လက်ပတ်အနီပတ် အရပ်သားစွမ်းအားရှင်များကိုပါအသုံးပြု၍ ရဲတပ်ဖွဲ့က ကျောင်းသားများနှင့် ၎င်းတို့ကိုထောက်ခံသူများအားဖြိုခွဲ

လက်ပတ်အနီပတ် အရပ်သားစွမ်းအားရှင်များကိုပါအသုံးပြု၍ ရဲတပ်ဖွဲ့က ကျောင်းသားများနှင့် ၎င်းတို့ကိုထောက်ခံသူများအားဖြိုခွဲ
Published 5 March 2015

လက်ပံတန်းမြို့တွင်ပိတ်မိနေသည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့အနေဖြင့် အင်အားသုံးအကြမ်းဖက်ဖြိုခွဲခြင်းမပြုရန် ရန်ကုန်မြို့ရှိကျောင်းသားများက မတ် ၅ ရက် ညနေ ၄ နာရီတွင် တတိယနေ့အဖြစ် မြို့တော်ခန်းမရှေ့တွင် ဆန္ဒဖော်ထုတ်စဉ် လက်ပတ်အနီပတ် အရပ်သားစွမ်းအားရှင်များကိုပါအသုံးပြု၍ အစိုးရက ကျောင်းသားများနှင့် ၎င်းတို့ကိုထောက်ခံသူများအား အင်အားသုံး ရိုက်နှက်ဖြိုခွဲကာ ကျောင်းသားအချို့နှင့် ပါဝင်သူအချို့အားဖမ်းဆီးခဲ့ကြသည်။
 
ကျောင်းသားများစုရုံးဆန္ဒမပြမီ ညနေ ၃ နာရီခွဲခန့်ကပင် ကျောက်တံတားမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ညနေ ၃ နာရီခွဲတွင် မဟာဗန္ဓုလပန်းခြံရှေ့၌ ကားဖြင့်လာကာ လော်စပီကာဖြင့် သတိပေးတားမြစ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ယင်းနောက် ညနေ ၄ နာရီအချိန်တွင် ကျောင်းသားအယောက် ၅၀ ခန့်နှင့် ထောက်ခံသူ ၆၀ ကျော်တို့က မြို့တော်ခန်းမနှင့် မျက်နှာချင်းဆိုင်ပလက်ဖောင်းတွင် ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွဲခြင်းမပြုရန် ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့သည်။
 

ရဲတပ်ဖွဲ့က ကျောင်းသားများအား လက်ပတ်အနီပတ်အရပ်သားများအသုံးပြု၍ ရိုက်နှက်ဖမ်းဆီးစဉ်
 
ထိုသို့ဆန္ဒထုတ်ဖော်နေစဉ်အတွင်း "တာဝန်၊ စည်းကမ်း" ဟုစာတန်းပါသော လက်ပတ်အနီရောင်များပတ်ထားသည့် လူအယောက် ၃၀၀ ကျော်နှင့် ရဲတပ်ဖွဲ့အင်အား ၅၀၀ ကျော်က ဆန္ဒပြကျောင်းသားများအား စတင်ကာ ဝန်းရံပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။
 

အမျိုးသမီးများအား ကာယိန္ဒြေပျက်ပြားအောင် ရိုက်နှက်ဖမ်းဆီးစဉ်
 
ထို့ပြင်ဆန္ဒပြနေသော ကျောင်းသားများနှင့် အနီးတစ်ဝိုက်တွင် ရဲအင်အားများဖြင့် ပိတ်ဆို့ထားသည့်အပြင် မဟာဗန္ဓုလမ်းလမ်းမကြီးတစ်လျှောက်အား ရဲကားများဖြင့်လည်း ပိတ်ဆို့ထားကြောင်း သိရသည်။
 
ထို့နောက် ညနေ ၄ နာရီ မိနစ် ၂၀ ခန့်မှစတင်ကာ ဆန္ဒပြကျောင်းသား၊ ကျောင်းသူနှင့် ထောက်ခံသူများအား လက်ပတ်အနီရောင်ဝတ်ဆင်ထားသည့် လူများမှစတင်ကာ လက်သီးများဖြင့်ထိုးခြင်း၊ ခြေထောက်များဖြင့်ကန်ခြင်းတို့ပြုလုပ်ကာ လူစုကွဲရန်ပြုလုပ်ခဲ့သည်။
 

၈၈ ငြိမ်း/ပွင့်မှ မနီလာသိန်းနှင့် ကျောင်းသားများအား ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်စဉ်
 
"ပထမဦးဆုံးတာဝန်ဆိုတဲ့ စာသားပါတဲ့ လတ်ပတ်ဝတ်ထားတဲ့သူတွေက အရင်ဝင်ရိုက်တယ်။ ရုပ်တွေကမာမာထန်ထန်တွေနဲ့။ အကြမ်းဖက်မှုမဖြစ်ခင် သတင်းထောက်တွေက သူတို့ဘယ်ကလဲ၊ ဘယ်လိုတာဝန်ရှိလဲလို့ ဝိုင်းမေးတာတွေရှိတယ်။ မင်းတို့နဲ့မဆိုင်ဘူး။ သိစရာလည်းမလိုဘူးလို့ ပြန်ဖြေတာကြားရတယ်။ ကျောင်းသားတွေကို သူတို့ပဲအရင်စလုပ်တာ။ မိန်းကလေးတွေတောင်မချန်ဘူး။ မိန်းကလေးတစ်ယောက်ဆို လက်လိမ်ချိုးခံရပြီး ဖမ်းသွားတာတွေ့ရတယ်" ဟု ကျောင်းသားအကြမ်းဖက်နှိမ်နှင်းစဉ်အချိန်က အနီးတွင်ရှိသည့် ပြည်သူတစ်ဦးကဆိုသည်။
 
"ဒီလိုကျောင်းသားတွေကိုရိုက်နှက်နေတာ ဘေးကကြည့်နေတဲ့အန်တီတောင် ထိတ်လန့်မိတယ်။ ကြောက်လည်းကြောက်မိပါတယ်။ ဒီလိုလုပ်နေတာက အစိုးရက ခေတ်နောက်ပြန်ဆွဲနေတဲ့ပုံပေါက်နေပါတယ်" ဟု ဖြစ်စဉ်အားမြင်တွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးကပြောကြားသည်။
 

အကြမ်းဖက်မဖြိုခွဲမီ လက်ပတ်အနီဝတ်အရပ်သားများအား တွေ့ရစဉ်
 
ကျောင်းသားများအား ဝင်ရောက်ဖြိုခွင်းရာတွင် လက်ပတ်အနီပတ်ထားသည့်လူများအပြင် ရဲတပ်ဖွဲ့မှလည်း နံပါတ်တုတ်များဖြင့် ရိုက်နှက်ခြင်း၊ လက်သီးများဖြင့်ထိုးကာ ဖမ်းဆီးချုပ်နှောင်ပြီး ကားပေါ်သို့ အတင်းခေါ်ဆောင်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒဂုံတကသအဖွဲ့မှ ကျောင်းသားသုံးဦး၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ သုံးဦးနှင့် အခြားကျောင်းသားနှစ်ဦးတို့ကို ဒိုင်နာကားများဖြင့်တင်ဆောင်ကာ ရန်ကင်းဆည်မြောင်းရုံးသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
 
"သူတို့ဖမ်းသွားတဲ့အထဲမှာ ဒဂုံတကသကျောင်းသားအဖွဲ့က ကိုဇင်မင်းဖြိုး၊ ဟိန်းထက်အောင်၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသားနဲ့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနီလာသိန်း၊ မနုနုအောင်နှင့် ကိုမျိုးသန့်တို့ပါသွားတယ်။ အခြားကျောင်းသားလည်းပါတယ်။ အားလုံးပေါင်းရှစ်ယောက်ပါ။ ဒီလို ဘယ်ကမှန်းမသိ၊ ဘယ်သူတွေမှန်းမသိတဲ့ လူတွေကတာဝန်ဆိုတဲ့ လက်ပတ်တစ်ခုဝတ်ပြီး ကျောင်းသားတွေကိုရိုက်လို့ရလား။ အကြမ်းမဖက်ဖို့တောင်းဆိုနေတဲ့ကြားက ခုလိုလုပ်သွားတာ မတရားဘူး။ အဲဒါတွေကြောင့် ကျုပ်တို့ကျောင်းသားတွေအနေနဲ့ အစိုးရကို တစ်စက်မှအယုံအကြည်မရှိတာ" ဟု ဆန္ဒပြရာတွင်ပါဝင်သည့် ကျောင်းသားတစ်ဦးကပြောကြားသည်။
 
ထိုသို့အကြမ်းဖက်ဖြေရှင်းခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူအချို့၊ ထောက်ခံသူအချို့နှင့် သတင်းထောက်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မတ် ၅ ရက် ညနေပိုင်းကရရှိသည့်သတင်းများအရ သိရသည်။
 
ယင်းဖြစ်စဉ်တွင် လက်ပတ်အနီများဝတ်ဆင်ထားသောအရပ်သားများက အမျိုးသမီးများအား ကာယိန္ဒြေပျက်ပြားအောင် ရိုက်နှက်ဖမ်းဆီးခြင်း၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ၎င်းတို့ကိုထောက်ခံသူများအား ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းမှုများအပေါ် နယ်ပယ်အသီးသီးမှ ဝေဖန်မှုများရှိနေပြီး ယင်းကဲ့သို့လုပ်ဆောင်မှုများမှာ တရားဥပဒေစိုးမိုးရေးအတွက်ပါ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ထောက်ပြပြောဆိုနေမှုများလည်း ရှိနေပါသည်။

Most Read

Most Recent