ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျောင်းသားများနှင့် ၎င်းတို့ကို ထောက်ခံသူများအား အင်အားသုံး ဖြိုခွင်းခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား မေးခွန်းထုတ်သည့် အဆိုအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြထားကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ယင်းအဆိုကို မတ် ၆ ရက်တွင် တင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က လက်ခံခဲ့ကြောင်း သိရသည်။“ကျောင်းသားတွေကို အင်အားသုံးဖြိုခွင်းတဲ့ဖြစ်စဉ် မတ် ၅ ရက်မှာ ဖြစ်ခဲ့တယ်။ ဒါကြောင့် အန်တီ မတ် ၆ ရက်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌထံကို ဒီကိစ္စကို သိသလားမေးတယ်။ ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို မေးခွန်းထုတ်တဲ့အဆိုကို အန်တီတင်ခဲ့တယ်။ ဘယ်လိုအကြောင်းအရာတွေ ပါလဲဆိုတာတော့ အန်တီပြောပြလို့ မရပါဘူး” ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက မတ် ၇ ရက်တွင် ပြောကြားသည်။လက်ပံတန်းမြို့တွင် ပိတ်မိနေသည့် ပင်မသပိတ်စစ်ကြောင်းအား အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခြင်း မပြုရန် ရန်ကုန်မြို့ရှိ ကျောင်းသားများက တတိယနေ့အဖြစ် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် မတ် ၅ ရက်က ဆန္ဒထုတ်ဖော်စဉ် လက်ပတ်အနီ ပတ်ထားသည့် အရပ်သား စွမ်းအားရှင်များကိုပါ အသုံးပြုကာ ကျောင်းသားများနှင့် ၎င်းတို့အား ထောက်ခံသူများကိုပါ အင်အားသုံး ရိုက်နှက်ဖြိုခွင်းပြီး ကျောင်းသားအချို့နှင့် ပါဝင်သူအချို့အား ဖမ်းဆီးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ယင်းဖြစ်စဉ်အပေါ် အဖွဲ့အစည်း အသီးသီးကလည်း ကန့်ကွက်ခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှုကွန်ရက် (NNER) ၏ အဖွဲ့ဝင်လည်းဖြစ်သည့် ဒေါက်တာညိုညိုသင်းအနေဖြင့် ယင်းကိစ္စအပေါ် ကန့်ကွက်ကြောင်းနှင့် ဝမ်းနည်းကြောင်း ပြောကြားသည်။“ဒီမိုကရေစီအစိုးရ အနေနဲ့ ဒီလိုအကြမ်းဖက်လုပ်တာမျိုး မဖြစ်သင့်ဘူး။ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်နေပါတယ်။ ဒီဖြစ်စဉ်အပေါ် စိတ်မကောင်းဘူး။ အထူးစိတ်မကောင်းဖြစ်ရတဲ့ အချက်ကတော့ မြို့လယ်ကောင်မှာ မိန်းကလေးတစ်ယောက်ကို ဆံပင်ဆေးဆိုးထားတဲ့ ကောင်လေးတစ်ယောက်က လည်ပင်းညှစ်နေတဲ့ပုံက နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေပါတယ်။ အမျိုးသမီးတွေကို အကြမ်းဖက်တဲ့ ပုံစံမျိုးလည်း ဖြစ်နေတယ်။ အန်တီနဲ့ သိကျွမ်းတဲ့ နိုင်ငံတကာ အဖွဲ့အစည်းအတွေက နိုင်ငံခြားသားအချို့က ဒီလို အမျိုးသမီး အကြမ်းဖက်ခံရတဲ့အပေါ်မှာ ဘယ်လိုအမြင်ရှိသလဲလို့ အန်တီကို မေးကြတယ်” ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။ယင်းသို့ ကျောင်းသားများအား ဖြိုခွင်းရာတွင် သုံးစွဲခဲ့သည့် အရပ်ဝတ် သုံးစွဲမှုများမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်သာ သက်ဆိုင်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က DVB ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။သို့သော် ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ၎င်း၏ဖုန်းမှာ စက်ပိတ်ထားပြီး လူကိုယ်တိုင်တွေ့ဆုံမေးမြန်းရန် ကြိုးပမ်းရာတွင်လည်း အစည်းအဝေးများရှိနေ၍ မအားကြောင်းသာ ၎င်း၏ကိုယ်ရေးအရာရှိက ပြန်လည်ပြောကြားသည်။
ကျောင်းသားများနှင့် ၎င်းတို့ကို ထောက်ခံသူများအား အင်အားသုံးဖြိုခွင်းခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား မေးခွန်းထုတ်သည့်အဆို လွှတ်တော်သို့ တင်ပြ