ရန်ကုန်စတော့အိတ်ချိန်း ဖော်ဆောင်မှုမှာ ရာခိုင်နှုန်း ၆၀ မှ ရာခိုင်နှုန်း ၇၀ အထိ ပြီးစီးနေဟု ဘဏ္ဍာရေးဒုဝန်ကြီး ပြောကြား

ရန်ကုန်စတော့အိတ်ချိန်း ဖော်ဆောင်မှုမှာ ရာခိုင်နှုန်း ၆၀ မှ ရာခိုင်နှုန်း ၇၀ အထိ ပြီးစီးနေဟု ဘဏ္ဍာရေးဒုဝန်ကြီး ပြောကြား
Published 9 March 2015
နွဲ့ယဉ်အေး၊ သန်းထိုက်အောင်

၂ဝ၁၅ ခုနှစ် အောက်တိုဘာတွင် အကောင်အထည်ပေါ်မည်ဟု လျာထားသော ရန်ကုန်စတော့အိတ်ချိန်း ဖော်ဆောင်မှုမှာ ရာခိုင်နှုန်း ၆ဝ မှ ရာခိုင်နှုန်း ၇ဝ အထိ ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက် သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
“စတော့အိတ်ချိန်းက ၇၅ ရာခိုင်နှုန်း အထိကို ပြီးပြီလို့ဆိုနိုင်တယ်။ လျှော့ပေါ့ပြောရင် ၆ဝ ကနေ ၇ဝ ရာခိုင်နှုန်းအထိတော့ လုံးဝပြီးစီးနေပါပြီ” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် စတော့အိတ်ချိန်း အဆောက်အအုံကို ပြင်ဆင်ရန် ကန်ထရိုက်တာများကို တင်ဒါခေါ်ယူပြီးဖြစ်ပြီး ICT ပိုင်း ပြင်ဆင်မှုများ ပြုလုပ်ရန်လည်း တင်ဒါခေါ်ယူထားပြီးဖြစ်ကြောင်း သိရသည်။
“စည်ပင်က အဆောက်အအုံကို မေလနောက်ဆုံးထားပြီး ပြင်ဆင်ဖို့ပြောထားတဲ့အတွက် အဲဒီမတိုင်မီပြီးစီးပါမယ်။ ICT ပိုင်းရပြီးရင်လည်း ကေဘယ်ကြိုးတွေ ချိတ်ဆက်ဖို့ MPT ကို လျောက်လွှာတင်ထားပြီးပါပြီ” ဟု အဆောက်အအုံ ပြုပြင်မှုအခြေအနေကို ဒေါက်တာမောင်မောင်သိမ်းက ရှင်းလင်းပြောကြားသည်။
ရန်ကုန်စတော့အိတ်ချိန်း (YSX) ကို အကောင်အထည်ဖော်နေရာ လက်ရှိအချိန်တွင် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (Securities and Exchange Commission of Myanmar-SECM) ကို ဖွဲ့စည်းပြီးဖြစ်သည်။
လက်ရှိကာလကို အသွင်ကူးပြောင်းဆဲ ကာလအဖြစ် သတ်မှတ်ထားသဖြင့် SECM ကို ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် ထားရှိမည်ဖြစ်ပြီး အသွင်ကူးပြောင်းဆဲကာလကို ငါးနှစ်သတ်မှတ်ထားကြောင်း သိရ သည်။
ရန်ကုန်စတော့အိတ်ချိန်းကို မြန်မာ့စီး ပွားရေးဘဏ်က ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဘက်မှ Daiwa Group နှင့် Japan Exchange Group တို့က ၄၉ ရာခိုင်နှုန်းဖြင့် အသီးသီး ထည့်ဝင်လုပ်ဆောင် ကြမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာအတွင်းက နှစ်ဦးနှစ်ဖက် သဘောတူစာချုပ် ရေးထိုးကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင်လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လိုင်စင်ရရှိပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးငွေကြေးဈေး ကွက်ဖြစ်လာမည့် ရန်ကုန်စတော့အိတ်ချိန်း YSX ကို ကမ္ဘာ့နိုင်ငံများသာမက ပြည်တွင်းမှ လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံလိုသူများကလည်း စိတ်ဝင်စားမှု အထူးမြင့်တက်လျက် ရှိကြောင်း သိရသည်။
“စတော့အိတ်ချိန်း ပေါ်ပေါက်လာတော့ အိမ်ခြံမြေ၊ ရွှေ၊ ဒေါ်လာတို့မှာချည်း စုပြုံရင်း နှီးမြှုပ်နှံနေရာကနေ အခြားရင်းနှီးမြှုပ်နှံစရာ နေရာတစ်ခု ပေါ်ထွက်လာမှာ ဖြစ်တဲ့အတွက် ကောင်းပါတယ်။ မြန်မာနိုင်ငံသားတွေက ရင်းနှီးမြှုပ်နှံရမယ့် နေရာငတ်နေကြတာမို့ အခုလို စတော့အိတ်ချိန်းမှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေတာဖြစ်ပါတယ်” ဟု စတော့အိတ်ချိန်းတွင် ရင်းနှီးမြှုပ်နှံရန် လေ့လာနေသူတစ်ဦးက ပြောကြားသည်။
 
 
 

Most Read

Most Recent