တပ်မတော်ရဲ့ မဟာဗျူဟာ ပြောင်းလဲဖို့ ဆိုရင် . . .

တပ်မတော်ရဲ့ မဟာဗျူဟာ ပြောင်းလဲဖို့ ဆိုရင် . . .
Published 15 February 2015
နေထွန်းနိုင်

(၁)
၁၉၆၂ ခုနှစ် နောက်ပိုင်း တပ်မတော်ရဲ့ ဩဇာတိက္ကမ ကျဆင်းလာမှုက ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ အဆိုးဆုံး ဖြစ်သွားပါတယ်။အာဏာရှင် ဦးနေဝင်း အုပ်စိုးမှု ၂၆ နှစ်ကြာ အုပ်ချုပ်မှု အောက်မှာ မြန်မာနိုင်ငံဟာ စီးပွားရေးအရ ချွတ်ခြုံကျ (Economic Bankrupt) တဲ့ နိုင်ငံ ဖြစ်သွားတယ်။ ဦးစောမောင်၊ ဦးသန်းရွှေတို့ရဲ့ ၂၂ နှစ်ကြာ အုပ်စိုးမှု အောက်မှာတော့ တိုင်းပြည်ဟာ နာလန်မထူ ကျဆုံးတဲ့ (Failed State) နိုင်ငံ ဖြစ်သွားပါတယ်။ဒီလို ဖြစ်ခဲ့ခြင်းအတွက် အာဏာရှင်တွေ၊ စစ်ခေါင်းဆောင်တွေ အပြင် တပ်မတော်မှာလည်း တာဝန် ရှိပါတယ်။တပ်မတော်ဟာ သူ့ရဲ့ အဓိကတာဝန် သုံးရပ်ဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့မှာ အခိုင်အမာ လုပ်ဆောင်ဖို့ အားနည်းခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခဲ့ခြင်းရဲ့ ဆိုးကျိုး ဖြစ်ပါတယ်။အခုချိန်မှာ တိုင်းပြည်က ဆင်းရဲနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် မရပ်နိုင်သေးပါဘူး။ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး အတွက် ပြည်ပအန္တရာယ်ကလည်း ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ တပ်မတော်အပေါ် လူထုယုံကြည် အားကိုးမှုကလည်း ကျဆင်းနေပါတယ်။တပ်မတော်ကို ဩဇာတိက္ကမ ကျဆင်းစေတဲ့ အချက်နှစ်ချက် ရှိပါတယ်။ ပထမ အချက်က နိုင်ငံရဲ့ အချုပ်အခြာ အာဏာ တည်မြဲစေဖို့အတွက် နိုင်ငံ့ နယ်နိမိတ်အပေါ် အလံမစိုက်နိုင်သေးတာ ၁၉၆၂ ခုနှစ်ကနေ အခုချိန်အထိ ဖြစ်ပါတယ်။ ဒုတိယ တစ်ချက်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခဲ့ရာကနေ တပ်မတော် အစိုးရ ဖြစ်လာတယ်။ စီမံခန့်ခွဲမှု အမှား (Mismanagement)နဲ့ အကျင့်ပျက် ခြစားမှု (Corruption) တွေ ဖြစ်လာပါတယ်။  အခုချိန်မှာ တပ်မတော် အနေနဲ့ ရှေ့ခရီးအတွက် မဟာဗျူဟာ ပြောင်းလဲဖို့ အကြောင်း ဖန်လာခဲ့ပါပြီ။ ပထမ အချက်က တိုက်ခိုက်နိုင်မှု စွမ်းရည် (Hardware) ပိုင်းကို ပြင်ဆင်ရပါမယ်။ ဒုတိယ တစ်ချက်က လက်ရှိ တပ်မတော် ခေါင်းဆောင်တွေ အပါအဝင် စစ်သည် အားလုံးရဲ့ အမူအကျင့်၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာ (Software) ပိုင်းကို ပြင်ရမှာပါ။ဒါတွေကို အချိန်မီ ပြင်ဆင်နိုင်မှု မရှိဘူး ဆိုရင် တပ်မတော်ဟာ ပြည်သူတွေရဲ့ ယုံကြည် အားကိုးမှုကို ပြန်ရမှာ မဟုတ်သလို ကျဆင်းနေတဲ့ ဩဇာ တိက္ကမကိုလည်း ပြန်ပြီး ရယူနိုင်မှာ မဟုတ်ပါဘူး။     
(၂)
တပ်မတော်က ပြင်ဆင်ရမယ့် ပထမအချက် တိုက်ခိုက်နိုင်မှု စွမ်းရည်(Hardware)ပိုင်း လျော့နည်းနေခြင်း ဖြစ်ပါတယ်။ စွမ်းရည်ပြည့် စစ်လက်နက်ပစ္စည်း ပိုင်ဆိုင်ထားမှု နည်းတယ်။ တိုက်ခိုက်နိုင်မှု စွမ်းရည် လျော့ကျနေပါတယ်။ဖေဖော်ဝါရီ ၉ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်ဒေသမှာ တပ်မတော်နဲ့ ကိုးကန့်အဖွဲ့လို့ ဆိုတဲ့ တိုက်ခိုက်ရေး သမားတွေ တိုက်ပွဲ ဖြစ်ပါတယ်။တိုက်ပွဲ စဖြစ်ဖြစ်ချင်းမှာ တပ်မတော်ဘက်က သတင်းထုတ်ပြန်မှု အားနည်းပါတယ်။ သာမန်ဖြစ်နေကျ တိုက်ပွဲပုံစံမျိုးပဲ ပြည်သူတွေ ထင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက် သတင်းထုတ်ပြန်ချိန်မှာ သာမန်တိုက်ပွဲ မဟုတ်ဘူး ဆိုတာကို ပြည်သူတွေ သိခဲ့ပါတယ်။ဒီလို သိချိန်မှာ တပ်မတော်ဘက်က အရာရှိ ငါးဦး၊ စစ်သည် ၄၂ ဦး ကျဆုံးသွားပါပြီ။ အရာရှိ ၁၁ ဦး စစ်သည် ၆၂ ဦး ဒဏ်ရာရပါတယ်။တိုက်ခိုက်ရေး သမားတွေက တရုတ်နယ်စပ်က တစ်ဆင့် ကြိုတင် စိမ့်ဝင်ခဲ့တယ်။ စနစ်တကျ ပြင်ဆင်ထားတဲ့ တိုက်ခိုက်ရေးသမားတွေ သုံးပြီး တိုက်ခိုက်ခဲ့တယ်။ သူတို့က လောက်ကိုင်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်ကို ဦးတည် တိုက်ခိုက်ခဲ့တာပါ။ လောင်ကိုင် ကျမသွားပေမယ့် တပ်မတော်ဘက်မှာ အထိ နာခဲ့ပါတယ်။ဒါဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖြစ်တာ မဟုတ်ပါဘူး။ ကိုးကန့်အဖွဲ့လို့ ဆိုပေမယ့် ဒီအဖွဲ့မှာ ပါသူတွေဟာ ဒေသခံတွေ အပြောအရ တိုင်းရင်းသားတွေ မဟုတ်ပါဘူး။ တရုတ်စကား ပြောတယ်။ တရုတ်စာပါတဲ့ အလံတွေကို ကိုင်ထားတယ်။ တိုက်ခိုက်ရေး သမားတွေက တရုတ်ကြေးစား ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီပြောကြားမှုကို ဘယ်သူကမှ ယတိပြတ် မငြင်းပါဘူး။ကိုးကန့် အဖွဲ့ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်က သူ့နယ်မြေကို ပြန်လိုချင်လို့ တိုက်ပွဲဖြစ်တယ် ဆိုတာက သံသယဖြစ်စရာ အများကြီးပါ။ တိုက်ပွဲခေါ်သံပေးဖို့ ဖုန်ကြားရှင်ကို စင်တင်ပေးခဲ့တာ တရုတ်မီဒီယာ ဖြစ်ပါတယ်။ကိုးကန့်တွေဟာ တရုတ်လူမျိုးတွေ ဖြစ်တယ်။ လွတ်လပ်ရေး မတိုင်မီ ကာလကတည်းက မြန်မာ့ နယ်နိမိတ်ထဲမှာ ရှိခဲ့တယ်။ ဒါကို မငြင်းပါဘူး။ ဒါပေမဲ့ သူတို့ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင် နယ်မြေထဲမှာ နေထိုင်ရတဲ့ တရုတ်နွယ်ဖွားတွေပါ။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို လေးစားရပါမယ်။ တရုတ်ပြည်မရဲ့ အားပေးကူညီမှုနဲ့ မြန်မာ့အချုပ်အခြာ အာဏာကို ထိပါး စော်ကားလို့ မရပါဘူး။ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ကို ၂ဝဝ၉ ခုနှစ်မှာ တပ်မတော်က တိုက်ထုတ်ခဲ့ပါတယ်။ နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်းကို လက်မခံတာ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု အမှန်တကယ် ရှိခဲ့တာ၊ ဘယ်လို အကြောင်းတွေကြောင့်ပဲ ဖြစ်ပါစေ ဖုန်ကြားရှင် တပ်ဖွဲ့တွေဟာ တရုတ်နိုင်ငံထဲကို ထွက်ပြေးခိုလှုံ ခဲ့ပြီးပါပြီ။ အိမ်ပြန်ခွင့်အတွက် ဆွေးနွေးညှိနှိုင်းပိုင်ခွင့် ရှိပါတယ်။ဒါပေမဲ့ တရုတ်နိုင်ငံက ရတဲ့ အကူအညီ၊ လူသူ လက်နက်တွေနဲ့ တိုက်ပွဲဆင်နွှဲပြီး အိမ်ပြန်လာတာ ဆိုရင်တော့ ဒါဟာ တစ်ဖက်နိုင်ငံ အကူအညီနဲ့ ကျူးကျော်ဝင်ရောက် လာတာပါပဲ။ မြန်မာ့ အချုပ်အခြာ အာဏာကို ထိပါးတာပါပဲ။သမိုင်းမှာလည်း ဒီလို အစဉ်အလာတွေ ရှိခဲ့ပါတယ်။ 
(၃)
၁၉၆၈ ခုနှစ်ဟာ ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ)သမိုင်းကို ပြောင်းလဲစေတဲ့ နှစ်ပါ။ တရုတ်နိုင်ငံကို ရောက်နေတဲ့ ဗကပတွေ မြန်မာနိုင်ငံကို ပြန်ဝင်ခဲ့ပါတယ်။ ဒီလို ဝင်နိုင်ဖို့ တရုတ်စစ်တပ်က အကူအညီ ပေးခဲ့ပါတယ်။ ပေါ်ပေါ်ထင်ထင်ကို ပေးခဲ့တာပါ။တရုတ်က စစ်ရေး အကူအညီ ပေးခဲ့တယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဗကပရဲ့ အရှေ့မြောက် စစ်ဒေသ ဖြစ်လာပါတယ်။ဒေသခံတွေကို စုစည်းပြီး တပ်ရင်းတွေ ဖွဲ့ပါတယ်။ ဗကပ တပ်ရင်း ၄ဝ၄ ရဲ့ ခေါင်းဆောင်ဟာ ဖုန်ကြားရှင် ဖြစ်လာပါတယ်။ ဖုန်ကြားရှင်ကို ဗကပက ချို တပ်ပေးလိုက်တာပါ။ နောက်ပိုင်းမှာ ကွမ်လုံ ရက် ၄ဝ တိုက်ပွဲ ဖြစ်ခဲ့တယ်။ ရှမ်းမြောက်နဲ့ ရှမ်းအရှေ့မှာ တိုက်ပွဲကြီးတွေ ဆက်နွှဲခဲ့ကြပါတယ်။၁၉၈၉ ခုနှစ် ဗကပ ပြိုလဲသွားချိန်မှာ ဖုန်ကြားရှင် အပါအဝင် ‘ဝ’၊ မိုင်းလား အဖွဲ့တွေက အင်အား ခိုင်မာခဲ့ပါတယ်။ ဖုန်ကြားရှင် အဖွဲ့က အစိုးရနဲ့ ပထမဆုံး ငြိမ်းချမ်းရေးယူတဲ့ အဖွဲ့ ဖြစ်လာတယ်။ဗကပက ချိုတပ်ပေးခဲ့တဲ့ ဖုန်ကြားရှင်ကို ဦးခင်ညွန့်က သရဖူ ဆောင်းပေးခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ သရဖူပြန်ရုပ်ပြီး တိုက်ထုတ်ခဲ့ပေမယ့် ၂ဝ၁၅ ခုနှစ်မှာ ဖုန်ကြားရှင် တစ်ကျော့ပြန် ပေါ်လာပါတယ်။သူတစ်ဦးတည်း မဟုတ်ခဲ့ပါဘူး။ ဒေသခံတွေ အဆိုအရ တရုတ်ကြေးစား တိုက်ခိုက်ရေးသမားတွေ ပါခဲ့ပါတယ်။ တိုက်ခိုက်ရေး သမားတွေက ‘ဝ’ နဲ့ မိုင်းလားဒေသကို ဖြတ်ကျော်ပြီးမှ လောက်ကိုင်နယ်မြေထဲ ဝင်လာတာပါ။တပ်မတော်က ဝင်ရောက်လာသူတွေကို လိုက်ရှင်းရာက တိုက်ပွဲဖြစ်တယ်ပဲ ပြောပြော၊ တစ်ဖက်က စနစ်တကျ ကြိုတင်ပြင်ဆင်ပြီးမှ လောက်ကိုင်ကို ဝင်တိုက်တာပါ။ထင်မှတ်မထားဘဲ ဝင်တိုက်ခံခဲ့ရတဲ့ ပုံစံမျိုးနဲ့ တပ်မတော် အထိနာခဲ့ပါတယ်။  တပ်မတော် အထိနာခဲ့ရခြင်း အကြောင်းက တိုက်ခိုက်နိုင်မှု စွမ်းရည် ကျဆင်းနေတာက အဓိက အချက်ပါ။ စစ်လက်နက်ခဲယမ်းတွေ ပိုင်ထားပေမယ့် အလွယ်တကူ ရွှေ့ပြောင်းနိုင်စွမ်း မရှိခဲ့ပါဘူး။ လေကြောင်းပစ်ကူ သုံးခဲ့ပေမယ့် မြေပြင်ကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပါဘူး။ သတင်းအချက်အလက် ရရှိမှု အားနည်းတယ်၊ သတင်းထုတ်ပြန်မှုပါ အားနည်းခဲ့ပါတယ်။ ဝင်တိုက်မယ်လို့ ကြိုတင် ပြောထားလျက်နဲ့ ကြိုတင် ကာကွယ်နိုင်စွမ်း အားနည်းခဲ့ပါတယ်။ ဒီအတွက် ကျဆုံးသူ များခဲ့တယ်။ 
(၄)
ရှမ်းပြည်နယ်ဟာ အင်အားကြီး တရုတ်နိုင်ငံ အပြင် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နဲ့ပါ နယ်နိမိတ် ထိစပ်နေပါတယ်။တရုတ်နဲ့ မကင်းတဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် ‘ဝ’ သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA) က ရှမ်းပြည်နယ်မှာ အခြေစိုက်ပါတယ်။ ‘ဝ’ နဲ့အတူ မိုင်းလားအဖွဲ့ ရှိပါတယ်။အခုချိန်မှာ အစိုးရနဲ့ ပြေလည်မှု မရသေးတဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA)၊ တအောင်း လွတ်လပ်ရေး တပ်မတော် (TNLA/PSLF) အဖွဲ့တွေလည်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လှုပ်ရှားပါတယ်။အင်အားကြီး ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့လည်း ရှမ်းပြည်နယ်ထဲမှာ ရှိပါတယ်။အစိုးရနဲ့ အပစ်ရပ် ဆွေးနွေးနေဆဲ တိုင်းရင်းသားအဖွဲ့ ခြောက်ဖွဲ့ ရှိနေတဲ့ ရှမ်းပြည်နယ်ကို တပ်မတော်က အာရုံ ပိုစိုက်ခဲ့ပါတယ်။  (၆၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို နေပြည်တော်တွင် ၂၀၁၄ မတ် ၂၇ ရက်က ပြုလုပ်နေသည်ကို တွေ့ရစဉ် (Photo:AFP)
တစ်နိုင်ငံလုံး တိုင်းစစ်ဌာနချုပ် ၁၄ ခု ရှိတဲ့အထဲမှာ လေးခုကို ရှမ်းပြည်နယ်မှာ အခြေစိုက်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမှာ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ဖွင့်ထားပါတယ်။ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကို တောင်ကြီးမြို့မှာ အခြေစိုက်ပါတယ်။ခိုလမ် စစ်ဌာနချုပ်လို့ လူသိများတဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာမှာ ဖွင့်ခဲ့ပါတယ်။အသစ် ဖွင့်လိုက်တဲ့ ခိုလမ် စစ်ဌာနချုပ်က ကျန်တဲ့ တိုင်းစစ်ဌာနချုပ် သုံးခုရဲ့ အလယ်မှာ ရှိပါတယ်။ ‘ဝ’ ဒေသကို ထိန်းချုပ်နိုင်ဖို့ အပြင် တိုင်းစစ်ဌာနချုပ် သုံးခုနဲ့  အရေးပေါ် အခြေအနေမှာ အလျင်အမြန် ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပုံ ရပါတယ်။တိုင်းစစ်ဌာနချုပ် လေးခုအပြင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အများဆုံးကလည်း ရှမ်းပြည်နယ်မှာ ရှိပါတယ်။ ကျောက်မဲ၊ မိုင်းနောင်၊ ဖယ်ခုံ၊ မိုင်းဆတ်၊ သိန္ဒ္နီ၊ မိုင်းပန်၊ မိုင်းဖြတ်မြို့တွေမှာ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွေ ရှိနေပါတယ်။ဒါပေမဲ့ ရှမ်းပြည်နယ်မှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် တစ်ခုပဲ ရှိပါတယ်။ လောက်ကိုင်မှာ အခြေစိုက်တာပါ။ အခု ရှမ်းပြည်နယ်မှာ တစ်ခုတည်းရှိတဲ့ လောက်ကိုင်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် ဝင်တိုက်ခံရပါတယ်။ ဝင်တိုက်သူတွေက တိုင်းရင်းသား လက်နက်ကိုင် စစ်စစ်တွေ မဟုတ်ပါဘူး။  တပ်မတော်က အာရုံစိုက်နေတယ်လို့ ယူဆရတဲ့ ဒေသမှာ ရှိတဲ့ စစ်ဌာနချုပ်တစ်ခု တိုက်ခိုက်ခံရတာဟာ တပ်မတော်အဖို့ အရှက်ရစရာ ဖြစ်ပါတယ်။ပိုစိုးရိမ်စရာ ကောင်းတာက အခုလို ကျဆင်းနေတဲ့ တိုက်ခိုက်နိုင်မှု စွမ်းရည်နဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ဘယ်လို ကာကွယ်မလဲ။ ကျူးကျော် ဝင်ရောက်လာသူတွေကို ဘယ်လို တုံ့ပြန်မလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ 
(၅)
၁၉၆၂ ခုနှစ် နောက်ပိုင်းက စလို့ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်ငွေ အများစုကို တပ်မတော်က ကာကွယ်ရေး စရိတ်အဖြစ် သုံးခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ပိုများလာခဲ့ ပါတယ်။တိုင်းပြည်ဘတ်ဂျက် ပျှမ်းမျှ ရာခိုင်နှုန်း ၃ဝ ကျော်ကို ကာကွယ်ရေးအတွက် သုံးခဲ့ပါတယ်။ တချို့နှစ်တွေမှာ ဘတ်ဂျက်ရဲ့ ရာခိုင်နှုန်း ၄ဝ အထိ သုံးပါတယ်။နှစ် ၂ဝ ကျော်ကာလမှာ တိုင်းပြည်ရဲ့ ဘတ်ဂျက် ပျှမ်းမျှရာခိုင်နှုန်း ၃ဝ ကနေ ရာခိုင်နှုန်း ၄ဝ အထိ ကာကွယ်ရေး စရိတ်မှာ သုံးခဲ့ပေမယ့် ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ ပညာရေးပိုင်းမှာ ပျှမ်းမျှ နှစ်ရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်း အောက်မှာပဲ ရှိပါတယ်။
ဖုန်ကြားရှင်နဲ့ ဘိန်းဘုရင် လော်ဆစ်ဟန်တို့ ပူးပေါင်းပြီးတဲ့နောက် ကွမ်လုံ ရက် ၄ဝ တိုက်ပွဲ ဖြစ်ခဲ့တယ်။ ရှမ်းမြောက်နဲ့ ရှမ်းအရှေ့မှာ တိုက်ပွဲကြီးတွေ ဆက်နွှဲခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ် ဗကပ ပြိုလဲသွားချိန်မှာ ဖုန်ကြားရှင် အပါအဝင် ‘ဝ’၊ မိုင်းလား အဖွဲ့တွေက အင်အား ခိုင်မာခဲ့ပါတယ်။ ဖုန်ကြားရှင် အဖွဲ့က အစိုးရနဲ့ ပထမဆုံး ငြိမ်းချမ်းရေးယူတဲ့ အဖွဲ့ ဖြစ်လာတယ်။ ဗကပက ချိုတပ်ပေးခဲ့တဲ့ ဖုန်ကြားရှင်ကို ဦးခင်ညွန့်က သရဖူ ဆောင်းပေးခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ သရဖူပြန်ရုပ်ပြီး တိုက်ထုတ်ခဲ့ပေမယ့် ၂ဝ၁၅ ခုနှစ်မှာ ဖုန်ကြားရှင် တစ်ကျော့ပြန် ပေါ်လာပါတယ် . . . . .

အာဆီယံ နိုင်ငံတွေ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် နိုင်ငံတစ်ခုချင်းစီရဲ့ ဘတ်ဂျက်မှာ ကာကွယ်ရေး အသုံးစရိတ် အများဆုံးက မြန်မာနိုင်ငံ ဖြစ်နေပါတယ်။ဥပမာ ထိုင်းနိုင်ငံရဲ့ ဘတ်ဂျက် ခွဲဝေမှုကိုပဲ ကြည့်ပါ။ ထိုင်းနိုင်ငံမှာ တိုင်းပြည်ဘတ်ဂျက်ရဲ့ ၂ဝ ဒသမ ၆ ရာခိုင်နှုန်းကို ပညာရေးအတွက် သုံးပါတယ်။ စစ်ရေး အသုံးစရိတ်က ၇ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျန်တဲ့ နိုင်ငံတွေမှာလည်း အတူတူပါပဲ။ ကာကွယ်ရေးအတွက် အသုံးပြုမှုဟာ ပညာရေးနဲ့ ကျန်းမာရေး အသုံးပြုမှုကို ကျော်လွန်ခြင်း မရှိပါဘူး။ပြည်သူတွေရဲ့ ချွေးနှဲစာနဲ့ စုဆောင်းထားတဲ့ ငွေတွေကို ကာကွယ်ရေးမှာ အများဆုံး သုံးခဲ့ပေမယ့် မြန်မာ့တပ်မတော်ရဲ့ အရည်အသွေးပိုင်း တိုးတက်မလာသလို အားရစရာလည်း မရှိပါဘူး။ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာလည်း ဆိုးဝါးစွာ ကျဆင်း သွားပါတယ်။ဒါကို ကြည့်ခြင်းအားဖြင့် ကျောင်းသားတွေရဲ့ ဆန္ဒထုတ်ဖော်မှု ဖြစ်လာတာ၊ ပညာရေး ဘတ်ဂျက် တိုးဖို့ တောင်းဆိုမှု ဖြစ်လာတာ မဆန်းပါဘူး။ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်က ပညာရေး၊ ကျန်းမာရေး ကဏ္ဍမှာ အနစ်နာခံပြီး စစ်ရေး အသုံးစရိတ်အတွက် ပိုပေးခဲ့ကြပါတယ်။ တိုးတက်မလာတဲ့ အတွက် ကာကွယ်ရေး အသုံးစရိတ်ကို တဖြည်းဖြည်းချင်း လျှော့ချရမယ့် ပုံစံ ဖြစ်လာပါတယ်။ဒီကြားထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ခိုက်မှုက ရပ်ဆိုင်း မသွားသေးပါဘူး။ စစ်ရေး အသုံးစရိတ် ထပ်တိုးပေးဖို့ မဖြစ်နိုင်ပါဘူး။ဒါပေမဲ့ တစ်ဖက်မှာ ပြည်ပရန်က ရှိနေ ပြန်ပါတယ်။ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ကာကွယ်ဖို့ စွမ်းရည်ထက်မြက်တဲ့ ခေတ်မီ တပ်မတော် ဖြစ်အောင် လုပ်ရပါဦးမယ်။  ကာကွယ်ရေး အသုံးစရိတ် ထပ်တိုးပေးဖို့ မဖြစ်နိုင်သလို လျှော့ချမှုကိုလည်း တဖြည်းဖြည်း လုပ်ကြရမှာပါ။ တပ်မတော်ရဲ့ စွမ်းရည်ထက်မြက်မှုကို မထိခိုက်ဘဲ ဘယ်လို လျှော့ချရမလဲ ဆိုတာ တပ်မတော်က ဆုံးဖြတ်ရပါလိမ့်မယ်။ 
(၆)
တပ်မတော်ရဲ့ အသုံးစရိတ် ပိုများလာတာနဲ့ အမျှ တပ်မတော်ရဲ့ အင်အား၊ ထုထည် ပိုကြီးမားလာခဲ့တာတော့ မှန်ပါတယ်။ဒါပေမဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်တဲ့အခါ အရည်အသွေးပိုင်း ကွာခြားမှု ဖြစ်နေပါတယ်။ အရွယ်အစား ကြီးပြီး စွမ်းရည်ထက်မြက်မှု မရှိတဲ့ ပြဿနာပါ။     တပ်မတော်ရဲ့ တိုးတက်မှုကို ပြန်ကြည့်ရင် ၁၉၈၈ ခုနှစ် မတိုင်မီက တိုင်းစစ်ဌာနချုပ် ကိုးခုပဲ ရှိပါတယ်။ အခုချိန်မှာ ၁၄ ခုအထိ ဖြစ်လာပါပြီ။တပ်ရင်းတွေ တိုးလာခဲ့သလို စစ်သည်အင်အားပါ တိုးလာပါတယ်။ စစ်လက်နက်ပစ္စည်း၊ ယန္တရားတွေလည်း ဝယ်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက အများဆုံး ဝယ်ခဲ့တာပါ။  နိုင်ငံတကာ စစ်အင်အား အခြေအနေတွေကို လေ့လာသုံးသပ်နေတဲ့ Janes Defence Weekly၊ Nation Master ဝက်ဘ်ဆိုက်တွေရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ တပ်မတော်သား အင်အား ၅၁၃ဝဝဝ ကျော် ရှိပါတယ်။ ဒီအရေအတွက်ထဲက ၄ဝဝဝဝဝ နီးပါးဟာ တိုက်ခိုက်ရေးအတွက် အဆင်သင့် ဖြစ်နေကြသူတွေလို့ ဆိုပါတယ်။  မြန်မာနိုင်ငံမှာ ပိုင်ဆိုင်ထားတဲ့ စစ်သုံး ပစ္စည်းတွေကို ကြည့်ရင် အရေအတွက် များပေမယ့် အရည်အသွေးပိုင်းမှာ အိမ်နီးချင်း နိုင်ငံတွေထက် နိမ့်ပါးနေတာကို တွေ့ရပါတယ်။ဥပမာအားဖြင့် ၁၉၉ဝ ပြည့်နှစ်နဲ့ ၂ဝဝဝ ပြည့်နှစ် ကြားကာလမှာ တရုတ်နိုင်ငံထုတ် Chengdu F-7 M တိုက်လေယာဉ် ၂၄ စင်း ဝယ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ အဲဒီ တိုက်လေယာဉ်တွေက သုံးမရတော့ဘဲ Grounded ဖြစ်သွားပါတယ်။ မြန်မာနိုင်ငံက F-7 တိုက်လေယာဉ်တွေ ဝယ်တဲ့ တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံက အမေရိကန်ကနေ F-15၊ F-16  တိုက်လေယာဉ်တွေ ဝယ်ခဲ့ပါတယ်။ သူတို့ ဝယ်ခဲ့တဲ့ တိုက်လေယာဉ်တွေက အခုချိန်အထိ စွမ်းရည်မြင့် သုံးနိုင်ပါတယ်။လေကြောင်းအင်အား အခြေအနေမှာပဲ မြန်မာက ထိုင်းတို့ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ယှဉ်နိုင်စွမ်း နည်းတာကို တွေ့ရပါတယ်။ အထူးသဖြင့် ထိုင်းကို မယှဉ်နိုင်ပါဘူး။ တရုတ်နဲ့ ယှဉ်ရင်တော့ အဆမတန် ကွာခြားပါတယ်။ နောက်ပြီး သူတို့မှာ ပိုင်ဆိုင်ထားတာတွေက စွမ်းရည်မြင့် အချိန်မရွေး သုံးနိုင်တဲ့ အရာတွေပါ။မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုအတွက် အိမ်နီးချင်းတွေထဲ သတိထားရမယ့် နိုင်ငံက ဘင်္ဂလားဒေ့ရှ် ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ သိပ်မကြာခင်က မြစ်ကူးစစ်ဆင်ရေး လေ့ကျင့်မှု လုပ်ပါတယ်။ ဒီနောက်ကွယ်မှာ တရုတ် ရှိနေတယ် ဆိုတဲ့ သတင်းတွေ ရှိပါတယ်။ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယနဲ့ စစ်ပြိုင်နိုင်စွမ်း ရှိတဲ့ နိုင်ငံ မဟုတ်သလို စစ်ပြိုင်မှာလည်း မဟုတ်ပါဘူး။ သူတို့ရဲ့ မြစ်ကူးစစ်ဆင်ရေး လေ့ကျင့်မှုက မြန်မာနိုင်ငံကို ရည်ညွန်းနေပါတယ်။ သူတို့ဟာ နတ်မြစ်ကို ကူးပြီး မြန်မာနိုင်ငံထဲကို အချိန်မရွေး ကျူးကျော်ဝင်ရောက် လာနိုင်ပါတယ်။နိုင်ငံတကာ စာရင်းအင်းတွေ အရ မြန်မာနိုင်ငံမှာ ရုရှနိုင်ငံထုတ် MiG-29 က ၃၂ စင်းပဲ ရှိပါတယ်။ ဒီထဲမှာ တစ်စင်းက ၂ဝ၁၄ ခုနှစ်မှာ ပျက်ကျပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ MiG-29 က ရှစ်စင်း ရှိပါတယ်။ မြန်မာမှာ A-5/F-7 ၄၅ စင်း ရှိပေမယ့် ဘင်္ဂလားဒေ့ရှ်မှာ ၅၁ စင်း ရှိပါတယ်။ MiG-29 ချင်း ယှဉ်မယ်ဆိုရင် မြန်မာပိုင်ဆိုင်တဲ့ တိုက်လေယာဉ် အားလုံးက တိုက်ခိုက်ရေးမှာ စွမ်းရည်ပြည့် မသုံးနိုင်သေးပါဘူး။လေတပ်အင်အားမှာ ဘင်္ဂလားဒေ့ရှ်ထက် အနည်းငယ် သာပေမယ့် ထိုင်းကိုတော့ ယှဉ်လို့ မရပါဘူး။ ထိုင်းက မြန်မာထက် ရာခိုင်နှုန်း ၂ဝ ကျော် သာပါတယ်။ ပိုဆိုးတာက တိုက်ပွဲအတွေ့အကြုံပိုင်းမှာ မြန်မာက ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံထက်ပါ စစ်သည်ကျဆုံးမှု ပိုများပါတယ်။ရေတပ်အင်အား နှိုင်းယှဉ်မှုမှာ ဘင်္ဂလားဒေ့ရှ်က မြန်မာထက် တိုက်ရေယာဉ် ပိုင်ဆိုင်မှု အရေအတွက် ပိုပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရေငုပ်သင်္ဘော နှစ်စင်းထက်မနည်း ပိုင်ဆိုင်ထားပြီး စွမ်းရည်ပြည့် Frigate ခြောက်စင်းထက်မနည်း ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ကမ်းတက်ယာဉ် ၁၁ စီး ပိုင်ထားပါတယ်။မြန်မာနိုင်ငံမှာ Frigate ၁ဝ စင်းရှိတယ် ဆိုပေမယ့် အဲဒါတွေက တရုတ်ပစ္စည်းတွေနဲ့ တည်ဆောက်ထားတာပါ။ တင့်ကားသယ် ကမ်းတက်ယာဉ် ၁၇ စီး ရှိပါတယ်။မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတွေရဲ့ စစ်လက်နက် ပိုင်ဆိုင်မှုကို ကြည့်ရင် မြန်မာနိုင်ငံက ပိုင်ဆိုင်ထားတာတွေက အလွယ်တကူ ရွှေ့ပြောင်းသယ်ယူဖို့ ခက်တဲ့ ပစ္စည်းတွေ ဖြစ်နေပါတယ်။စွမ်းရည်ပိုင်းမှာ ပြဿနာ ရှိနေသလို လေ့ကျင့်ပြင်ဆင်ထားမှု အပိုင်းမှာလည်း လျော့ရဲတာတွေ ရှိနေပါတယ်။ဒါတွေဟာ ဒေသတွင်း ပြိုင်ဆိုင်မှုမှာ ခက်ခဲစေနိုင်တဲ့ အရာတွေ ဖြစ်လာနိုင်ပါတယ်။ 
(၇)
မြန်မာနိုင်ငံက ပိုင်ဆိုင်ထားတဲ့ F-7  တိုက်လေယာဉ် ၂၄ စင်း၊ A-5 တိုက်လေယာဉ် ၂၁ စင်းကို တရုတ်နိုင်ငံက ဝယ်ပါတယ်။ ဒီ တိုက်လေယာဉ်တွေကို အခုချိန်မှာ စွမ်းရည်ပြည့် အသုံးမချနိုင်တော့ပါဘူး။ J-6 တိုက်လေယာဉ် တစ်စင်း၊ လေ့ကျင့်ရေး တိုက်လေယာဉ် FT-7S ခြောက်စင်း၊ လေ့ကျင့်ရေး တိုက်လေယာဉ် K-8 အစင်း ၅ဝ ကိုလည်း တရုတ်နိုင်ငံကပဲ ဝယ်ခဲ့ပါတယ်။သယ်ယူပို့ဆောင်ရေး လေယာဉ် Y-8 လေးစင်း၊ Y-12 နှစ်စင်းကိုလည်း တရုတ်ကပဲ ဝယ်ထားခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် လေတပ်မှာ ရှိတဲ့ တိုက်လေယာဉ်တွေရဲ့ ထက်ဝက်ကျော်ဟာ တရုတ်နိုင်ငံက ဝယ်ထားခဲ့တာတွေချည်း ဖြစ်နေပါတယ်။ တခြား နိုင်ငံတွေနဲ့ ယှဉ်ရင် အရည်အသွေးပိုင်းမှာ စိတ်မချရဘူးလို့ ဆိုရမှာပါ။ရဟတ်ယာဉ်ပိုင်းမှာတော့ တရုတ်က ဝယ်ခဲ့တာကို သိပ်မတွေ့ရပါဘူး။ Mi-35 ရဟတ်ယာဉ် ၁၉ စင်းကို မြန်မာ ပိုင်ဆိုင်ထားတယ်လို့ နိုင်ငံတကာ စစ်ရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။တင့်ကား အများစုကိုတော့ တရုတ်နိုင်ငံကပဲ ဝယ်ထားပါတယ်။ ယူကရိန်းထုတ် တင့်ကားတချို့ ဝယ်ထားပါသေးတယ်။မြန်မာနိုင်ငံအပေါ် စစ်လက်နက် ကုန်သွယ်မှု ပိတ်ပင်ထားတဲ့ အချိန်မှာပဲ ယူကရိန်းထုတ် တင့်ကားတွေကို ဝယ်ခဲ့တာပါ။ ပိတ်ပင်မိန့်ကို ရှောင်ရှားနိုင်ဖို့ အစိတ်အပိုင်းတွေ ပို့ဆောင်ပြီးမှ ပြန်ဆင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူတွေရဲ့ ချွေးနှဲစာနဲ့ စုဆောင်းထားတဲ့ ငွေတွေကို ကာကွယ်ရေးမှာ အများဆုံး သုံးခဲ့ပေမယ့် မြန်မာ့တပ်မတော်ရဲ့ အရည်အသွေးပိုင်း တိုးတက်မလာသလို အားရစရာလည်း မရှိပါဘူး။ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာလည်း ဆိုးဝါးစွာ ကျဆင်း သွားပါတယ် . . . . .

ယူကရိန်း တင့်ကားတွေကို ပိုင်ဆိုင်ထားပေမယ့် ဒါတွေ အားလုံးအပေါ် လေ့ကျင့်မှုပိုင်း အားနည်းချက်တွေ ရှိနေနိုင်သေးတာကြောင့် တိုက်ပွဲဝင်ဖို့ အသင့်အနေအထားလို့ မဆိုနိုင်ပါဘူး။မြန်မာနိုင်ငံက ဝယ်ထားတဲ့ စစ်လက်နက် ပစ္စည်းတွေကို ကြည့်ရင် တရုတ်နဲ့ ရုရှနိုင်ငံထုတ်တွေပဲ အများဆုံး ဖြစ်နေပါတယ်။ တရုတ်က ဝယ်ထားတဲ့ ပစ္စည်းတွေက တရုတ်စစ်တပ်မှာ သုံးနေတာတွေထက် အဆင့်နိမ့်တဲ့ ပစ္စည်းတွေပါ။ ဒီအတွက် တရုတ်စစ်တပ်ကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ဒေသတွင်း နိုင်ငံတွေကတော့ တရုတ်နိုင်ငံထုတ်တဲ့ စစ်လက်နက် ပစ္စည်းတွေထက် ဥရောပနဲ့ အမေရိကန်နိုင်ငံက ထုတ်တာကို အများဆုံး ဝယ်ယူပါတယ်။ ဥပမာအားဖြင့် ဗီယက်နမ် စစ်တပ်က ဝယ်ယူတဲ့ စစ်လက်နက် ပစ္စည်းတွေက မြန်မာနိုင်ငံထက် သာနေပါတယ်။မြန်မာနိုင်ငံ အဖို့ စစ်လက်နက် ကုန်သွယ်မှု ပိတ်ပင်ခံထားရတဲ့အတွက် တရုတ်၊ ရုရှထုတ်တွေကိုပဲ ပိုဝယ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဂျာမနီ၊ ဆွီဒင်နဲ့ စကင်ဒီနေးဗီးယန်းနိုင်ငံ တချို့ကတော့ မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းတချို့ ရောင်းချပေးနေပါပြီ။ဒေသတွင်း နိုင်ငံတွေနဲ့ တန်းတူယှဉ်ပြိုင်နိုင်ဖို့ ဥရောပနဲ့ အမေရိကန်နိုင်ငံက စစ်လက်နက်ပစ္စည်း အများအပြား ဝယ်ယူနိုင်ဖို့ လိုပါတယ်။ စစ်လက်နက် ကုန်သွယ်မှု ပိတ်ပင်ခံထားရတာကို ရုပ်သိမ်းနိုင်ဖို့ နိုင်ငံရေးအရ တပ်မတော်ဘက်က လမ်းကြောင်းပြောင်းဖို့ လိုလာပါပြီ။     
(၈)
၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံ အပေါ် စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွေကြောင့် တပ်မတော် အစိုးရဟာ တရုတ်လက်အောက်ခံဘဝ ပုံစံမျိုး ဖြစ်သွားပါတယ်။ စီးပွားရေးအရ မှီခို အားထားရုံသာ မကပဲ စစ်ရေးမှာပါ မှီခိုအားထား ခဲ့ရပါတယ်။တစ်ဖက်မှာလည်း တရုတ်နိုင်ငံက မြန်မာအပေါ် အမြတ်ထုတ်မှု များစွာ လုပ်ခဲ့ပါတယ်။ သယံဇာတ ထုတ်ယူမှုတွေ အပါအဝင် စီးပွားရေး လက်ဝါးကြီးအုပ်မှုကိုပါ ယူခဲ့ပါတယ်။မြန်မာ အစိုးရနဲ့ ငြိမ်းချမ်းရေး မရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း တရုတ်က လက်နက်ရောင်းချမှု၊ စစ်ရေးလေ့ကျင့် သင်ကြားပေးမှုတွေ လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ‘ဝ’ ကို အကူအညီ ပေးခဲ့တာပါ။လောက်ကိုင်ဒေသတိုက်ပွဲ မစမီ အချိန်တုန်းက မြန်မာနိုင်ငံထဲ တရားမဝင် သယ်ဆောင်လာတဲ့ လက်နက်တွေကို တရုတ်က နယ်စပ်မှာ အဖမ်းပြခဲ့ပါတယ်။ ဒါပေမဲ့ လောက်ကိုင်ဒေသတွင်း တိုက်ပွဲမှာ ကိုးကန့်ခွဲထွက်လို့ ဆိုသူ တိုက်ခိုက်ရေး သမားတွေ သုံးခဲ့တာက ခေတ်မီလက်နက်တွေ ဖြစ်နေတဲ့ အပြင် စနစ်တကျ လေ့ကျင့် ပြင်ဆင်ထားသူတွေလည်း ဖြစ်ပါတယ်။  ဒါက စစ်လက်နက် ပစ္စည်းမှာတင် မယှဉ်နိုင်ဘူး ဆိုတာကို ပြသနေတာပါ။စွမ်းရည် ထက်မြက်တဲ့ တပ်မတော် ဖြစ်ဖို့ဆိုရင် လူအင်အား များရုံနဲ့ မရပါဘူး။ တိုက်ပွဲဖြစ်တဲ့ နေရာကို တပ်မတစ်ခု စေလွှတ်ဖို့က ပျှမ်းမျှ သုံးရက်ကြာပါတယ်။ လူထောင်ချီကို နှစ်ရက်တည်းနဲ့ ရွှေ့ပြောင်း စေလွှတ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။(၆၉) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို  နေပြည်တော်တွင် ၂၀၁၄ ခုနှစ် မတ် ၂၇ ရက်က ပြုလုပ်နေစဉ် (Photo:AFP)
လေတပ် အင်အားတောင့်တင်းဖို့လိုသလို လေထီးစစ်သည်တွေကို အမြန်ဆုံး ပို့ဆောင်ပေးနိုင်ဖို့ လိုပါတယ်။တိုက်ခိုက်ရည်ဆိုတဲ့နေရာမှာလည်း ကိုယ့်ရဲ့စစ်သည်ဆီမှာ  စစ်လက်နက်ပစ္စည်း အစုံအလင်ရှိရပါမယ်။ ရော်ဘာဖိနပ်စီးပြီး သွားတိုက်လို့ မရပါဘူး။အခုပြန်ကြည့်ရင် တိုင်းပြည်တစ်ခုရဲ့ တပ်မတော်မှာရှိနေတဲ့ စစ်သည်တစ်ဦးချင်းရဲ့ အနေအထား၊ စက်လက်နက်ပစ္စည်း အသုံးပြုပိုင်ဆိုင်မှုဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာရှိနေတဲ့ ပိုင်ဆိုင်အသုံးပြုမှုနဲ့ယှဉ်ရင် ခေတ်နောက်ကျနေတာတွေကို တွေ့ရပါတယ်။စစ်သည်တစ်ဦးချင်းအလိုက် စစ်လက်နက်ပစ္စည်း အင်္ဂါစုံအောင် တပ်မတော်ဘက်က ဖြည့်ဆည်းပေးရပါဦးမယ်။ဒေသတွင်းနိုင်ငံတွေနဲ့ တန်းတူယှဉ်ပြိုင်နိုင်ဖို့ဆိုရင် စစ်အသုံးစရိတ်ကို ထပ်လျှော့ချလို့ မရနိုင်သေးပါဘူး။ တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်ဖို့မဟုတ်ဘဲ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ၊ နိုင်ငံနယ်နိမိတ်ကို ကာကွယ်နိုင်ဖို့အတွက် စစ်အသုံးစရိတ် လက်ရှိအတိုင်း ခွင့်ပြုဖို့ လိုအပ်နေပါသေးတယ်။ ခေတ်မီတပ်မတော် ဖြစ်ဖို့အတွက် ပြင်ဆင်တည်ဆောက်ရပါဦးမယ်။ဒါဟာ တပ်မတော်ရဲ့ တိုက်ခိုက်နိုင်မှုစွမ်းရည်  (Hardware) ပိုင်း ပြင်ဆင်မှုအတွက် လိုအပ်တဲ့အချက်တွေပါ။ 
(၉)ဒုတိယအချက်ဖြစ်တဲ့ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေ အပါအဝင် စစ်သည်အားလုံးရဲ့ အမူအကျင့်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ (Software) ပိုင်းကို တပ်မတော်ဘက်က ပြင်ဆင်ရပါဦးမယ်။တပ်မတော်နဲ့ ပတ်သက်လို့ ပြည်သူအများစု စိုးရိမ်နေကြတာ ရှိတယ်။၁၉၈၈ တုန်းကလို အာဏာသိမ်းပြီး ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုက်မယ်။ အစိုးရက ၁၉၈၈ ခုနှစ်ပုံစံအတိုင်း လုပ်လိုက်မယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ဒါပေမဲ့ ၁၉၈၈ ခုနှစ်တုန်းကလို လုပ်လို့မရတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။နံပါတ်တစ် အချက်က သတင်းစီးဆင်းမှု အရမ်းလျင်မြန်ပါတယ်။ အိုင်တီခေတ် ဖြစ်နေပါပြီ။ မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူ လေးသန်းလောက် ရှိနေပါတယ်။ မိုဘိုင်းဖုန်းသုံးစွဲသူ သန်း ၂၀ ကျော် ရှိပါတယ်။ ဒါတွေကို  အကုန်ပိတ်ပစ်လိုက်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ Facebook ကို ပိတ်ပစ်လိုက်နိုင်သည့်တိုင်အောင် မိုဘိုင်းဖုန်း သုံးစွဲသူအားလုံးရဲ့ SMS စနစ်ကို လုံး၀ ပိတ်ပစ်လိုက်ဖို့ မဖြစ်နိုင်ပါဘူး။နောက်တစ်ချက်က နိုင်ငံတကာကနေ အစိုးရယူထားတာတွေ အများကြီးရှိပါတယ်။အာဏာသိမ်းလို့ရှိရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေမှာ ထိခိုက်သွားမှာက ခရိုနီလုပ်ငန်းရှင်တွေနဲ့ စစ်တပ်ပဲ ဖြစ်ပါတယ်။အာဏာသိမ်းတာနဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှု (Sanction) ပြန်လာမှာပါပဲ။ ဒီတစ်ကြိမ် အရေးယူပိတ်ဆို့ခံရရင် မလွယ်တော့ပါဘူး။ မြန်မာနိုင်ငံထက် ပိုမိုတောင့်တင်းခိုင်မာတဲ့ ရုရှားနိုင်ငံတောင်  အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုဒဏ်ကို တောင့်မခံနိုင်ခဲ့ပါဘူး။  ထိုင်းနိုင်ငံပုံစံမျိုး ဖြစ်လာဖို့လည်း မမျှော်လင့်ပါနဲ့။ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တယ်ဆိုပေမဲ့ လွှတ်တော်ရော၊ အရပ်ဘက် နှစ်ရပ်လုံးမှာ ခိုင်မာတဲ့ Institution တွေရှိပါတယ်။နောက်တစ်ချက် ထိုင်းနိုင်ငံမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှု အများအပြားရှိပါတယ်။ ဒါက မြန်မာနိုင်ငံနဲ့ မတူတဲ့အချက်ပါ။အခုချိန်မှာ ထိုင်းစစ်ဦးစီးချုပ် ပရာယွတ်က စစ်အာဏာသိမ်းပြီး ဝန်ကြီးချုပ်တာဝန် ယူထားတယ်။ စစ်အာဏာသိမ်းမှုအတွက် ဘုရင်က ထောက်ခံထားတယ်ဆိုပေမဲ့ ရွေးကောက်ပွဲ ပြန်လုပ်ရမှာပါ။ရွေးကောက်ပွဲလုပ်ပြီဆိုရင် ပရာယွတ် ရှုံးနိမ့်ပါလိမ့်မယ်။ သူ့ကို ထိုင်းပြည်သူတွေက လက်မခံကြပါဘူး။  ထိုင်းပုံစံအတိုင်း မြန်မာနိုင်ငံက လိုက်လုပ်မယ်ဆိုရင် အရင်ဖြစ်ခဲ့တာတွေထက် ပိုဆိုးသွားပါလိမ့်မယ်။ လူ့ အရင်းအမြစ်၊ သယံဇာတ ကုန်ခန်းမှုတွေအပြင် မြန်မာနိုင်ငံဟာ လစ်ဗျားတို့၊ အီရတ်တို့လို ပြာပုံဘဝက မထနိုင်တဲ့ နိုင်ငံဖြစ်သွားမယ်။ အာဖရိကနိုင်ငံတွေ နောက်ကို ရောက်သွားပါလိမ့်မယ်။ 
(၁၀)တပ်မတော်က အာဏာသိမ်းလိုက်မယ် ဒါမှမဟုတ် အာဏာကို လွှဲပြောင်းယူမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နှစ်နှစ်ဆက်တိုက် အာဏာကို ချုပ်ကိုင်ရယူထားမယ်ဆိုရင် ထပ်ဖြစ်လာနိုင်တဲ့ ပြဿနာက တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်တဲ့ အန္တရာယ်ဖြစ်ပါတယ်။ အခုချိန်မှာ “ဝ” ရဲ့ အင်အား က သုံးသောင်း ရှိပါတယ်။ အရန်အင်အားကို ထည့်ပေါင်းရင် ခုနစ်သောင်းလောက် ရှိပါတယ်။ သူတို့ နယ်မြေအနေအထား၊ စစ်လက်နက်ပိုင်ဆိုင်မှုအရ တပ်မတော်ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်တဲ့ အဖွဲ့ပါ။ ရှမ်းပြည်နယ်တစ်ခုလုံးကို သိမ်းလိုက်နိုင်ပါတယ်။ ဒီအချက်ကို ရှမ်းတိုင်းရင်းသား နိုင်ငံရေးသမားတိုင်း စိုးရိမ်ပါတယ်။အကယ်၍ “ဝ”၊ မိုင်းလား၊ ကိုးကန့်၊ ကချင် ဒီလေးခု ပေါင်းလိုက်တာနဲ့ တစ်ပြိုင်နက် တရုတ်နယ်စပ်တစ်ခုလုံး ကွဲထွက်သွားနိုင်ပါတယ်။     မြန်မာနိုင်ငံအရှေ့ပိုင်း တရုတ်နယ်စပ် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသလို မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်ကလည်း စိုးရိမ်စရာ ကောင်းပါတယ်။ရှင်းရှင်းလင်းလင်းပြောရင် ဘင်္ဂလားဒေ့ရှ်က ညာသံပေးနေတာ အကြောင်းမဲ့ မဟုတ်ပါဘူး။  သူတို့လုပ်နေတဲ့ မြစ်ကူးစစ်ဆင်ရေး အပါအဝင် စစ်ရေးလေ့ကျင့် မှု၊ စစ်အင်အား တိုးချဲ့မှုအားလုံးက မြန်မာကို ရည်ညွှန်းနေပါတယ်။ဒါတွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံဟာ အရှေ့ဘက်မှာရော၊ အနောက်ဘက်မှာရော ရန်တွေ အားလုံးနဲ့ ရင်ဆိုင်နေရတယ်။   ဒါကြောင့် တပ်မတော်က ဘယ်လိုမှ အာဏာသိမ်းလို့ မရပါဘူး။  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တပ်မတော်အကြား ပြေလည်အောင် ညှိနှိုင်းဆွေးနွေးရပါမယ်။ တိုင်းရင်းသားအရေး ဆွေးနွေးမှုမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုမပါဝင်ဘဲ ဆွေးနွေးလို့ မရဘူး။သူတို့မပါဘဲ ဆွေးနွေးရင် အဖြေက ဘယ်တော့မှရမှာ မဟုတ်ပါဘူး။ ကားပါမစ်ပေးတဲ့ ငြိမ်းချမ်းရေး အဆင့်လောက်ပဲ ရနိုင်ပါမယ်။တကယ့် ဖက်ဒရယ် ပြည်ထောင်စုစစ်စစ်က ဒေါ်အောင်ဆန်းစုကြည်မပါဘဲ၊  ဒီမိုကရေစီ အင်အားစုတွေ မပါဘဲ၊ သူတို့ရဲ့ သဘောတူညီချက်၊ ပြည်သူလူထုရဲ့ သဘောတူညီချက်မပါဘဲ လုပ်မယ်ဆိုရင် ရေရှည်ခိုင်ခံ့မှာ မဟုတ်ပါဘူး။ တည်တံ့မှာလည်း မဟုတ်ဘူး။ အချိန်မရွေး ပျက်သွားနိုင်ပါတယ်။ 
(၁၁)တပ်မတော်အတွက် အရေးကြီးဆုံး လုပ်ရမှာက နိုင်ငံ့အချုပ်အခြာအာဏာ ကာကွယ်ဖို့အတွက်  စွမ်းရည်ထက်မြက်တဲ့ တပ်မတော်ဖြစ်ရေးပါပဲ။ နိုင်ငံရေးကို အာရုံစိုက်နေလို့ မရပါဘူး။  တပ်မတော်အနေနဲ့ မဟာဗျူ ဟာအစီအစဉ် ချမှတ်ဖို့ အဓိက အကြောင်းအရာက ရွေးကောက်ပွဲကို တရားမျှတစွာကျင်းပပေးဖို့၊  နောက်တက်လာမယ့် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လက်တွဲခေါ်သွားဖို့ပဲ ဖြစ်ပါတယ်။တပ်မတော် ခေါင်းဆောင်တွေကိုယ်တိုင် နိုင်ငံရေးထဲမှာ ပါဝင်ပတ်သက်မှု မရှိရဘူး။ သမ္မတအဖြစ် ရည်မှန်းထားရင်လည်း တပ်မတော် ခေါင်းဆောင်အဟောင်းတွေ၊ အသစ်တွေ လက်လျှော့လိုက်ပါ။နောက်တက်မယ့် သမ္မတဟာ  အရပ်သားအစိုးရပဲ ဖြစ်သင့်ပါတယ်။ အရပ်သား သမ္မတပဲ ဖြစ်သင့်ပါတယ်။ ဒီလို မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲမှာ ညစ်ဖို့ ကြိုးစားခဲ့ပြီဆိုရင်တော့ ဆိုးကျိုးတွေကိုပဲ ရင်ဆိုင်ရပါလိမ့်မယ်။ဆိုလိုတဲ့ အဓိပ္ပာယ်က အခု တပ်မတော်ခေါင်းဆောင်ဟောင်းတွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ရှင်သန်အောင်ပဲ ကြိုးစားဖို့လိုမယ်။ အကယ်၍ ရွေးကောက်ပွဲမှာ အနိုင်မရလို့ ရှုံးရင်လည်း အရှုံးကို လက်ခံဖို့ လိုပါမယ်။ဒီအတိုင်းပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သမ္မတဖြစ်လာဖို့ မရှိပါဘူး။ ဒီဟာကို ဇွတ်အတင်း လုပ်မယ်ဆိုရင် ပြည်သူလူထု မထောက်ခံဘဲနဲ့ ဇွတ်အတင်းလုပ်မယ်ဆိုရင် တိုင်းပြည်ဟာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားမယ်။ ဒါကြောင့်မို့ တပ်မတော်ရဲ့မဟာဗျူဟာ ပြောင်းလဲရမယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်က အာဏာနဲ့ ပတ်သက်တဲ့၊  Power Politics နဲ့ ပတ်သက်တဲ့နေရာမှာ ရှိမနေဖို့ လိုပါတယ်။  အရပ်သား အစိုးရတစ်ရပ် ပေါ်ထွန်းလာဖို့အရေး ရွေးကောက်ပွဲကို မျှမျှတတလုပ်ပြီး အရပ်သားအစိုးရ ပေါ်ထွန်းလာရေးကိုပဲ တပ်မတော်လုပ်သင့်ပါတယ်။ ဒါကိုပဲ ဆောင်ရွက်ရပါလိမ့်မယ်။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး တက်လာတဲ့ အရပ်သားအစိုးရအနေနဲ့ လမ်းကြောင်းမချော်သွားဖို့ တပ်မတော်အနေနဲ့ မိမိသြဇာတိက္ကမနဲ့ ကူညီဆောင်ရွက်တဲ့နည်းကိုပဲ ဆောင်ရွက်ပါ။ ဒါဟာ တပ်မတော် လုပ်ရမယ့်တာဝန်ပဲ ဖြစ်ပါတယ်။တိုင်းပြည်မှာ ဘေးအန္တရာယ်တွေ ဝန်းရံနေတဲ့အချိန်မှာ တပ်မတော်ဟာ လူထုချစ်တဲ့ တပ်မတော်၊ သြဇာတိက္ကမရှိတဲ့ တပ်မတော်ဖြစ်အောင် လုပ်ရပါမယ်။  တပ်မတော်ဟာ အာဏာနဲ့ တိုင်းပြည်ကို အုပ်ချုပ်လို့ မရပါဘူး။အာဏာနဲ့ အုပ်ချုပ်တဲ့ အာဏာရှင် အဖွဲ့အစည်း အဖြစ်ကနေ ဩဇာတိက္ကမနဲ့ တိုင်းပြည်မှာ ကြံ့ကြံ့ခိုင်နိုင်တဲ့ Institution နဲ့ တိုင်းပြည်ကို ကူညီဆောင်ရွက်တဲ့ မဏ္ဍိုင်ကြီး သုံးရပ်ကို ကူညီဆောင်ရွက်တဲ့ အဖွဲ့အစည်းပဲ ဖြစ်ရပါလိမ့်မယ်။  
(၁၂)
အခုချိန်မှာ တပ်မတော်ရဲ့ မဟာဗျူဟာဟာ တိုင်းပြည် လုံခြုံရေးအတွက် အရေးကြီးဆုံးပါပဲ။သယံဇာတတွေ ကုန်ဆုံးသွားတဲ့ ပြဿနာ၊ တရုတ်နဲ့ အမေရိကန်ရဲ့ ပြိုင်ဆိုင်မှု မြန်မာဘက်ကို ရွေ့လာတဲ့ ပြဿနာ၊ အမျိုးသား လုံခြုံရေး ပြဿနာ၊ အနောက်ဘက်တံခါး အခြေအနေတွေကြောင့် တပ်မတော်ဟာ အမျိုးသား လုံခြုံရေး အဖြစ် ဦးစားပေးတဲ့ အဖွဲ့အစည်း အဖြစ် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ လိုပါတယ်။ ဒီလို ပြောင်းလဲလိုက်မှ ဂုဏ်သိက္ခာ ရှိပါမယ်။ အင်အားရှိပါမယ်။ပြည်သူလူထု မုန်းတီးတဲ့၊ တိုင်းရင်းသားတွေ မုန်းတီးတဲ့ တိုင်းရင်းသားတွေကို နှိပ်ကွပ်တဲ့ အဖွဲ့အစည်းတစ်ရပ် မဖြစ်ဖို့ ပြင်ဆင်ရပါမယ်။လောက်ကိုင် အခြေအနေကိုပဲ ကြည့်လိုက်ပါ။ ကချင်နဲ့ တိုက်ပွဲဖြစ်ချိန်မှာ တပ်မတော်ဘက်က အများအပြား ကျဆုံးပါတယ်။ ဒါပေမဲ့ ပြည်သူလူထုဘက်က စာနာမှု မပြခဲ့ပါဘူး။ လောက်ကိုင်တိုက်ပွဲကျတော့ ကချင်တိုက်ပွဲနဲ့ မတူတော့ပါဘူး။ ကျဆုံးသွားသူတွေကို စာနာပြီး တပ်မတော်ကို ထောက်ခံကြောင်း ပြည်သူတွေ ပြခဲ့ကြပါတယ်။ဒါက နောက်ကွယ်မှာ တရုတ် ပါဝင်နိုင်တယ်၊ ကျူးကျော်စစ် ဖြစ်နိုင်တယ်ဆိုတဲ့ အတွက်ကြောင့်ပါ။  ပြည်ပရန် ကာကွယ်မှု အပိုင်းမှာ တပ်မတော်ဟာ အင်အားရှိတဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်နေတုန်းပဲ။ အဲဒီတော့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီတဲ့ တပ်မတော်ဖြစ်အောင် ကိုယ့်ဟာကိုယ် တည်ဆောက်ယူရပါမယ်။ပြည်သူလူထု မချစ်ဘဲနဲ့၊ တိုင်းရင်းသား လူမျိုးတွေ အပေါ်မှာ ညှာတာထောက်ထားမှု မရှိတဲ့ တပ်မတော်ဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။အဲဒီလို တည်ဆောက်ဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တပ်မတော်ယူထားတဲ့ အခွင့်အရေးတွေ အားလုံးကို အခုချိန်ကစပြီး စွန့်လွှတ်ရပါမယ်။ တဖြည်းဖြည်းချင်း စွန့်လွှတ်ရပါမယ်။ Power Politics မှာ တပ်မတော် ခေါင်းဆောင်တွေ ပါဝင်ပတ်သက်လို့ မရပါဘူး။ 
(၁၃)
ပြည်သူလူထုက အာဏာရှင်တွေနဲ့ စစ်တပ်ကို ခွဲမြင်ကြပါတယ်။ အဲဒါကို လုပ်ဖို့က ကာကွယ်ရေး ဦးစီးချုပ်မှာ တာဝန်ရှိတယ်။လောက်ကိုင် တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ မိသားစုဝင်တွေအတွက် ငွေလှူလိုသူတွေ များခဲ့ပါတယ်။ လူမှုကွန်ရက် Facebook ပေါ်က မှတ်ချက်တွေကို ကြည့်ရင်လည်း ပြည်သူလူထုဟာ အာဏာရှင်နဲ့ စစ်တပ်၊ စစ်အာဏာရှင်နဲ့ အညတရ စစ်သည်တွေကို ခွဲမြင်ကြတာကို တွေ့ရပါတယ်။တိုင်းရင်းသားတွေကို နှိပ်ကွပ်တဲ့ တပ်မတော် မဖြစ်စေချင်ပါဘူး။လောက်ကိုင်လို ကိစ္စမျိုးမှာ ပြည်သူလူထုက တပ်မတော်ကို မမုန်းဘူးဆိုတာ ပေါ်လွင် ထင်ရှားပါတယ်။ ဒီလို မမုန်းဘူး ဆိုတာနဲ့ လူထုထောက်ခံမှုကို တပ်မတော်က ရရှိသွားပြီလို့ မထင်ပါနဲ့။တပ်မတော်ဟာ ယာယီ အခိုက်အတန့် အားဖြင့် ပြည်ပရန် ကာကွယ်၊ အချုပ်အခြာ အာဏာကို ကာကွယ်ရာမှာသာ ရခဲ့တာ ဖြစ်တယ်။  တပ်မတော်ဟာ အာဏာရှင် စနစ်ကို ဖက်တွယ်နေတယ်လို့ သံသယရှိတဲ့ သူတွေ အများကြီး ရှိပါတယ်။ အာဏာရှင်တွေကို ကာကွယ်ပေးနေတယ်၊ အာဏာရှင် စနစ်ကို ဖက်တွယ်နေတယ်၊ တပ်မတော် အကြီးအကဲတွေက အာဏာကို လက်လွှတ်ဖို့အတွက် နောက်ထပ် အာဏာကို နည်းမျိုးစုံနဲ့ ယူလည်း ယူနိုင်တယ်၊ တစ်နေ့နေ့မှာ အာဏာသိမ်းနိုင်တယ် ဆိုတဲ့ သံသယတွေ ပြည်သူလူထုဆီမှာ ရှိနေပါတယ်။  ဒီသံသယတွေကြောင့်လဲ တိုင်းပြည်မှာ အခု ပြဿနာတွေ ဖြစ်နေတာ။ 
(၁၄)
တပ်မတော် အနေနဲ့ ပြင်ဆင်ရမှာ နှစ်ပိုင်း ရှိပါတယ်။ ပထမ အချက်က တိုက်ခိုက်ရေး စွမ်းရည်ပါ။ ဒုတိယ တစ်ချက်က စိတ်ဓာတ်၊ အမူအကျင့် ဖြစ်ပါတယ်။စိတ်ဓာတ်၊ အမူအကျင့် ပြောင်းဖို့အတွက် ကာကွယ်ရေး ဦးစီးချုပ်က စံနမူနာပြ ဖြစ်ရပါမယ်။ဒုတိယအချက် အနေနဲ့ တပ်မတော်ဟာ သူ့ရဲ့ တိုက်ရည်ခိုက်ရည်ကိုလည်း ပြောင်းလဲရပါမယ်။ အမူအကျင့်တွေ ပြောင်းလဲရမယ်။ ရပ်တည်မှု ပြောင်းလဲရပါမယ်။အထူးသဖြင့် စစ်သည်တွေရဲ့ စိတ်ဓာတ်တွေ ပြောင်းလဲပစ်ရမယ်။ စစ်လက်နက် ပစ္စည်းတွေမှာ ငွေအမြောက်အမြား သုံးစွဲတာ မဟုတ်ဘဲ စစ်သည်တွေရဲ့ လူနေမှု အဆင့်အတန်းကလည်း မြှင့်တင်ပေးရမယ်။ အခု ဖြစ်နေတာက အိမ်နီးချင်းနိုင်ငံတွေယှဉ်ရင် စစ်လက်နက် ပစ္စည်းတွေ မကဘူး စစ်သည်တွေရဲ့ လူနေမှု ဘဝတွေဟာ နိမ့်ကျနေတာ တွေ့ရပါတယ်။တပ်မတော်ဟာ စစ်သားစုဆောင်းစရာ မလိုပါဘူး။ တိုင်းပြည်ချစ်စိတ် တစ်ခုတည်းနဲ့လည်း တပ်မတော်ကို ဝင်စရာ မလိုပါဘူး။ ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်တစ်ခု အနေနဲ့ လူထုက သူ့အလိုအလျောက် ဝင်ရောက်တာမျိုး ဖြစ်သင့်ပါတယ်။ဒီလိုမလုပ်ဘဲ စစ်သားစုဆောင်းတဲ့အခါ တပ်မတော် အတွင်းမှာ စုဆောင်းခံရသူတွေရဲ့ စိတ်ခံစားမှု၊ အကျင့်စာရိတ္တ၊ အခြေအနေဟာ ပုံမှန်အခြေအနေ မဖြစ်တော့ပါဘူး။တကယ်တမ်း ပြန်ကြည့်ရင်လည်း တပ်မတော်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကလိုပဲ တကယ်ကို ဝင်ချင်တဲ့ တပ်မတော် ဖြစ်သင့်ပါတယ်။ နောက်တစ်ခုက လူနေမှု အဆင့်အတန်းက တပ်မတော်မှာရှိတဲ့ လူတွေက မြင့်မားဖို့ လိုသလို ဘဝအာမခံချက်ရှိဖို့ လိုတယ်။  ဘာလို့လဲဆိုရင် ပရော်ဖက်ရှင်နယ်ထဲမှာ အသက်ကို ရင်းပြီး လုပ်တဲ့ လုပ်ငန်း ဖြစ်တဲ့အတွက် တပ်မတော်သားတွေဟာ သူများတွေထက် အခွင့်အရေး ပိုရသင့်ပါတယ်။တပ်မတော်သားတွေဟာ အခွင့်အရေး ပိုရဖို့ ဆိုပြီး နယ်ဘက်ကို ပို့၊ လာဘ်စားခွင့်ပြု၊ မင်းတို့ ကြီးပွားစေတော့ ဆိုတဲ့ဟာက တပ်မတော်ရဲ့ အကျင့်စာရိတ္တကို ပျက်စီးစေပါတယ်။တပ်မတော်သားတွေနဲ့ တပ်မတော် အရာရှိတွေရဲ့ အကျင့်စာရိတ္တနဲ့ သူတို့ရဲ့ ရပ်တည်ချက်ကို ပျက်စီးစေပါတယ်။  နယ်ဘက်ကို တပ်မတော် အရာရှိတွေ စေလွှတ်တာ၊ နိုင်ငံရေး နယ်ပယ်ထဲကို စေလွှတ်တာ တပ်မတော်ရဲ့ အကျင့်စာရိတ္တကို ပျက်စီးတယ်။ ဒါမျိုးတွေကိုလည်း ရှောင်ကြဉ်ရပါမယ်။အခုချိန်မှာ တပ်မတော်ဟာ ဒို့တာဝန် အရေးသုံးပါးထဲက အချုပ်အခြာ အာဏာကို ကာကွယ်ဖို့နဲ့ ပြည်ထောင်စု မပြိုကွဲရေးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်က အရေးပါသွားပါပြီ။တိုင်းပြည်က ပြိုကွဲသွားနိုင်တယ်။ ပြည်ထောင်စုက ပြိုကွဲသွားနိုင်တယ်။ အချုပ်အခြာ အာဏာကို ဆုံးရှုံးသွားနိုင်တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပြန်တည်ဆောက်ရဦးမယ်။ ဒို့တာဝန် အရေးသုံးပါးထဲက နှစ်ပါးကို ကာကွယ်ဖို့၊ မဖြစ်မနေ လုပ်ဖို့ တာဝန်ရှိတယ်။အဲဒီတာဝန် ကျေဖို့ဆိုရင် တပ်မတော်ရဲ့ မဟာဗျူဟာကို ပြောင်းဖို့ လိုအပ်လာပါပြီ။လောက်ကိုင် တိုက်ပွဲတွေဟာ တပ်မတော်အတွက် နမူနာ ယူစရာ ဖြစ်ပါတယ်။ အကျအဆုံး များခဲ့ပေမယ့် တပ်မတော်ကို ပြည်သူလူထုက ၁၉၆၂ ခုနှစ် မတိုင်မီက တပ်မတော်၊ ၁၉၈၈ ခုနှစ် မတိုင်မီက တပ်မတော်အဖြစ် လိုလားတယ်ဆိုတာ ထင်ရှားပါတယ်။နိုင်ငံရေးမှာ ဝင်ရောက် ပါဝင်ခဲ့တဲ့အတွက် မုန်းတီးခဲ့ကြပေမယ့် အာဏာရှင်နဲ့ စစ်တပ်ကို လူထုက ခွဲမြင်ပေးခဲ့ပါတယ်။ ပြည်ပရန်ကို ကာကွယ်ဖို့အတွက် တပ်မတော်ကို အားပေးခဲ့ပါတယ်။ဒါဟာ တပ်မတော်အတွက် အရေးကြီးဆုံး တာဝန်က တိုင်းပြည် လုံခြုံရေးအတွက် ဖြစ်တယ် ဆိုတာကို ပြသနေတာပါ။ အချုပ်အခြာ အာဏာကို ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။လောက်ကိုင် တိုက်ပွဲက တပ်မတော် ဘာလုပ်ရမလဲ ဆိုတာကို မီးမောင်းထိုးပြ နေပါတယ်။

 

 

Most Read

Most Recent