လွှတ်တော်ကိုယ်စားလှယ်များ လစာတိုးပေးမှုအပါအဝင် အစိုးရအသုံးစရိတ် မြင့်တက်နေသည့်အတွက် ယခုနှစ် ဘတ်ဂျက်လိုငွေ GDP ၏ ၅ ဒသမ၂၂ ရာခိုင်နှုန်း ရှိလာမည်ဟု သိရ

လွှတ်တော်ကိုယ်စားလှယ်များ လစာတိုးပေးမှုအပါအဝင် အစိုးရအသုံးစရိတ် မြင့်တက်နေသည့်အတွက် ယခုနှစ် ဘတ်ဂျက်လိုငွေ GDP ၏ ၅ ဒသမ၂၂ ရာခိုင်နှုန်း ရှိလာမည်ဟု သိရ
Published 7 March 2015
အငယ်ထွေး၊ နီလာ၊ ဆန်းထူးအောင်

လွှတ်တော်ကိုယ်စားလှယ်များ၏ လစာတိုးပေးမှု အပါအဝင် အစိုးရအသုံးစရိတ် မြင့်တက်နေသည့်အတွက် ယခုနှစ် ဘတ်ဂျက်လိုငွေသည် GDP ၏ ၅ ဒသမ ၂၂ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကြောင်း လှည်းကူးမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မတ် ၆ ရက်တွင် UMFCCI ၌ ကျင်းပခဲ့သော မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေငွေစာရင်းအကြို စကားဝိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။
 
“ကျွန်တော်တို့တိုင်းပြည်မှာ ဘတ်ဂျက်လိုငွေပြနေတဲ့ကိစ္စကို အခုလာမယ့် လွှတ်တော်မှာ ဆွေးနွေးရမယ့်ကိစ္စ ဖြစ်ပါတယ်။ လစာတိုးပေးမယ်တို့ ဘာတို့ဖြစ်လာတဲ့အတွက်  GDP ရဲ့ ၅ ဒသမ ၂၂ ရာခိုင်နှုန်း ရှိနေတာကို ထောက်ပြရမှာဖြစ်ပါတယ်။ လူထုရဲ့ ဝင်ငွေပေါ့။ 
တစ်နည်းအားဖြင့် အခွန်ကနေ ရနိုင်တဲ့ငွေက ၈ ဒသမ ၁၁ ရာခိုင်နှုန်းလောက်ပဲ ရှိနေပါသေးတယ်။ အာဆီယံနိုင်ငံတွေမှာ ကြည့်မယ်ဆိုရင် ၁ဝ ရာခိုင်နှုန်းအထက်မှာ ရှိနေကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဝင်ငွေရမှုအခွန်ဘဏ္ဍာ နည်းနေပါသေးတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
 
မြန်မာနိုင်ငံတွင် ဘတ်ဂျက်လိုငွေပြမှု နှစ်စဉ်ဖြစ်ပေါ်နေပြီး တစ်နှစ်ထက် တစ်နှစ် တိုးတက်လာသည်ကိုလည်း တွေ့ရှိရသည်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လိုငွေသည် ကျပ်သန်းပေါင်း ၂,ဝ၅၄,၄၇၅  ရှိခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ ၁,၉၅၃,၇၁၃ ရှိခဲ့ကြောင်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင်မူ ဘတ်ဂျက်လိုငွေ ၂,၉၂၆,၇၄၅ ဖြစ်ကြောင်း သိရသည်။
 
ယင်းကဲ့သို့ ဘတ်ဂျက်လိုငွေပြခြင်းသည် အစိုးရအသုံးစရိတ် မြင့်တက်နေသကဲ့သို့ အခွန်ကောက်ခံရရှိမှု အပိုင်းတွင်လည်း နည်းပါးနေခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့အတွက် အခွန်ကို စနစ်တကျကောက်ရန်လည်း လိုအပ်ကြောင်း၊ သို့သော်လည်း လုပ်ငန်းရှင်များအနေဖြင့် အခွန်ရှောင်တိမ်းမှုများလည်း ရှိနေကြောင်း သိရသည်။ 
 
ဘတ်ဂျက်ကို ခွဲဝေအသုံးချရာတွင်မူ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေးအတွက် အသုံးချမှုသည် ၁၆ ဒသမ ၄၆ ရာခိုင်နှုန်း၊ ကျန်းမာရေးတွင် ၂ ဒသမ ၈၄ ရာခိုင်နှုန်းနှင့် ပညာရေးတွင် ၅ ဒသမ ၆၂၁ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သိရသည်။
 
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင်မူ ကာကွယ်ရေးတွင် ၁၃ ဒသမ ၉၁ ရာခိုင်နှုန်း၊ ကျန်းမာရေးတွင် ၃ ဒသမ ဝ၉ ရာခိုင်နှုန်းနှင့် ပညာရေးတွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်း ရှိကြောင်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင်မူ ကာကွယ်ရေးတွင် ၁၂ ဒသမ ၄၆ ရာခိုင်နှုန်း၊ ကျန်းမာရေးတွင် ၃ ဒသမ ၄၆ ရာခိုင်နှုန်း နှင့် ပညာရေးတွင် ၆ ဒသမ ဝ၃ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။
 
ကာကွယ်ရေးအသုံးစရိတ်ကို ကြည့်ပါ က ၂ဝ၁၄ ခုနှစ်တွင် ရှေ့ပိုင်းနှစ်များထက် လျော့ကျခဲ့သော်လည်း ပြီးခဲ့သည့် ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၂ဝဝဝ ကျော်ရှိခဲ့ကြောင်း၊ ပထမပိုင်း ရသုံးမှန်းခြေငွေစာရင်းတွင် လိုငွေကို  ကျပ် ဘီလျံ ၂ဝဝဝ ကျော်သာ ပြထားခဲ့သော်လည်း နှစ်လယ်ပိုင်း ထပ်တိုးငွေတောင်းခံရာတွင် ကျပ်ဘီလျံ ၁ဝဝဝ ကျော် တိုးမြှင့်တောင်းခံခဲ့ကြောင်း သိရသည်။
 
“အစိုးရသစ်လက်ထက်မှာ ပြီးခဲ့တဲ့  ဘဏ္ဍာရေးနှစ် သုံးနှစ်စလုံးက ဘတ်ဂျက်လိုငွေ ပြနေပါတယ်။ အဲဒီ ဘတ်ဂျက်လိုငွေက ကျပ် ဘီလျံပေါင်း ၇၂ဝဝ ရှိပါတယ်။ ဒါကြောင့်မို့လို့ တိုင်းပြည်မှာရှိတဲ့ လူတွေက ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ကို တော်တော်ခံရမှာ ဖြစ်ပါတယ်။ အခုက လွှတ်တော်မှာတင်တဲ့အခါ ပထမအကြိမ်မှာ လျှော့ထားပြီး ဒုတိယအကြိမ်မှ ထပ်တင်တာလားဆိုတာမျိုး စဉ်းစားစရာဖြစ်နေပါတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ ၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာရေးနှစ်မှာ တရားဝင်ကြေညာထားတဲ့ ဘတ်ဂျက်လိုငွေဟာ ၂၇၅၁ ရှိပါတယ်။ နောက်ထပ် ထပ်ပြီး အပိုဆောင်းလိုက်တာက ကျပ်ဘီလျံ ၁ဝဝ၃ ဖြစ်ပါတယ်။ အဲဒီနှစ်ခုကို ပေါင်းလိုက်ရင် တော်တော်ကိုများနေပါတယ်”ဟု ဦးဇော်ဖေဝင်းက ပြောကြားသည်။
 
“ဒါကြောင့်မို့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ဘဏ္ဍာရေးက အင်မတန် အရေးကြီးပါတယ်။ ဘတ်ဂျက်လိုငွေက ငါးရာခိုင်နှုန်းကျော်ကို ရောက်နေတာဟာ မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ဝင်ငွေဟာ အလွန်အင်မတန်ကို နည်းနေပါတယ်။ နှစ်စဉ် စာရင်းစစ်ချုပ်အစီရင်ခံစာတွေ ထွက်နေပါတယ်။ အစီရင်ခံစာမှာလည်း ဘယ်ဝန်ကြီးဌာနက ဘယ်လိုသုံးတယ်ဆိုတာတွေ ပါရှိပါတယ်။ အဲဒီအတွက် ကန့်ကွက်ချက်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ စာရင်းစစ်ချုပ်ရဲ့ကန့်ကွက်ချက်တွေကို အရေးယူဆောင်ရွက်တဲ့အပိုင်းမှာ အရမ်းအားနည်းပါတယ်။ တကယ်တမ်းမှာ တိတိကျကျ အရေးယူဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒါကြောင့် ဘတ်ဂျက်ကို Check and Balance လုပ်နိုင်ဖို့ဆိုတဲ့ အခြေအနေက အလွန်နည်းနေပါသေးတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
 
“Check and Balance နဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အနေအထားက အစိုးရက အမြဲတမ်း ဗဟိုဘဏ်ကို သူ့ရဲ့လိုငွေအတွက် ဖြည့်ဆည်းပေးနိုင်ရမယ်ဆိုတဲ့ မူဝါဒရှိတယ်။ လောလောဆယ်မှာ အဲဒီမူဝါဒ အတိုင်း သွားနေတယ်။ ကျွန်တော်တို့နိုင်ငံမှာ Check and Balance ပျက်သွားတာ တော်တော်ကြာနေပါပြီ ဆိုရှယ်လစ်ခေတ်ကနေ ဒီနေ့အထိပါပဲ”ဟုကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင် က ပြောကြားသည်။
 

Most Read

Most Recent