မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၁၅ ရွေးကောက်ပွဲအပေါ် မူတည်နေမည်ဖြစ်ကြောင်း Oxford Business Group ၏ အစီရင်ခံစာတွင် ဖော်ပြ

မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၁၅ ရွေးကောက်ပွဲအပေါ် မူတည်နေမည်ဖြစ်ကြောင်း Oxford Business Group ၏ အစီရင်ခံစာတွင် ဖော်ပြ
Published 8 March 2015
အငယ်ထွေး

မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ရေတိုကာလ မျှော်မှန်းချက်အရ ၂ဝ၁၅ ရွေးကောက်ပွဲအပေါ် မူတည်နေမည်ဖြစ်ကြောင်း Oxford Business Group ၏ အစီရင်ခံစာ (2015 report of Myanmar) တွင် ဖော်ပြထားသည်။မြန်မာနိုင်ငံသည် ၂ဝ၁၂ ခုနှစ်မှစ၍ နိုင်ငံတကာ အီးယူနှင့် အနောက်နိုင်ငံများမှ ပိတ်ဆို့ထားသော စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပေးပြီးနောက်ပိုင်း စီးပွားရေး တိုးတက်ကောင်းမွန်လာခဲ့ကြောင်း၊ အရှေ့တောင်အာရှ နိုင်ငံများအတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးတိုးတက်မှု အားကောင်းလာကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် စိုက်ပျိုးရေး၊ ရေထုတ်ကုန်ပစ္စည်း၊ သစ်တော စသည့်ကဏ္ဍများသည် အလားအလာရှိနေသော ကဏ္ဍများဖြစ်ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ယင်းတို့သည် မြင့်မားဂျီဒီပီ၏ ၃ဝ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ထုတ်လုပ်မှုကဏ္ဍကိုမူ ဒုတိယ အလားအလာရှိသည့် ကဏ္ဍအဖြစ် တွေ့ရှိရပြီး ၂ဝ၁၂ ခုနှစ်တွင် ဂျီဒီပီ၏ ၁၉ ဒသမ ၉ ရာခိုင်နှုန်း ရှိနေကြောင်း၊ အလားတူ ပို့ဆောင်ရေးနှင့် တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍသည် ၁၃ ဒသမ ၃ ရာခိုင်နှုန်းရှိနေကာ သတ္တုတွင်းကဏ္ဍမှ ၆ ဒသမ ၁ ရာခိုင်နှုန်း ရှိနေကြောင်း ဖော်ပြထားသည်။ထို့ပြင် ၂ဝ၁ဝ ပြည့်နှစ်တွင် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည့်အတွက် စီးပွားရေးတိုးတက်မှုသည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ခန့်မှန်းမှုအရ ရှစ်ရာခိုင်နှုန်းကျော်အထိ တိုးတက်လာခဲ့ကြောင်း၊ ထို့အတွက် လာမည့်နှစ်များ၌လည်း မြန်မာ့စီးပွားရေး တိုးတက်လာနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ သို့သော် ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲရှိနေသည့်အတွက် နောက်ပိုင်းကာလ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (ရေတိုအားဖြင့်) သည် ရွေးကောက်ပွဲအပေါ် မူတည်နေကြောင်း သုံးသပ်ဖော်ပြထားသည်။“တကယ်တမ်းကျတော့လည်း သူတို့သုံးသပ်ထားတာ မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှသာလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အပါအဝင် တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလည်း တစ်ခါတည်း ပါလာမှာ ဖြစ်ပါတယ်။ ပြီးတော့ အခုအချိန်မှာ လက်ရှိအစိုးရရဲ့ ဆောင်ရွက်နေတဲ့ အတိုင်းအတာရယ်၊ တစ်နည်းအားဖြင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် အစိုးရသစ်ပေါ်မှာ အာဏာလွှဲပြောင်းမှု ရှိမရှိ ဆိုတာလည်း ကမ္ဘာက စောင့်ကြည့်နေမယ့် အနေအထားမျိုးပါ။ တစ်နည်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုတာ နိုင်ငံရေးအပေါ် မူတည်ပါတယ်။ ကောင်းမွန်တဲ့ နိုင်ငံရေးစနစ် ပေါ်ထွန်းလာဖို့ကလည်း ရွေးကောက်ပွဲကနေပြီး တရားမျှတတဲ့ အစိုးရတစ်ရပ် ပေါ်ထွက်လာတဲ့အပေါ်မှာ အခြေခံပြီးတော့ အခုလို ထုတ်ပြန်ချက်တွေ ထွက်လာတာလည်း ဖြစ်နိုင်ပါတယ်” ဟု နေပြည်တော် ဥတ္တရသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားသည်။ယင်းကဲ့သို့ နိုင်ငံရေးစနစ် ကောင်းမွန်လာရန် ကောင်းမွန်သော အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာရေးသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုသည် ဆိုသော်လည်း လက်ရှိအခြေအနေသည် နိုင်ငံရေးအရ မတည်ငြိမ်မှုများလည်း ရှိနေကြောင်း သိရသည်။“လက်ရှိ နိုင်ငံရေး အခင်းအကျင်းကတော့ အားလုံးသိတဲ့ အတိုင်းပဲ။ တစ်ပိုင်းက ဒီမိုကရေစီနိုင်ငံအဖြစ် သွားချင်တဲ့သူတွေရဲ့ လိုလားချက်ဆန္ဒတွေကို အလွှာအသီးသီးကနေ ဖော်ထုတ်နေကြတာ ရှိတယ်။ အဲဒီအပေါ်မှာ ဒီမိုကရေစီယဉ်ကျေးမှုဖြစ်တဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေး အဖြေရှာတဲ့နည်းနဲ့ ဖြေရှင်းနိုင်ဖို့ လိုတယ်။ ဒီမှာ တစ်ဖက်တည်းကိုပြောတာ မဟုတ်ပါဘူး။ နှစ်ဖက်စလုံးကို ပြောတာပါ။ ဒီမိုကရေစီ ယဉ်ကျေးမှုဆိုတာ အပေးအယူ အလျှော့အတင်း လုပ်နိုင်တဲ့ အနေအထား၊ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နိုင်တဲ့ အနေအထား၊ နောက်အစွန်းတရားတွေကို ရှောင်နိုင်ဖို့လည်း လိုပါတယ်။ အဲဒီအချိန်မှာ အဓိကအကျဆုံးက အကြမ်းမဖက်ဘဲနဲ့ အေးအေးဆေးဆေး သိမ်သိမ်မွေ့မွေ့နဲ့ ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ဒီလို အခင်းအကျင်းမျိုးတွေ ပေါ်လာမှသာ ကောင်းမွန်တဲ့ နိုင်ငံရေး အခင်းအကျင်းတစ်ခု ဖြစ်လာပြီး ကောင်းမွန်တဲ့စီးပွားရေးဆိုင်ရာ အဝန်းအဝိုင်းတစ်ခုလည်း ဖြစ်လာမှာပါ” ဟု ဦးမင်းသူက ပြောကြားသည်။
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် အစိုးရသစ်ပေါ်မှာ အာဏာလွှဲပြောင်းမှု ရှိမရှိ ဆိုတာလည်း ကမ္ဘာက စောင့်ကြည့်နေမယ့် အနေအထားမျိုးပါ။ တစ်နည်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုတာ နိုင်ငံရေးအပေါ် မူတည်ပါတယ်။ ကောင်းမွန်တဲ့ နိုင်ငံရေးစနစ် ပေါ်ထွန်းလာဖို့ကလည်း ရွေးကောက်ပွဲကနေပြီး တရားမျှတတဲ့ အစိုးရတစ်ရပ် . . . . .

လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သော ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု အားကောင်းနေဆဲဖြစ်ကြောင်း၊ ဘဏ္ဍာနှစ် မကုန်ဆုံးမီတွင် အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံနီးပါး ရှိနေပြီဖြစ်သည့်အတွက် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် တစ်နှစ်လုံး၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏထက်ပင် များနေသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဧပြီမှ ဇန်နဝါရီအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၆၉၅၅ ဒသမ ၂၃၈ သန်း (ခုနစ်ဘီလျံနီးပါး) ရှိပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၁ဝ၇ ဒသမ ဝ၅၅ သန်းသာ ရှိသည့်အတွက် ပြီးခဲ့သည့်နှစ်ထက် အမေရိကန်ဒေါ်လာ ၂၈၄၈ ဒသမ ၁၈၃ သန်း ပိုများနေကြောင်း သိရသည်။မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများအနက် တရုတ်၊ ထိုင်း၊ ဟောင်ကောင်နှင့် စင်ကာပူတို့သည် ရင်းနှီးမြှုပ်နှံမှု အများအပြားလုပ်နေသည့် နိုင်ငံဖြစ်ကြောင်း၊ ထို့အတူ အီးယူနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗြိတိန်နိုင်ငံသည် အဆင့် (၅) တွင်ရှိနေပြီး အာဆီယံသုံးနိုင်ငံထဲတွင် တစ်နိုင်ငံဖြစ်ကြောင်း၊ ကိုရီးယားသည် အဆင့် (၆) တွင် ရှိနေကြောင်း၊ အလားတူ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ဂျပန်၊ အိန္ဒိယ၊ နယ်သာလန်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ ဩစတြေးလျ၊ ရုရှား စသည့် နိုင်ငံများသည်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်မှုအရ ၂ဝ၁၅ ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံပေါင်း ၃၇ နိုင်ငံအား ခွင့်ပြုပေးထားသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၅၃ ဒသမ ၁၇ဝ ဘီလျံရှိနေပြီး ယင်းအနက် အမှန်တကယ် ကျန်ရှိသည့် ပမာဏ (Existing) မှာ ဒေါ်လာ ၄၃ ဒသမ ၁ဝ၆ ဘီလျံရှိကြောင်း သိရသည်။
ဒီလိုပြဿနာတွေ ကြာလို့ရှိရင် စီးပွားရေး ကပ်ဆိုက်သွားနိုင်တယ်။ ဒါက နောက်တစ်ဆင့်ပါ။ အမြန်ဆုံး ရုန်းထွက်နိုင်ရင် ကောင်းပါတယ်။ အခုဖြစ်နေတဲ့ ကျောင်းသားကိစ္စတွေ၊ အလုပ်သမားကိစ္စတွေ တိုင်းပြည်စီးပွားရေးအတွက် Negative Impact ဖြစ်စေတယ် . . . . .

“တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေကို လေ့လာသုံးသပ်တဲ့အခါမှာ များသောအားဖြင့် နိုင်ငံရေး တည်ငြိမ်မှုကို ထည့်တွက်လေ့ ရှိကြတယ်။ ဒါလည်း အတိုင်းအတာတစ်ခု အထိတော့ မှန်ပါတယ်။ ဒါကြောင့် ၂ဝ၁၅ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ အခင်းအကျင်းလို့ပြောရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ထည့်သွင်းစဉ်းစားကြမယ်လို့ ထင်ပါတယ်” ဟု မြန်မာ့စီးပွားရေး လေ့လာသူ ဦးမြင့်သောင်းက ပြောကြားသည်။မြန်မာနိုင်ငံသည် အကူးအပြောင်းကာလ၏ အစောပိုင်းတွင် စီးပွားရေးတိုးတက် ကောင်းမွန်လာခဲ့ကြောင်း ၂ဝ၁၁ မှစ၍ ၂ဝ၁၄ ခုနှစ်အထိ နှစ်စဉ် ရင်းနှီးမြှုပ်နှံမှုများလည်း မြင့်တက်နေကြောင်း၊ ၂ဝ၁၅ ခုနှစ် အစပိုင်းတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်လာနေဆဲဖြစ်ကြောင်း၊ သို့သော် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်သည် လာမည့် ဧပြီမှ စတင်မည်ဖြစ်ရာ ယင်းနှစ်၏ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ၂ဝ၁၅ နိုဝင်ဘာတွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် မူတည်မည်ဟု ခန့်မှန်းချက်များလည်း ထွက်ပေါ်နေကြောင်း သိရသည်။“ရွေးကောက်ပွဲနဲ့ ပတ်သက်ရင်တော့ အီးယူနိုင်ငံ အနေနဲ့ အမေရိကန်ကတော့ စောင့်ကြည့်သွားမယ်ဆိုတဲ့သဘော ပြောတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မဖြစ် ဆိုတာနဲ့ တကယ်လို့ ဖြစ်သွားတယ်ဆိုရင်တော့ နောက်ပိုင်းမှာ သူတို့ဝင်လာကြလိမ့်မယ်။ ဒါပေမဲ့ အာရှနိုင်ငံတွေကျတော့ လုပ်သာကိုင်သာတဲ့ အခင်းအကျင်းဆိုတာ ကြည့်မယ်။ Doing Business Report မှာ အခုအချိန်အထိ မြန်မာနိုင်ငံဟာ အောက်ဆုံးအဆင့်မှာ ရှိနေတုန်းပဲ။ ဝန်ကြီးဌာနတွေရဲ့ လုပ်ဆောင်ချက်တွေကို တကယ်လုပ်ဆောင်ခြင်း ရှိမရှိဆိုတဲ့ Delivery Unit တွေ ဘာတွေ မရှိသေးပါဘူး။ ဒါတွေကလည်း အခုအချိန်ထိ အားနည်းချက်တွေ ရှိနေတုန်းပါပဲ” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာမောင်မောင်လေးက ဆိုသည်။ အလားတူ လက်ရှိအချိန်၌ ဖြစ်ပေါ်နေသော ပြဿနာများသည် တိုင်းပြည်မတည်ငြိမ်မှုကို ဖြစ်ပေါ်စေကြောင်း၊ ယင်းကဲ့သို့ မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေပါက စီးပွားရေးလုပ်ငန်းများ လုပ်သာကိုင်သာ မဖြစ်တော့သည့်အတွက် စီးပွားရေးကို ကျဆင်းစေနိုင်ကြောင်း၊ လက်ရှိတွင် မြန်မာ့စီးပွားရေး တုံ့ဆိုင်းနေကြောင်း သမ္မတ၏ စီးပွားရေးအကြံပေးဖြစ်သူ ဒေါက်တာမောင်အောင်က ပြောကြားသည်။“ဒီလိုပြဿနာတွေ ကြာလို့ရှိရင် စီးပွားရေး ကပ်ဆိုက်သွားနိုင်တယ်။ ဒါက နောက်တစ်ဆင့်ပါ။ အမြန်ဆုံး ရုန်းထွက်နိုင်ရင် ကောင်းပါတယ်။ အခုဖြစ်နေတဲ့ ကျောင်းသားကိစ္စတွေ၊ အလုပ်သမားကိစ္စတွေ တိုင်းပြည်စီးပွားရေးအတွက် Negative Impact ဖြစ်စေတယ်။ လက်ရှိအချိန်မှာ တရုတ်မြန်မာ နယ်စပ်ဘက်မှာလည်း ကုန်သွယ်ရေးက ကျဆင်းနေတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က မိုင်းခွဲတဲ့ကိစ္စတွေ ဘာတွေနဲ့ဆိုတော့ ကုန်ကားတွေလည်း မသွားကြတော့ဘူး။ ဒါကြောင့် ကုန်သည်တွေဘက်ကလည်း ကြောက်နေတဲ့အပိုင်း ရှိတယ်။ ကုန်သည်တွေဘက်ကလည်း အရင်းအနှီးနဲ့ လုပ်ရတာဆိုတော့ လွဲမှားသွားမှာကြောက်တယ်။ နောက်ထပ် ထပ်မဖြစ်ဘူး ဆိုရင်တောင် အချိန်ထပ်ယူရမယ်။ ပြီးခဲ့တဲ့နှစ်တွေမှာတော့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေကနေပြီး မြန်မာ့စီးပွားရေး အလားအလာနဲ့ ပတ်သက်ပြီး ၇ ဒသမ ၈ ရာခိုင်နှုန်းကြားနဲ့ ရှစ်ရာခိုင်နှုန်းကြားလောက်ကို ခန့်မှန်းတွက်ချက်ကြတယ်။ အဲဒါက အရင်တုန်းက အခြေအနေပါ။ အခုဖြစ်နေတဲ့ ပြဿနာတွေက စီးပွားရေးမှာ တော်တော်ထိခိုက်မှု ရှိပါတယ်။ အခုအချိန်မှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ ဖိတ်ခေါ်နေတဲ့အချိန် အခုဖြစ်နေတာတွေ အားလုံးက တိုင်းပြည်ရဲ့ Image ကို ထိခိုက်နေပြီ၊ ဒါတွေကို ပြဿနာတွေကို အချိန်မီဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ဘူး ဆိုရင်တော့ စီးပွားရေးအလားအလာ သိပ်မကောင်းနိုင်ဘူး” ဟု ၎င်းက ဆက်လက်သုံးသပ်ခဲ့သည်။“ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် အမေရိကန်နဲ့ အီးယူက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မဖြစ် စောင့်ကြည့်မယ်လို့ ပြောလာတယ်။ ပြည်သူက ဒီအပေါ်မှာ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို ကြည့်သွားမှာ ဖြစ်တယ်။ ပြည်သူက လက်မခံဘူးဆိုရင် သူတို့ရဲ့ တုံ့ပြန်မှုကလည်း တစ်မျိုးဖြစ်သွားမယ်။ ဒါကြောင့် အများစုလက်ခံနိုင်တဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်ဖို့ အရေးကြီးပါတယ်။ ပြည်သူရော၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရော ရွေးကောက်ပွဲဟာ သမာသမတ် ကျပါတယ် ဆိုတာကို လက်ခံနိုင်မယ် ဆိုရင်တော့ အောင်မြင်သွားမှာပါ။ အဲဒီအဆင့်မှာ အောင်မြင်သွားပြီဆိုရင် လောလောဆယ်မှာ အဟန့်အတားဖြစ်နေတဲ့ အမေရိကန်ဆန်ရှင်က လွတ်သွားနိုင်တယ်။ အဲဒါလွတ်သွားရင် လုပ်ငန်းတွေလုပ်ရတာ တော်တော်အဆင်ပြေသွားမယ်။ စီးပွားရေးကလည်း အတိုင်းအတာ တစ်ခုအထိ ပြန်ပွင့်သွားမယ်။ ထိုနည်းတူစွာ ကျွန်တော်တို့နဲ့ ဆက်ဆံတဲ့ နိုင်ငံတွေလည်း များလာမယ်။ ကူညီပေးတဲ့ သူတွေလည်း များလာမှာပါ။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတာကို ပြန်ကြည့်မယ်ဆိုရင် စီးပွားရေးက အဓိကပါ။ ၁၉၆၂ ခုနောက်ပိုင်းကစပြီး မြန်မာ့စီးပွားရေးကို ပြန်ကြည့်မယ်ဆိုရင် အစိုးရတွေအားလုံးဟာ စီးပွားရေးကို နာလန်ထူအောင် လုပ်မပေးနိုင်တဲ့အတွက် နိုင်ငံရေးမှာ ကျဆင်းလာတာပါ။ ဒါကြောင့် ပြည်သူကလည်း အစိုးရအဆက်ဆက်ပေါ်မှာ ကျေနပ်မှု မရှိကြဘူး။ ကျွန်တော်တို့က ဒီရွေးကောက်ပွဲ ပြီးသွားတဲ့အခါမှာ စီးပွားရေးအခွင့်အလမ်း ပွင့်သွားမယ်ဆိုရင် ဘယ်အစိုးရပဲတက်တက် တက်လာတဲ့အစိုးရက မှန်မှန်ကန်ကန် လုပ်မယ်၊ မျှမျှတတ လုပ်မယ်ဆိုရင်၊ ပြည်သူကလည်း ကြိုက်တယ်ဆိုရင် စီးပွားရေးလည်း ပြန်ကောင်းလာမှာပါ။ ဒါကြောင့် ပထမတစ်ချက်က ရွေးကောက်ပွဲကို တရားမျှတစွာလုပ်ပေးဖို့ လိုပါတယ်။ ဒုတိယတစ်ချက်ကတော့ တိုင်းရင်းသားပြဿနာတွေ ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ တိုင်းရင်းသားပြဿနာတွေ မဖြေရှင်းနိုင်လို့ ရှိရင်လည်း အဲဒီဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်လို့ မရပါဘူး။ ဒါကြောင့် ပထမဦးစားပေးက ရွေးကောက်ပွဲဆိုင်ရာ အခင်းအကျင်း ဖြစ်နေပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ မြန်မာ့စီးပွားရေးလည်း အပြောင်းအလဲ ဖြစ်သွားမှာပါ” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးနှင်းဦးက ပြောကြားသည်။“နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့သူတွေက အဲဒီနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှုနဲ့ အဲဒီနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ အချက်အလက်တွေကို ကြည့်လေ့ရှိပါတယ်။ အခု နိုင်ငံတကာကလည်း ၂ဝ၁၅ ရွေးကောက်ပွဲရဲ့ အခြေအနေတွေ အပေါ်မှာ ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲမှုတွေ ရှိမလဲ စောင့်ကြည့်နေပါတယ်။ အခုဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် ဝင်မလာသေးဘူး။ မဝင်လာသေးဘူး ဆိုတာက ကျွန်တော်တို့ တိုင်းပြည်မှာ အခုသိတဲ့အတိုင်းပဲ နိုင်ငံရေးအကျပ်အတည်းတွေ၊ ဖြစ်နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ ဖြစ်ပေါ်တဲ့ နိုင်ငံရေးအကျပ်အတည်းတွေ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်တဲ့ နိုင်ငံရေးအကျပ်အတည်းတွေ၊ အခုတစ်ခါ ပညာရေးဥပဒေအပေါ်မှာ ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းတွေ ရှိနေတယ်။ အဲဒီအချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၂ဝ၁၅ အလွန် ကာလကိုပဲ စောင့်ကြည့်နေပြီးတော့ ရင်းနှီးမြှုပ်နှံမှုက ထင်သလောက် မဝင်နိုင်ဘူးလို့ ယူဆပါတယ်။ ဒါကြောင့် အခု Oxford ကသုံးသပ်တဲ့ အစီရင်ခံစာမှာ ၂ဝ၁၅ ရွေးကောက်ပွဲပေါ်မှာ မူတည်လိမ့်မယ်လို့ ကောက်ချဆွဲထားတာ ဖြစ်နိုင်ပါတယ်” ဟု ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက ပြောကြားသည်။ 

Most Read

Most Recent