ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လက်ပတ်အနီပတ် အရပ်သားစွမ်းအားရှင်များက ကျောင်းသားများကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုအားရှုတ်ချကြောင်း လှည်းတန်း၌ ကျောင်းသားများဆန္ဒပြနေစဉ် အရပ်သားများလည်းပူးပေါင်းပါဝင်

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လက်ပတ်အနီပတ် အရပ်သားစွမ်းအားရှင်များက ကျောင်းသားများကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုအားရှုတ်ချကြောင်း လှည်းတန်း၌ ကျောင်းသားများဆန္ဒပြနေစဉ် အရပ်သားများလည်းပူးပေါင်းပါဝင်
Published 6 March 2015

ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျောင်းသားများအား အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုအားရှုတ်ချကြောင်း လှည်းတန်းဈေးအနီး၌ ကျောင်းသားများနှင့်အတူ အရပ်သားများက မတ် ၆ ရက် ညနေ ၄ နာရီကျော်ခန့်တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။ထိုသို့ဆန္ဒပြရာ၌ ဆန္ဒပြကျောင်းသားများအား လက်ပတ်အနီပတ်စွမ်းအားရှင်များမှ ဝင်ရောက်အကြမ်းဖက်ဖြိုခွင်းမည်ကိုစိုးရိမ်၍ အနီးနားရှိ ပြည်သူ ၁၅၀ ကျော်မှဝန်းရံကာ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

လှည်းတန်း၌ဆန္ဒပြနေသူများအား တွေ့ရစဉ်
ယင်းသို့ဆန္ဒပြနေသည့်အနီးတွင် ရဲအင်အား ၁၅၀ ကျော်နှင့် အရပ်ဝတ် ၅၀ ကျော်တို့ လုံခြုံရေးယူနေမှုများရှိနေခဲ့ပြီး အရပ်ဝတ်များမှာ လက်ပတ်အနီများဝတ်ဆင်ထားခြင်းမရှိကြောင်း သိရသည်။ဆန္ဒပြကျောင်းသားများအနေဖြင့် လှည်းတန်းဈေးရှေ့မှ လှည်းတန်းစင်တာအထိ ကျောင်းသားသမဂ္ဂအလံများကိုင်ဆောင်ကာ "ကျောင်းသားများအား အကြမ်းဖက်ဖြိုခွင်းမှု အလိုမရှိ အလိုမရှိ" "ကျောင်းသားသပိတ်အောင်ရမည် အောင်ရမည်" စသည့် ကြွေးကြော်သံများကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အရပ်သားစွမ်းအားရှင်များက ကျောင်းသားများကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုအားရှုတ်ချကြောင်း လှည်းတန်း၌ဆန္ဒပြနေသူများအား တွေ့ရစဉ်"မြို့တော်ခန်းမရှေ့မှာ ကျောင်းသားတွေကို အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ စွမ်းအားရှင်တွေကို တစ်ခုပြောချင်ပါတယ်။ သူတို့ဒီလိုရိုက်နှက်တာဟာ ပိုက်ဆံပေးလို့ လုပ်တာလို့သိရတယ်။ ပိုက်ဆံကြောင့် ကျွန်တော်တို့ ကျောင်းသားတွေကိုမရိုက်နှက်ပါနဲ့ ပိုက်ဆံလိုချင်တယ်ဆိုရင် အခုကျွန်တော်လက်ထဲမှာ ပိုက်ဆံ ၈၀၀၀ ရှိပါတယ်။ လာယူလိုက်ပါ" ဟု ဆန္ဒပြရာတွင်ပါဝင်သည့် ကျောင်းသားတစ်ဦးကဆိုသည်။

တာဝန်ကျရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်ဆန္ဒထုတ်ဖော်ခဲ့သည့်ကျောင်းသားများအား ဝန်းရံပေးခဲ့သူတစ်ဦးက "မနေ့ကကျောင်းသားတွေကိုလုပ်သွားတာ အရမ်းကိုအောက်တန်းကျတယ်။ အစိုးရရဲ့အသုံးမကျမှုကို ကောင်းကောင်းကြီးသိလိုက်ရတယ်။ ဒါကြောင့် ဒီနေ့ဆန္ဒပြတဲ့ကျောင်းသားတွေကို ထပ်ပြီးအကြမ်းဖက်မှာစိုးလို့ လာပြီးဝန်းရံပေးရတာပါ" ဟု ဦးမိုးအေးကဆိုသည်။ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အင်အားသုံးအကြမ်းဖက်ဖြိုခွင်းခြင်းမပြုရန် မတ် ၃၊ ၄၊ ၅ ရက်များတွင် ရန်ကုန်မြို့အတွင်း ဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။ ထိုသို့ဆန္ဒထုတ်ဖော်ရာတွင် မတ် ၃ ရက်နှင့် ၄ ရက်များတွင် ကျောင်းသားများဆန္ဒပြရာတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များမှ လာရောက်တားမြစ်ခြင်းများရှိခဲ့ကြောင်း သိရသည်။သို့သော် ပြီးခဲ့သည့် မတ် ၅ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခြင်းမပြုရန် ဆန္ဒပြနေသည့်ကျောင်းသားများနှင့် ၎င်းတို့အားထောက်ခံသူများ စုစုပေါင်း ၁၀၀ ကျော်ကို လက်မောင်းတွင် လက်ပတ်အနီပတ်ဝတ်ဆင်ထားသည့် စွမ်းအားရှင်များက အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ထို့အပြင် လက်ပံတန်းမြို့တွင်ပိတ်မိနေသည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းမှ ကျောင်းသားလေးဦးနှင့် ကျောင်းသူတစ်ဦးတို့သည် မတ် ၆ ရက် နံနက်ပိုင်းတွင်  လက်ပံတန်းဈေးအနီး၌ ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့မှဖမ်းဆီးသွားကြောင်း သိရသည်။

Most Read

Most Recent