မြန်မာနိုင်ငံ၌ ဒေါ်လာ ၃၉ ဘီလျံတန်ဖိုးရှိ လုပ်ငန်းပေါင်း ၅၂၂ ခု ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း သဘာဝအရင်းအမြစ်အခြေခံသောနယ်ပယ်များတွင် ရာခိုင်နှုန်းအများစုဖြစ်နေဟု MIC ဥက္ကဋ္ဌပြောကြား

မြန်မာနိုင်ငံ၌ ဒေါ်လာ ၃၉ ဘီလျံတန်ဖိုးရှိ လုပ်ငန်းပေါင်း ၅၂၂ ခု ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း သဘာဝအရင်းအမြစ်အခြေခံသောနယ်ပယ်များတွင် ရာခိုင်နှုန်းအများစုဖြစ်နေဟု MIC ဥက္ကဋ္ဌပြောကြား
Published 24 February 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

မြန်မာနိုင်ငံ၌ ဒေါ်လာ ၃၉ ဘီလျံတန်ဖိုးရှိ လုပ်ငန်းပေါင်း ၅၂၂ ခုကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း သဘာဝအရင်းအမြစ်ကိုအခြေခံသော နယ်ပယ်များတွင် ရာခိုင်နှုန်းအများစုဖြစ်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးဇေယျာအောင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းခဲ့သည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေစတင်ပြဋ္ဌာန်းသည့် ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ လုပ်ငန်းအရေအတွက် ၇၈၃ ခုကို ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၄၉၉၀၁ ဒသမ ၈၆၃ သန်းကို ခွင့်ပြုခဲ့ကြောင်း၊ အဆိုပါခွင့်ပြုခဲ့သည့် လုပ်ငန်း ၇၈၃ ခုအနက် လုပ်ငန်းသက်တမ်းကုန်ဆုံးခြင်း၊ လုပ်ငန်းရပ်ဆိုင်းခြင်း၊ လုပ်ငန်းဆက်လက်ဆောင်ရွက်မှုမပြုခြင်းကြောင့် လုပ်ငန်း ၂၆၁ ခုကို ရင်းနှီးမြှုပ်နှံမှုခွင်ပြုမိန့်ပယ်ဖျက်ခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀၀၆၄ ဒသမ ၂၈၃ သန်းပယ်ဖျက်ခဲ့ရာ လက်ရှိလုပ်ငန်း ၅၂၂ ခုမှာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၃၉၈၃၇ ဒသမ ၅၈၀ သန်း (၃၉ ဘီလျံကျော်) ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ လွှတ်တော်သို့တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။ထို့ပြင် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှစ၍ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ် (စက်တင်ဘာလအထိ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာခဲ့သည့်အခြေအနေကို ဆန်းစစ်ပါကသဘာဝအရင်းအမြစ်ကို အခြေခံသောနယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုစီးဝင်ခဲ့မှုမှာ ၇၄ ဒသမ ၈၈ ရာခိုင်နှုန်းရှိနေသည်ကိုတွေ့ရပြီး နိုင်ငံတော်၏စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြင့်ဝင်ရောက်မှုနည်းပါးနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်ဟု အစီရင်ခံစာတွင်ပါရှိသည်။"မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင် စုစုပေါင်းလုပ်ငန်း ၂၂ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁၅ ဒသမ ၅၀၁ သန်းအပါအဝင် ကျပ် ၅၈၃ ဒသမ ၄၄၁ ဘီလျံခန့်ဖြင့်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပါတယ်။ ဆောင်ရွက်ဆဲဖြစ်သော လုပ်ငန်းနှစ်ခု၏ရင်းနှီးမြှုပ်နှံမှုပမာဏကို ဒေါ်လာ ၀ ဒသမ ၃၈ သန်းအပါအဝင် ကျပ် ၃ ဒသမ ၈၂၈ ဘီလျံခန့် ထပ်မံတိုးမြင့်ခွင့်ပြုခဲ့သဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁၁၅ ဒသမ ၈၈၁ သန်းအပါအဝင် ကျပ် ၅၈၇ ဒသမ ၂၆၉ ဘီလျံခန့်ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးဇေယျာအောင်က လွှတ်တော်၌ပြောကြားသည်။ဦးဇေယျာအောင်က "နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် သုံးသပ်ကြည့်မည်ဆိုပါက ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍသည် ၃၆ ဒသမ ၈၃ ရာခိုင်နှုန်းဖြင့် ပထမ၊ စွမ်းအင်ကဏ္ဍသည် ၂၁ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာနှင့် အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံဖြိုးမှုကဏ္ဍသည် ၁၆ ဒသမ ၉၅ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်လည်းကောင်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများအပေါ် သုံးသပ်ကြည့်မည်ဆိုပါက အိမ်ရာအဆောက်အအုံတည်ဆောက်မှုကဏ္ဍသည် ၇၉ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် ပထမ၊ ဆောက်လုပ်ရေးကဏ္ဍသည် ၉ ဒသမ ၂၉ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ စက်မှုကဏ္ဍသည် ၄ ဒသမ ၈၁ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်လည်းကောင်း စိစစ်တွေ့ရှိရပါတယ်" ဟု ၎င်းကဆိုသည်။ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သော ယူနိုက်တက်ကင်းဒမ်း၊ ပြင်သစ်၊ နယ်သာလန်နှင့် ဆွီဒင်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စီးဝင်လာကြောင်း၊ ယခင်ကဝင်ရောက်ရင်းနှီးမြှုပ်နှံမှုနည်းပါးခဲ့သည့် စင်ကာပူနိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်း၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများပြားလာခြင်း၊ ၁၀ နှစ်ကျော်ကာလအထိ ရင်းနှီးမြှုပ်နှံမှုရပ်တန့်နေခဲ့သည့် ကနေဒါ၊ နယ်သာလန်နှင့် လူဇင်ဘတ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လာကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးဇေယျာအောင်ကပြောကြားသည်။

Most Read

Most Recent