အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ အုတ်မြစ်ချခဲ့သော ပင်လုံစိတ်ဓာတ်အား အခြေခံတည်ဆောက်ရန် NLD တိုက်တွန်း

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ အုတ်မြစ်ချခဲ့သော ပင်လုံစိတ်ဓာတ်အား အခြေခံတည်ဆောက်ရန် NLD တိုက်တွန်း
Published 13 February 2015
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

 
 
တိုင်းရင်းသားမျိုးနွယ်စုအားလုံး၏ ဆန္ဒနှင့်ဘဝ ထပ်တူကျစေမည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စသည်တို့ကို ပင်လုံစိတ်ဓာတ် အခြေခံ၍ တည်ဆောက်ကြရန် ယနေ့  (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် တစ်မျိုးသားလုံးအား အလေးအနက် တိုက်တွန်းသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် ထုတ်ပြန် ကြေညာခဲ့သည်။
 
NLD ပါတီက ဦးစီးကျင်းပသော (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ ပြုလုပ်ခဲ့ရာ NLD နာယက ဦးတင်ဦး၊ NLD ပါတီ ခေါင်းဆောင်များ၊  သံတမန်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် NLD ဗဟိုအလုပ်အမှုဆောင်  ဦးထွန်းထွန်ဟိန်က ပါတီ၏ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်ကို ဖတ်ကြားခဲ့သည်။
 
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် ပင်လုံမြို့၌ လွတ်လပ်ရေးဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင် ၂၃ ဦး တို့က အမျိုးသားလွတ်လပ်ရေးနှင့် အနာဂတ် နိုင်ငံတော်သစ်အတွက် အမြော်အမြင်ရှိရှိ စွမ်းဆောင်ခဲ့ကြသည့် ပင်လုံစာချုပ်ကို လေးစားတန်ဖိုးထား ဂုဏ်ပြုသတိရကြရမည် ဖြစ်ကြောင်း၊ ပင်လုံစာချုပ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် လူမျိုးစုခေါင်းဆောင်ကြီးများ၏ စိတ်ရှည်သည်းခံမှု၊ ဇွဲနပဲကြီးမှု၊ သွေးစည်းညီညွတ်မှုနှင့် မျိုးနွယ်စုဆိုင်ရာ သမိုင်းကြောင်း ယဉ်ကျေးမှုစရိုက်၊ အတွေးအခေါ် ဇာတိရနံ့များနှင့် တန်ဖိုးများအပေါ် တည်ကြည်လေးနက်ခြင်းပုံရိပ်ကို ထင်ဟပ်မှုဖြစ်ကြောင်းနှင့် ပင်လုံစာချုပ်သည် လွတ်လပ်ရေး တန်းတူညီမျှရေး၊ တရားမျှတရေးဟူသည့် မျိုးနွယ်စုဆိုင်ရာ အခြေခံတရားများ၏ သင်္ကေတလည်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း အုပ်ချုပ်ခဲ့ကြသူများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ အုတ်မြစ်ချခဲ့သော ပင်လုံစိတ်ဓာတ်နှုန်း စံတန်ဖိုးများအပေါ် လေးစားလိုက်နာ အကောင်အထည်ဖော်မှု အားနည်းခဲ့ပြီး တိုင်းရင်းသားပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် မဖြေရှင်းဘဲ၊ အကြမ်းဖက်ချေမှုန်းရေး နည်းလမ်းများဖြင့်သာ ဖြေ ရှင်းခဲ့ကြသဖြင့် အမျိုးသား သွေးစည်းညီညွတ်ရေး ပျက်ပြားခဲ့ကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။ 
 
“တောင်တန်းဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခု ရရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝပြုမူလိမ့်မည် မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင် ပြဠာန်းခွင့် အပြည့်အဝရှိကြောင်း မူအားဖြင့် လက်ခံသည်။ 
 
တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်” ဟူသော ပင်လုံစာချုပ်ပါ မူကိုးချက်တို့သည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ယမ်းငွေ့များကြားတွင် မှေးမှိန် ပျောက်ကွယ်ခဲ့ရပေသည်ဟု NLD  ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်က “ပြည်ထောင်စု မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအနေနဲ့ ရပ်တည်ခဲ့တာ အခုဆိုရင် ရာစုနှစ်ဝက်ခန့် ဖြစ်တယ်။ ဒါပေမဲ့လည်း စစ်မှန်တဲ့ တိုင်းရင်းသားညီညွတ်မှုကို ကျွန်မတို့ မစွမ်းဆောင်နိုင်ခဲ့သေးတာကြောင့်မို့လို့ ဒီဟာကို ပြည်ထောင်စုအစစ်လို့ ခေါ်ရမှာ အင်မတန်မှ ခက်ခဲပါတယ်”ဟု ကောက်ချက်ချထားကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။
 
ထို့ပြင် တိုင်းရင်းသားများအကြားတွင် ရှိနေသည့် ပြဿနာများကို လက်နက်နည်းဖြင့် ဖြေရှင်းလို့ရမည် မဟုတ်၊ နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းနိုင်မည်ဆိုသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အခိုင်အမာ ရပ်တည်ချက်ဖြစ်ကြောင်း၊ ညီညွတ်ရေးဆိုသည်မှာ လက်နက်အင်အား၊ အမိန့်အာဏာတို့ဖြင့် ရယူနိုင်သည့် အရာမျိုးမဟုတ်ဘဲ နှလုံးသားထဲမှာ ပေါက်ဖွားလာသည့် တစ်ဦးကို တစ်ဦး ရိုင်းပင်းကူညီချင်စိတ်၊ ချစ်ချစ်ခင်ခင် လက်တွဲ၍ အနာဂတ်ကို အတူရင်ဆိုင်ချင်စိတ်များဖြင့်သာ ခိုင်မာတည်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
 
(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့သည် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် မွေးနေ့နှင့် ကြုံကြိုက် ဆုံဆည်းနေသည့်အတွက် မင်္ဂလာရှိကြောင်း၊ အမျိုးသားလွတ်လပ်ရေးကို အရယူပေးခဲ့ခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမဏ္ဍိုင်ကို အခြေခံ စိုက်ထူပေးခဲ့ခြင်း၊ ၁၉၄၇ ခုနှစ် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးဆောင်ရေးဆွဲပေးခဲ့ခြင်း၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေးမှ မွေးဖွားသန့်စင်ခဲ့သော တပ်မတော်ကို ပြည်သူ့တပ်မတော်အဖြစ် ဖွဲ့စည်းတည်ထောင်ပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ကူးများ၊ အိပ်မက်များ လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။  
 

Most Read

Most Recent