အကြီးအကျယ် နောက်ပြန်ဆုတ်သွားသော မြန်မာနိုင်ငံ

အကြီးအကျယ် နောက်ပြန်ဆုတ်သွားသော မြန်မာနိုင်ငံ
Published 15 March 2015

ယခုတစ်ပတ် အစောပိုင်းက မြန်မာအာဏာပိုင်များသည် လက်နက်မပါ ဆန္ဒပြကျောင်းသားများနှင့် ၎င်းတို့အား ထောက်ခံသူများကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီး ၁၂၇ ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့ပြင် လူအမြောက်အမြားလည်း ဒဏ်ရာရရှိခဲ့ကြသည်။
 
ရန်ကုန်မှ မြောက်ဘက် မိုင် ၉ဝ အကွာ၊ လက်ပံတန်းမြို့တွင် ရဲနှင့်ကျောင်းသားများ တစ်ပတ်ကြာ ရှေ့မတိုး နောက်မဆုတ် ရင်ဆိုင်တွေ့ခဲ့ပြီးနောက် နောက်ဆုံး အကြမ်းဖက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းအကြမ်းဖက်မှုသည် ရက်အနည်းငယ်အတွင်း ဒုတိယအကြိမ်ဖြစ်ပွားသော အကြမ်းဖက်မှုလည်း ဖြစ်သည်။ မတ် ၅ ရက်က ရန်ကုန်တွင် အစိုးရဘက်တော်သား အရပ်ဝတ်လူရမ်းကားများက ဆန္ဒပြသူများကို တိုက်ခိုက်ခဲ့ကြသည်။
 
မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့်အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်လေ့လာအဖွဲ့များက ဆန္ဒပြကျောင်းသားများအား အကြမ်းဖက်မှုကို ဝိုင်းဝန်းရှုတ်ချကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယင်းအကြမ်းဖက်မှုကို ရှုတ်ချခဲ့သည်။
 
ပညာရပ်ဆိုင်ရာ လွတ်လပ်မှုကို ကန့် သတ်ရန် ပေါ်ပေါ်ထင်ထင် ရည်ရွယ်ရေးဆွဲထားသည်ဟု ကျောင်းသားများက ယုံကြည်ထားကြသော အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ကျောင်းသားအများအပြားသည် ဇန်နဝါရီမှစပြီး ပြည်နယ်၊ မြို့များမှ ရန်ကုန်သို့ ချီတက်လာခဲ့ကြသည်။ 
 
ကျောင်းသားကိုယ်စားလှယ်များနှင့် အစိုးရတာဝန်ရှိသူများအကြား အကြိမ်ကြိမ်တွေ့ဆုံပြီးနောက် အစိုးရက အငြင်းပွားပညာရေးဥပဒေကို ပြင်ဆင်ပေးရန် သဘောတူခဲ့သည်။ ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အကြံပြုပြင်ဆင်ချက်များကို အချေအတင် ဆွေးနွေးနေသည်။
 
လက်ပံတန်းတွင် ပင်မသပိတ်အဖွဲ့ကို ရဲက တားဆီးမှုအား တုံ့ပြန်သည့်အနေဖြင့် ကျောင်းသားများက ယင်းဆွေးနွေးမှုများမှ နုတ်ထွက်ခဲ့ကြသည်။ ယင်းနောက် အစိုးရ၏ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ နိုင်ငံရေး ပြောင်းလဲမှု တိုးတက်မှုဖြစ်စဉ်တွင် (၂ဝ ရာစု အစောပိုင်း လွတ်လပ်ရေးကြိုးပမ်းမှုမှသည် ၁၉၈ဝ ပြည့်လွန်နှောင်းပိုင်းနှစ်များက ဒီမိုကရေစီကြိုးပမ်းမှုများထိ) ကျောင်းသားများ က အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသော မြန်မာနိုင်ငံတွင် ကျောင်းသားများကို အကြမ်းဖက်နှိမ်နင်းမှုသည် မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုအတွက် ကောင်းသော နိမိတ်လက္ခဏာ မဟုတ်ပေ။ အတိတ်က အစိုးရသည် အတိုက်အခံတို့ကို အားပျော့ရန်၊ လူထုကို ဇဝေဇဝါဖြစ်စေရန်၊ နိုင်ငံတကာ ဖိအားတင်းမာမှုကို ထိန်းသိမ်းရန် သဘောထားကွဲလွဲသူ အတိုက်အခံတို့ကို 
အကြမ်းဖက်တုံ့ပြန်မှုနှင့် နိုင်ငံရေးပရိယာယ်အား အောင်မြင်စွာ ပေါင်းစပ်၍  သုံးစွဲတုံ့ပြန်ခဲ့သည်။
 
ယခုအခါ အစိုးရသည် ၎င်းတို့၏ စာအုပ်ဟောင်းကို ပြန်လှန်၍ အသုံးချရန် စဉ်းစားနေကောင်း စဉ်းစားနေနိုင်သည်။ အကယ်၍ ထိုအတိုင်းဆိုလျှင် သမ္မတဦးသိန်းစိန် (သို့မဟုတ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား အကြိမ်ကြိမ်တွေ့ဆုံမှုများ ရှိမည်ဟု မျှော်လင့်ထားနိုင်သည်။ ထိုဆွေးနွေးမှုများသည် နိုင်ငံရေးပြဿနာ ဖြေရှင်းမှုအတွက် အထောက်အကူဖြစ်နိုင်ဖွယ် မရှိနိုင်သော်လည်း ကျောင်းသားများ ရိုက်နှက်ခံရမှု၊ ဖမ်းဆီးထောင်ချခံရမှု သတင်းခေါင်းစီးများကို မှေးမှိန်သွားစေနိုင်သည်။
 
မည်သို့ပင်ဖြစ်စေကာမူ ယခင်ပုံစံများအတိုင်း ဖြစ်လာခဲ့မည်ဆိုပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းငါးစာကို ထပ်မံမျိုချရဖွယ်ရှိပြီး သူ၏ နိုင်ငံရေးလုပ်ငန်းစဉ် ရှေ့သို့ချီနိုင်ရေးအတွက် ကျောင်းသားလှုပ်ရှားမှုကို လျစ်လျူပြုဖွယ် ရှိသည်။
 
“ NLD အနေနဲ့ အကြမ်းဖက်မှုကို ဘယ်တုန်းကမှ ထောက်ခံခဲ့တာ မဟုတ်ပါဘူး။ အဲဒီတော့ ဒါတော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ တရားဥပဒေစိုးမိုးရေးနဲ့ အားလုံးက ဆိုင်တာပဲ”ဟု ကျောင်းသားများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ပေးခဲ့သော မှတ်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
 
နောက်ပိုင်းတွင် NLD သည် ရှုတ်ချမှုများ ဆောင်ရွက်ခဲ့ပြီး ဆန္ဒပြသူများကို အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းနှင့် မသင့်တော်ကြောင်း ပြောကြားခဲ့သည်။ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဓိက အတိုက်အခံ နှစ်ဖက်စလုံးသည် ကျောင်းသားဆန္ဒပြမှုကို မလိုလားအပ်သော စိန်ခေါ်မှုအဖြစ် ရှုမြင်ကြသည်။
 
အစိုးရအတွက် ကျောင်းသားများ၏ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုသည် ထိပ်တိုက်တွေ့ဆုံခြင်းဖြင့် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းနေသော အစွန်းရောက်ကွန်မြူနစ်များက ပူးပေါင်းကြံစည်မှုတစ်ရပ် ဖြစ်သည်။ ဆန္ဒပြကျောင်းသားများ အကြံပြုသော အမျိုးသာပညာရေးဥပဒေပြင်ဆင်မှု ဥပဒေကြမ်းသည် လက်ရှိအစိုးရ၏ ဒီမိုကရက်တစ် အုပ်ချုပ်မှုကိုဖြုတ်ချရန် ကွန်မြူနစ်တို့၏ ကြိုးပမ်းမှုသာဖြစ်ကြောင်း စွပ်စွဲထားသော လျှို့ဝှက်အစီရင်ခံစာကို ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်အကြီးတန်း အုပ်ချုပ်ရေးဝန်ထမ်းများအား ယခင်လနှောင်းပိုင်းက ဖြန့်ဝေခဲ့သည်။
 
အခြားတစ်ဖက်တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းဆန္ဒပြမှုများသည် လက်ရှိ အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေး အာရုံစိုက်လုပ်ဆောင်နေသော သူ၏ ကြိုးပမ်းမှုကို အနှောင့်အယှက်ပြုမှုတစ်ခုဟု ရှုမြင်သည်။
 
စစ်ဘက်က ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို  သမ္မတဖြစ်ခွင့်မှ အဟန့်အတားဖြစ်စေသည့် ပြဋ္ဌာန်းထားသော အပိုဒ်များ ပါဝင်နေသည်။
 
ယင်းပြဋ္ဌာန်းမှုများကို ဖယ်ရှားနိုင်မှသာ နိုင်ငံ၏ အမြင့်ဆုံးရာထူးကို ရွေးချယ်ခံရရန် သူက မျှော်လင့်နိုင်မည်။
 
မကြာသေးခင်က တွေ့ဆုံမေးမြန်းမှုများ၊ ပြောကြားမှုများတွင် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးဥပဒေကြမ်းအတွက် လွှတ်တော်ကို ဖိအားပေးသည့် ကျောင်းသားများအား သတိပေးခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး မျက်ခြည်မပြတ်ရန် လူထုကို တိုက်တွန်းခဲ့သည်။
 
ကျောင်းသားခေါင်းဆောင်အချို့သည် ပြင်းထန်သောအမြင်များကို တိုး၍ တိုး၍ ကိုင်ဆွဲလာကြပြီး “အကုန်ရရင်ရ၊ မရရင်ဘာမှ မလိုချင်ဘူး” ဟူသည့် နည်းဗျူဟာကို တိုး၍ တိုး၍ ကျင့်သုံးလာသည်ဆိုခြင်းမှာ မှန်ကန်ပါသည်။ သို့သော် ယင်းမှာ သူတို့ သည် လွန်ခဲ့သည့်နှစ် အစောပိုင်း ပညာရေးဥပဒေမူကြမ်း ရေးဆွဲခဲ့ကတည်းက အစိုးရ၏ မတရားပိတ်ဆို့မှုဝါဒ၊ ကတိချိုးဖောက်မှုများနှင့် အချိန်ဆွဲခြင်းနည်းဗျူဟာများကို သတိပြုမိခဲ့သောကြောင့် ဖြစ်သည်။ အစိုးရ က ကွန်မြူနစ်များဟု စွပ်စွဲသည့် အချို့သော ဝါရင့်တက်ကြွလှုပ်ရှားသူများသည် ကျောင်းသားများအား ပိုမိုကျယ်ပြန့်သော ရည်ရွယ်ချက်များ (ဥပမာအားဖြင့် အစိုးရအပြောင်း အလဲဖြစ်စေခြင်း) အထိ သွားစေရန် ရည်ရွယ် ထားသည်ဆိုခြင်းမှာလည်း မှန်ကန်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ကျောင်းသားတက်ကြွ လှုပ်ရှားသူအများစုသည် ပညာရေးပြုပြင်ပြောင်းလဲမှု ပန်းတိုင်အပေါ်၌သာ အာရုံပြုထားကြဆဲဖြစ်သည်။ ပြည်သူတို့၏ နာကြည်းမှုစစ်စစ်များကို ဖြေရှင်းရန်နှင့် အလုပ်ဖြစ်နိုင်သောဖြေရှင်းမှုများကို ပေးရန် လုပ်ကြံဖန် တီးမှုသီအိုရီများက အလုပ်မဖြစ်ခဲ့သည်မှာ ပို၍အရေးကြီးသည်။
 
ဆန္ဒပြမှုများသည် ပို၍လိုအပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကိစ္စအား အနည်းဆုံး ယာယီသဘောဖြစ်ဖြစ် အနှောင့်အယှက်တစ်ရပ် ဖြစ်လာသည်ဆိုခြင်းမှာလည်း မှန်ကန်ပါသည်။ သို့သော် အစိုးရ၏ ရက်စက်စွာနှိမ်နင်းမှုနှင့် နှိုင်းစာပါက ကျောင်းသားတို့၏ တောင်းဆိုမှုများသည် အလွန့်အလွန် နည်းပါးလှပြီး အတိုက်အခံတို့၏ တုံဏှိဘာဝေ လုပ်နေမှုကလည်း သိသာထင်ရှားလှသည်။ ပင်မအတိုက်အခံများ (အထူးသဖြင့် NLD ) က မြေယာသိမ်းယူမှုများမှသည် တိုင်းရင်းသားလူမျိုးစုပဋိပက္ခ၊ အလုပ်သမားများ မငြိမ်သက်မှုတို့အပြင် ပညာရေး ပြုပြင်ပြောင်းလဲမှုအထိ မတရားမှုများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားရန် ပျက်ကွက်ခဲ့သောကြောင့် ကျောင်းသားလှုပ်ရှားမှု က အရှိန်အဟုန်ရလာခြင်း ဖြစ်သည်။ ယင်းမှာ ကျောင်းသားလှုပ်ရှားမှုကို အတိုက်အခံ များက ၎င်းတို့၏ ပိုက်နက်အပြင်ဘက်၌ ရှိနေသော ၂၅ နှစ်အတွင်း ပထမဆုံး လူထုအုံကြွမှု အမှတ်သညာအဖြစ် ခြိမ်းခြောက်မှုဟု ခံစားရသောကြောင့်လည်း ဖြစ်နိုင်သည်။
 
“ကျောင်းသားတွေ နိုင်တယ်” ဟူသည် ယခုအခါ မြန်မာလူမှုရေးမီဒီယာများပေါ်တွင် အထင်ကရ ကြွေးကြော်သံတစ်ရပ် ဖြစ်လာသည်။ သို့သော် တကယ့်အရှိတရားသည် အနည်းငယ်ပို၍ ရှုပ်ထွေးနေသည်။ သရော်တော်တော်ပြောရပါက ပထမဆုံး အနိုင်ရရှိသူမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ပါတီဖြစ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ယခုနောက်ဆုံး နှိမ်နင်းခဲ့မှုက အတိတ်က စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ပြန်သတိပေးလိုက်သကဲ့သို့ဖြစ်ပြီး ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပရန်စီစဉ်ထားသည့်  အထွေထွေရွေးကောက်ပွဲ၌ စစ်တပ်က ကျောထောက်နောက်ခံ ပြုပေးထားသော လက်ရှိ အာဏာရပါတီကို ဆန့်ကျင်ကာ မဲပေးကြမည့် အလားအလာများနေသောကြောင့် ဖြစ်သည်။ ယင်းက လူထုထောက်ခံမှု အခိုင်အမာရရှိထားနှင့်ပြီးဖြစ်သည့် NLD ကို အင်အားထပ်လောင်း မြင့်တက်သွားစေခဲ့သည်။
 
သို့သော် မြို့ပြဆန္ဒပြမှုများ ပိုမိုဖြစ်ပွား လာလျှင်၊ တိုင်းရင်းသားလက်နက်ကိုင်တို့၏ ဒေသများကို တိုက်ခိုက်သည့် စစ်တပ်၏ နောက်ဆုံးစစ်ဆင်ရေးများ ရလဒ်အရ မငြိမ်သက်မှုများ ကြီးထွားလာလျှင် ဗိုလ်ချုပ်ကြီးများက နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာကာ အထွေထွေရွေးကောက်ပွဲများကို ရွှေ့ဆိုင်းပစ်လိုက်နိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ်ကို လွှတ်တော်တွင် အရန်အင်အားအဖြစ်ထားရန် ခွင့်ပြုထားပြီး နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာလိုက်ပါက နိုင်ငံကို တိုက်ရိုက်အုပ်ချုပ်ရန် ခွင့်ပြု ထားသည်။ 
မကြာသေးမီက ဖြစ်ပွားခဲ့သော အီဂျစ်နှင့် ထိုင်းနိုင်ငံတို့၌ စစ်တပ်ကအာဏာသိမ်းခဲ့မှုများက မြန်မာဗိုလ်ချုပ်ကြီးများကို စံပြုပုံစံများအဖြစ် ဆွဲဆောင်နေသည်။ ထိုင်းနိုင်ငံအာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံအဖွဲ့ မှ ပထမဆုံးခေါင်းဆောင်အဖြစ် ဘန်ကောက်မြို့သို့ သွားရောက်ကာ ထိုင်းစစ်အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ မြန်မာဗိုလ်ချုပ်မှူးကြီးက  ထိုင်းဗိုလ်ချုပ်ကြီးကို မှန်ကန်သောအရာကို လုပ်ဆောင်ခဲ့ခြင်းအတွက် ချီးကျူးသည့်အမြင်တစ်ရပ်ကို ပေးခဲ့သည်။
 
မြန်မာစစ်တပ်နှင့် ထိုင်းစစ်တပ်တို့အကြား ထိပ်ပိုင်းအဆင့် ပုံမှန်ဖလှယ်မှုများ ရှိသည်ဟု မြန်မာအရာရှိကြီးများက ကျွန်တော့်အား အလွတ်သဘောပြောကြားခဲ့သည်။ မြန်မာဗိုလ်ချုပ်ကြီးများသည် ထိုင်းဗိုလ်ချုပ်ကြီးများက ၎င်းတို့၏ ဆိုးဆိုးရွားရွား သဘောထားကွဲလွဲနေသည့် နိုင်ငံကို ငြိမ်သက်သွားအောင် စီမံခဲ့ပုံကို လေ့လာရန် စိတ်အားထက်သန်နေသကဲ့သို့ ထိုင်းစစ်တပ်ကလည်း နိုင်ငံရေး၌ စစ်တပ်က ဦးဆောင်အခန်းကဏ္ဍ ရယူထားသည့် မြန်မာဖွဲ့စည်းပုံအခြေခံဥပaဒကို လေးစားနေသည်။ လွန်ခဲ့သည့် နိုဝင်ဘာလက ကျွန်တော်တွေ့ဆုံမေးမြန်းမှု ပြု လုပ်ခဲ့သည့် အရာရှိကြီးများက ထိပ်ပိုင်း မြန်မာအရာရှိများသည် အီဂျစ်နိုင်ငံ၏ အခြေအနေကိုလည်း စိတ်ဝင်စားစွာဖြင့် အသေအချာ လေ့လာခဲ့ကြောင်း ပြောကြားခဲ့ကြသည်။သေချာသည့်အရာတစ်ခုက ယခုကိစ္စ၌ စစ်တပ်သည် အမှန်တကယ် အနိုင်ရရှိသူ ဖြစ်လာလိမ့်မည် ဆိုခြင်းပင်။ 
 
ယခုသီတင်းပတ်အတွင်း အကြမ်းဖက်မှု၏ သားကောင် ဖြစ်ခဲ့ရသူများသည် အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးက အတင်းတွန်းပို့နေသည့် ပြစ်မှုကျူးလွန်သူများအဖြစ် တစ်သက်လုံး ရှုမြင်ခံရမည်ဆိုခြင်းမှာ အလွန်မဖြစ်နိုင်သည့်ကိစ္စ ဖြစ်သည်။ ထုံးစံအတိုင်းပင် အစိုးရသည် သူ၏ ဘက်တော်သား အရာရှိများဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်များ ဖွဲ့စည်းလိမ့်မည်။ သို့သော် ဆက်လက်လုပ်ဆောင်ရမည့် လမ်းကြောင်း၌ မဖြစ်စလောက်လေးသာ ပြုလုပ်လိမ့်မည်။ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူများက ရန်ကုန်နှင့်လက်ပံတန်းတို့၏ ဖြစ်စဉ်များသည် တရားဥပဒေနှင့်အညီ ဖြစ်သည်ဟု ထပ်ကာထပ်ကာ ပြောင်ပြောင် တင်းတင်း ပြောကြားခဲ့ကြသည်။ အစိုးရက ယခုအခါ ထိန်းသိမ်းထားသည့် ကျောင်းသား ၁၇ ဦးကို လွှတ်ပေးလိုက်သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနက မည်သည့် တရားမဝင်သော လုပ်ဆောင်ချက်မျိုးကိုမဆို မည်သည့် နိုင်ငံမငြိမ်မသက်မှုဖြစ်အောင် ကြိုးပမ်းမှုများကိုမဆို တရားစွဲဆိုကာ အပြစ်ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အစိုးရ၏ လက်တွေ့လုပ်ဆောင်သောအဖွဲ့က စည်းကမ်းကျနသော လုပ်ဆောင်ချက်ပြုလုပ်ရန် ပျက်ကွက်ခဲ့လျှင် အမေရိကန်က မြန်မာအစိုးရ အဖွဲ့မှ နာမည်ပျက်လှသူတစ်ဦးကို ပိတ်ဆို့ မှု ပြုလုပ်ခဲ့ခြင်းအတွက် အလျင်အမြန် တညီတညွတ်တည်း ပြစ်တင်ရှုတ်ချကာ စဉ်းစားပေးရန် တောင်းဆိုခဲ့သော လွှတ်တော်သို့ တင်လိမ့်မည်ဖြစ်သည်။ လွှတ်တော်အမတ်များက ယင်းကို တာဝန်ယူပါမည်လား။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု မရှိသည့် တရားစီရင်ရေးက ယခုဖြစ်ရပ်၌ ခံခဲ့ရသူများအနေဖြင့် မတရားလုပ်သူများကို တရားစွဲဆိုရန် ကြိုးပမ်းမှုကို ခွင့်ပြုပါမည်လား။ ယခုမေးခွန်းများအတွက် အဖြေများက မြန်မာနိုင်ငံ၏ ပြဿနာပတ်လည်ဝိုင်းနေသော နိုင်ငံရေးအသွင်ကူးပြောင်းမှုသည် လုံးဝအသက်ဝင်မှု ရှိပါသေးရဲ့လား ဟူသည်ကို ပြသလိမ့်မည်ဖြစ်သည်။  
 
Foreignpolicy.com တွင် မတ် ၁၂ ရက်က ဖော်ပြခဲ့သော မင်းဇင်၏ Burma Takes a Big Step Backwards ဆောင်းပါးကို မူရင်းစာရေးသူ၏ ခွင့်ပြုချက်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။