အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၌ စတင်ကြားနာ ဆွေးနွေးနေပြီဖြစ်၍ သပိတ်မှောက် ဆန္ဒထုတ်ဖော်မှုများ မပြုလုပ်ရန်နှင့် ဆက်လက်ပြုလုပ်ပါက အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန သတိပေးကြေညာချက် ထုတ်ပြန်

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၌ စတင်ကြားနာ ဆွေးနွေးနေပြီဖြစ်၍ သပိတ်မှောက် ဆန္ဒထုတ်ဖော်မှုများ မပြုလုပ်ရန်နှင့် ဆက်လက်ပြုလုပ်ပါက အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန သတိပေးကြေညာချက် ထုတ်ပြန်
Published 1 March 2015
ဆန်းထူးအောင်

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၌ စတင်ကြားနာ ဆွေးနွေးနေပြီဖြစ်၍ သပိတ်မှောက် ဆန္ဒထုတ်ဖော်မှုများ မပြုလုပ်ရန်နှင့် ဆက်လက်ပြုလုပ်ပါက အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် သတိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။
 
အဆိုပါ ထုတ်ပြန်ချက်တွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးအတွက် သပိတ်မှောက် ဆန္ဒပြတောင်းဆိုမှုများအရ ပြည်ထောင်စုအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် ပညာရေးစနစ်  ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) မှ ကိုယ်စားလှယ်များပါဝင်သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ကြပြီး အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဥပဒေပြုရေးအာဏာရှိသည့် လွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်နှင့်အညီ ဖေဖော်ဝါရီ ၁၆ ရက်တွင် ပညာရေးဝန်ကြီးဌာနမှ တင်သွင်းခဲ့ရာ အမျိုးသားလွှတ်တော်မှ ဥပဒေကြမ်းအပေါ် ကြားနာမည့်အစီအစဉ်ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
 
ထို့ပြင် ယင်းကဲ့သို့ ဆန္ဒပြကျောင်းသားတို့၏ တောင်းဆိုချက်များအရ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရေးကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်တွင် စတင်ကြားနာ ဆွေးနွေးဆောင်ရွက်နေပြီဖြစ်ရာ ဆန္ဒပြကျောင်းသားများအနေဖြင့် ဆန္ဒထုတ်ဖော်မှုများအား ရပ်ဆိုင်းထားရန် လိုအပ်ပါကြောင်း၊ သို့သော် ဆန္ဒပြ ကျောင်းသားများသည် ထပ်မံ၍ အင်အားစုစည်းပြီး ရန်ကုန်မြို့သို့ ဦးတည်ချီတက် ဆန္ဒပြရန် စီစဉ်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အစိုးရသည် အဖြစ်နိုင်ဆုံး လိုက်လျောခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ လွှတ်တော်တွင် တင်ပြဆွေးနွေးနေကြစဉ် ဆန္ဒပြကျောင်းသားများအနေဖြင့် ဆန္ဒပြမှုများ ရပ်ဆိုင်းထားရမည်ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
 
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ထပ်မံပြီး ရန်ကုန်မြို့သို့ ဦးတည်ချီတက် ဆန္ဒပြမည်ဆိုပါက အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းရာမရောက်ဘဲ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ဦးတည်ရာရောက်စေမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ဆန္ဒပြမှုများ ရပ်ဆိုင်းကြပါရန်နှင့် လိုက်နာမှုမရှိဘဲ ဆက်လက် သပိတ်မှောက်လှုပ်ရှားမှုများ ပြုလုပ်လာပါက နိုင်ငံတော်လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် တည်ဆဲဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေး ကြေညာအပ်ပါသည်ဟု ဖော်ပြထားသည်။
 
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအတွက် ဖိတ်ခေါ်ကြားနာမှုများကို မတ် ၅ ရက်မှ ၁၅ ရက်အထိ ပြု လုပ်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၂ဝ၊ တက်ရောက်လိုသည့် နိုင်ငံရေးပါတီ ၂ဝ မှ ကိုယ်စားလှယ် ၂ဝ၊ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက်မှ ၂ဝ၊ ဒီမိုကရေစီပညာရေးစစ်ကြောင်းများကို အားပေးထောက်ခံ ကူညီခဲ့သည့် ပြည်သူ့ကိုယ်စားလှယ် ၂ဝ၊ မှတ်ပုံတင်ထားသော အရပ်ဘက်အဖွဲ့အစည်းများမှ ဆွေးနွေးလိုသူ ၂ဝ၊ အကြံပြုစာပေး ပို့လာသူများအနက် ကိုယ်စားလှယ် ၂ဝ ပါဝင်ဆွေးနွေးခွင့် ပြုမည်ဖြစ်ကြောင်း၊ တက်ရောက်လိုသူများအနေဖြင့် အမျိုးသားလွှတ်တော်ရုံးသို့ ဆက်သွယ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။    

Most Read

Most Recent