မြန်မာနိုင်ငံ အနေဖြင့် မြေကစားမှုကို ထိရောက်စွာ မထိန်းချုပ်နိုင်ပါက စီးပွားရေးဖွံ့ဖြိုးမှုကို နှောင့်နှေးစေမည်ဖြစ်ကြောင်း ကုလသမဂ္ဂ သုံးသပ်

မြန်မာနိုင်ငံ အနေဖြင့် မြေကစားမှုကို ထိရောက်စွာ မထိန်းချုပ်နိုင်ပါက စီးပွားရေးဖွံ့ဖြိုးမှုကို နှောင့်နှေးစေမည်ဖြစ်ကြောင်း ကုလသမဂ္ဂ သုံးသပ်
Published 9 March 2015
ဇော်ဝေ

မြန်မာနိုင်ငံ အနေဖြင့် မြေကစားမှုကို ထိရောက်ကောင်းမွန်သော နည်းလမ်းများဖြင့် မထိန်းချုပ်နိုင်ပါက မြေဈေးကွက်ကြောင့် စီးပွားရေးဖွံ့ဖြိုးမှု နှောင့်နှေးစေမည်ဟု ကုလသမဂ္ဂက သုံးသပ်ကြောင်း ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် မတ် ၉ ရက်က ပြုလုပ်သည့် မြေယာအသုံးချမှု မူဝါဒဆိုင်ရာ ဒုတိယအကြိမ် ကျွမ်းကျင်သူ စားပွဲဝိုင်းဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။ကုလသမဂ္ဂ အဖွဲ့အစည်းများက ပူးပေါင်းအကြံပြုချက်များကို USAID မှ Resource Law Specialist Mr. Robert Oberndorf က ရှင်းလင်းတင်ပြခဲ့ပြီး အချက် ၁၆ ချက် ပါဝင်ကြောင်း သိရသည်။မြန်မာနိုင်ငံ အနေဖြင့် Land Development ကို ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း၊ မြေကစားမှုကို ထိန်းချုပ်ရန်နည်းလမ်းများ လွယ်ကူနားလည်ခြင်း မရှိကြောင်း၊ ထိရောက်ကောင်းမွန်သော နည်းလမ်းများ အသုံးမပြုနိုင်ပါက မြေဈေးကွက်ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမည်ဖြစ်ကြောင်း၊ မြေခွန်နှင့်ပတ်သက်၍ လက်ရှိကျင့်သုံးနေသော မူဝါဒသည် ထိရောက်မှုမရှိကြောင်း၊ မြို့ပြ၊ လူနေအိမ်များ မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍လည်း တိကျပြည့်စုံစွာ ဖော်ပြထားခြင်း မရှိကြောင်း၊ မြေကို အပေါင်ထား၍ ငွေချေးငှားခြင်း အစီအစဉ် ဖော်ပြထားခြင်း မရှိခြင်း၊ မြေလက်ဝါးကြီးအုပ်မှု သို့မဟုတ် မြေပြုပြင်ပြောင်းလဲမှုတို့နှင့် ပတ်သက်၍ ထည့်သွင်းဖော်ပြထားမှု မရှိခြင်း၊ မြို့ပြများရှိ ဝင်ငွေနည်းပါးသူများအတွက် မြေပိုင်ဆိုင်ခွင့် ရရှိရေး ကိစ္စများ ဖော်ပြထားခြင်း မရှိသေးကြောင်းနှင့် မြေယာအသုံးချမှု မူဝါဒတွင် ထည့်သွင်းဖော်ပြသင့်ကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းများက သဘောထားသုံးသပ်ချက် ပေးပို့ခဲ့ကြောင်း သိရသည်။အလားတူ FAO ကလည်း အမျိုးသားမြေအသုံးချမှု မူဝါဒ၏ အခြေခံသဘောတရားများမှာ မူဝါဒမူကြမ်းတွင် လူ့ဂုဏ်သိက္ခာ၊ လူတန်းစားခွဲခြားမှု မရှိခြင်း၊ အားလုံးပါဝင်သည့် ရေရှည်တည်တံ့စေသောနည်းလမ်း၊ အကြံပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာများကို ပြည့်စုံစွာဖော်ပြထားခြင်း မရှိကြောင်း သုံးသပ်ခဲ့သည်ဟု သိရသည်။ပထမအကြိမ် မြေအသုံးချမှုကျွမ်းကျင်သူ စားပွဲဝိုင်းဆွေးနွေးပွဲကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ဒုတိယအကြိမ် မြေယာအသုံးချမှု မူဝါဒဆိုင်ရာ ကျွမ်းကျင်သူဆွေးနွေးပွဲသို့ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ JICA၊ Oxfam၊ World Bank၊ USAID တို့မှ ကိုယ်စားလှယ်များနှင့် ပြည်တွင်းမှ ကျွမ်းကျင်သူများ စုစုပေါင်း ၁၁၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။၂ဝ၁၂ ခုနှစ် ဇွန်တွင် နိုင်ငံတော်မြေယာအသုံးချမှု စိစစ်ဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး နှစ်နှစ်အတွင်း မြန်မာနိုင်ငံ မြေအသုံးချမှုမူဝါဒ ပဉ္စမမူကြမ်းအထိ ပြီးမြောက်ခဲ့ကြောင်း၊ ၂ဝ၁၄ ခုနှစ် နှစ်လယ်တွင် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီး နိုင်ငံတော်သမ္မတထံ တင်ပြနိုင်ခဲ့ကြောင်း၊ ယင်းကို နိုင်ငံတော်သမ္မတက အသိအမှတ်ပြုခဲ့ပြီးနောက် အများပြည်သူ ပါဝင်သည့် မြေယာအသုံးချမှုမူဝါဒ ဖြစ်စေရန်အတွက် လူထုနှင့် တွေ့ဆုံဆွေးနွေးပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ နေရာ ၁၇ ခုတွင် နိုဝင်ဘာ ၁၇ ရက်မှ ၃ဝ ရက်အထိ ကျင်းပခဲ့ပြီး ယခုကဲ့သို့ ကျွမ်းကျင်သူစကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က ပြောကြားသည်။အဆိုပါ တွေ့ဆုံဆွေးနွေးမှုများမှ အကြံပြုချက်ပေါင်း ၉ဝ၉ ချက်အထိ ရရှိထားကြောင်း၊ မြေအသုံးချမှုမူဝါဒ မူကြမ်းတွင် ပြန်လည်ထည့်သွင်းသွားမည်ဖြစ်ကြောင်း မြေယာအသုံးချမှု ပြန်လည်စိစစ်ရေး ကော်မတီဝင် ဦးအေးမောင်စိန်က ပြောကြားသည်။