကာပူသည် လူကြီးမဆန်၊ ကလေးငယ်တစ်ယောက်ကဲ့သို့ ပြုမူပြောဆိုနေသည်ဟု တန်ပြန် စွပ်စွဲလိုက်သည်။ စင်ကာပူ၏ အကြီးတန်း ဝန်ကြီးကလည်း “အဲဒီ စင်ကာပူ ကလေးငယ်လေးက အသက်ရှူကျပ်နေပါပြီဟု တုံ့ပြန်ပြောဆိုလိုက်၏။ အပြည်ပြည်ဆိုင်ရာ အစိမ်းရောင် ငြိမ်းချမ်းရေး အဖွဲ့အစည်းကမူ လေထုညစ်ညမ်းစေသော မီးခိုးမြူများ ဖြစ်ပေါ်ခြင်းသည် ဆူမားထရားဒေသ၌ တောမီးရှို့ခြင်းကြောင့် ဖြစ်သည်ကို တပ်အပ်ပြောနိုင်သည်ဟု ပြောကြားသည်။တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ကလေးကလား လက်ညှိုးထိုး အပြစ်ပြောနေမှုအား စာရေးသူက စိတ်ဝင်တစား ရှိလှသည်တော့ မဟုတ်၊ တကယ် စိတ်ဝင်စားသည်မှာ မီးခိုးအကြောင်း။ လူတို့အား ဒုက္ခပေးမည့် မီးခိုး၊ လေထုကို ညစ်ညမ်းစေမည့် မီးခိုး။ ကောက်ချက်ချလျှင် အသုံးဝင်မှု တစိုးတစိမျှ မရှိသော လုံဝဥဿုံတန်ဖိုး သုည မီးခိုး။လူ့ဘ၀ ဆိုသည်မှာလည်း ဓမ္မ၊ အဓမ္မတို့ကို ပိုင်းခြားကာ ညီမျှခြင်းရေးဆွဲ တွက်ချက်နိုင်သည်ဟု ယူဆသည်။  လူ့ဘဝတွင် တန်ဖိုးရှိရှိနေနိုင်ရန် ဂုဏ်သိက္ခာဖြင့် ပြည့်ဝမှုသည် အရေးပါ အရာရောက်ဆုံး ဖြစ်သည်ဟု ယုံကြည်သည်။ ပြီးတော့ စစ်မှန်သောဂုဏ်သိက္ခာ ရှိရန်အတွက် လွတ်လပ်မှု၊ ရိုးသားမှု၊ တရားမျှတမှု စသည်တို့မှာ အဓိကသော့ချက် ဖြစ်သည်။ လူ့ဘဝတွင် တရားမျှတမှုကို လူတိုင်းရသင့်ရထိုက်၊ ခံစားထိုက်သည် ဖြစ်သောကြောင့် ဂုဏ်သိက္ခာ၊ တရားမျှတမှု၊ လွတ်လပ်မှုဟူသော လူ့တန်ဖိုးသုံးပါး ကင်းမဲ့နေပါက အဆင့်နိမ့် အောက်တန်းကျသည့် လူ့အသိုင်းအဝိုင်း၊ လူ့ပတ်ဝန်းကျင် တစ်ခုအတွင်း နေထိုင်သူသာ ဖြစ်သွားမည်။ဆရာတော်တစ်ပါး၏ ဟောကြားချက် တရားတော်ထဲတွင် လူအများစုသည် ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာခြင်းအား ဂုဏ်သိက္ခာဟု အမည်နာမတပ်ကြသည်၊ ရာထူးအာဏာကြီးခြင်းအား ဂုဏ်သိက္ခာဟု ပြောကြသည်ဟူ၍ ပါရှိသည်။ အမှန်စင်စစ် ယင်းတို့မှာ ဂုဏ်သိက္ခာ အတုအယောင်များသာ ဖြစ်ကြောင်း၊ လွတ်လပ်မှု၊ တရားမျှတမှု မရှိဘဲနှင့် စစ်မှန်သည့် ဂုဏ်သိက္ခာ မရှိနိုင်ကြောင်း ဟောကြားတော်မူခဲ့၏။ မတရားမှု၊ မမျှတမှုတို့ကို လက်သင့်ခံပါက လက်ခံရင်းနှင့် အားပေးရာရောက်သွားမည် ဆိုသည်။ ထို့ပြင်၊ မတရားမှု ပြုလုပ်နေသူသည် လူ့ကျင့်ဝတ်နှင့် လူ့ဝတ္တရား ပျက်ကွက်နေသူ၊ ဂုဏ်သိက္ခာမရှိသူ ဖြစ်နေသည်ဟု ဟောကြားတော်မူခဲ့သည်။  လူတို့၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့် အရေးကိစ္စများအား တစ်ကဏ္ဍစီထား စဉ်းစား၍ မရပါ။ အရေးကိစ္စ အားလုံးကို ခိုင်မာရင့်ကျက် လေးနက်သည့် တရားမျှတမှုဟူသော သဘောထားပေါ်တွင် အခြေခံ တွေးခေါ်စဉ်းစားမှသာ ဘဝတစ်ခုလုံး၏ အခြေခံအုတ်မြစ် တောင့်တင်းခိုင်မာမည် ဖြစ်သည်။ ယင်းအခြေခံအုတ်မြစ် ခိုင်မာမှ မိမိအနေဖြင့် ဂုဏ်သိက္ခာရှိရှိ တန်ရာတန်ကြေးရသော ပစ္စည်းဥစ္စာများမှလွဲ၍ ကျန်သည်များအား လိုချင်မည်မဟုတ်။ တစ်နည်းအားဖြင့် ‘ဂုဏ်သိက္ခာ’ ကို ရောင်းစားခြင်းမှ ရှောင်ကြဉ်ခြင်းပင် ဖြစ်သည်။လူသည် သေမျိုးဖြစ်၍ ရှင်လျှင်ရွှေထီး၊ သေလျှင်မြေကြီးဟူသော စကားပင် ရှိခဲ့ဖူးသည်။ အသက်ရှင်သန်နေဆဲ ကာလ၊ ဘဝတွင် အဆင်ပြေ အောင်မြင်နေသူများအား ရွှေထီးဆောင်းနေသူများဟု ချီးမြှောက်စကား ပြောလေ့ရှိသည်။ သည့်ပြင်၊ သေလွန်ပြီးသောအခါ ‘သေလျှင်မြေကြီး’ ဟူသောစကားမှာ မရှိတော့သော ခန္ဓာကိုယ်အား မြေကြီးထဲ မြှုပ်လိုက်သည့် အဓိပ္ပာယ်။ သို့သော် မီးသဂြုႋဟ်စက်များ ပေါ်ထွန်းလာချိန်မှစ၍ ရုပ်အလောင်းအား မီးစက်ထဲထည့်၍ ရှို့သည့် အလေ့အထ ကျယ်ပြန့်လာခဲ့သည်။ ခေါင်းတိုင်မှ အူထွက်သော မီးခိုးတန်းသည် ကောင်းကင်ပြင်ဆီ မည်သည့်နေရာဒေသသို့ လွင့်ပါးသွားမှန်း မသိရ။သိပ္ပံပညာ အလိုအရ မီးခိုးအစုထဲတွင် အခဲနှင့် အရည်အမှုန်အမွှားများ ပါဝင်သည် ဆိုသည်။ ယင်းမီးခိုးအား ရှူရှိုက်မိသူသည် ကာဗွန်မိုနောက်ဆိုက်၊ ဟိုက်ဒရိုဂျင် ဆိုက်ရာနိုက် စသည့် ဓာတုအဆိပ်ပစ္စည်းတို့ကြောင့် လူကိုသေကျေစေသည် ဆိုသည်။ အရိုးပြာ အနည်းအကျဉ်း ကျန်ရှိသော်လည်း အသုံးမဝင် တန်ဖိုးမဲ့ မီးခိုးသာလျှင် လေထုထဲသို့ လွင့်ပါပျောက်ဆုံးသွား၏။  ဤနေရာတွင် ဓမ္မကြောင်းအရ ‘သိမှုနှင့် ရှိမှု’ ကို စိတ်ဖြာကြည့်ရန် လိုနေသေးသည်။ လူသည် သိမြင်မှုဖြင့် လောဘအား မထိန်းချုပ်နိုင်ပါမူ ရှိမှုနောက်သို့ အမောတကောလိုက်ရင်း လိုက်၍ မဆုံးမီမှာပင် ဘဝနိဂုံး အဆုံးသတ်ရတတ်ကြောင်း၊ ရှိမှုနောက်သို့လိုက်ရင်း သိမှုမဲ့ဖြင့် ချုပ်ငြိမ်းရသော ဘဝသည် တန်ဖိုးတစိုးတစိမျှ ရှိမည်မဟုတ်ကြောင်း၊ ဓမ္မ၏ အဆုံးအမကို သတိမူ ခံယူတတ်ကြရန် လိုသည်။မီးသင်္ဂြိုဟ်စက်မှထွက်သော တန်ဖိုးမဲ့ မီးခိုး၏ ဘဝနှင့် ပတ်သက်၍ အောက်ပါကဗျာကို ခံစားကြည့်ပါ။ငါဟာ...လက္ခဏာရေး မျဉ်းကြောင်းတစ်ကြောင်းမှ မရှိတဲ့ဖောင်းအိအိ လက်ဖဝါး။ငါဟာ...နှာခေါင်းမျက်လုံး၊ ပါးစပ်ရုံးစုတစ်ခုမှ မရှိတဲ့ချောကျိကျိမျက်နှာ။ငါဟာ...ကာလဆက်ရန်၊ လက်တံမရှိတဲ့တုံးတိတိနာရီ။လက်ဖဝါးမရှိ၊ မျက်နှာမရှိနာရီမရှိ၊ ဂူမှတ်တိုင် မရှိတဲ့ပွစိစိ ငါ့ကို၊ ငြင်ငြိုတဲ့အလားအမှုန်အမွှားအဖြစ်ချုံ့ပစ်လိုက်ကြပြီ။      ။လူတစ်ယောက်တွင် လွတ်လပ်မှု၊ ရိုးသားမှု၊ တရားမျှတမှု အပေါင်းအစုတို့ဖြင့် ဖွဲ့စည်းအပ်သည့် စစ်မှန်သော ဂုဏ်သိက္ခာ ကင်းမဲ့နေခဲ့လျှင် မီးသဂြုႋဟ်စက်မှ အူထွက်လာသည့် မီးခိုးပြာ ဖြစ်သွားသည့်တိုင် ဆက်လက်၍ တန်းဖိုးမဲ့သော မီးခိုးအဖြစ် တည်ရှိနေဦးမည်သာ ဖြစ်သည်။ 

Most Read

Most Recent