ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်သွားရန် ကတိပြုချက်အစိုးရနှင့် ပြည်ထောင်စုနေ့တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့အနက် လေးဖွဲ့ လက်မှတ်ရေးထိုး

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်သွားရန် ကတိပြုချက်အစိုးရနှင့် ပြည်ထောင်စုနေ့တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့အနက် လေးဖွဲ့ လက်မှတ်ရေးထိုး
Published 13 February 2015
နေရိုင်း၊ ဇေယျာထွန်း

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်သွားရန် ကတိပြုချက်အစိုးရနှင့် ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့အနက် လေးဖွဲ့က နေပြည်တော်ရှိ MICC 2 ၌ ဖေဖော်ဝါရီ ၁၂ ရက်က ပြုလုပ်သည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
 
အဆိုပါကတိပြုချက်ကို လက်မှတ်ရေးထိုးခဲ့သော အဖွဲ့လေးဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်တို့ ဖြစ်ကြသည်။
 
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့ လက်မှတ်ရေးထိုးခဲ့သည့် ကတိပြုချက်မှာ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် ငါးချက်အား ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သန္နိဠာန်ပြုခဲ့ကြကြောင်း၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ရှေးရှုလျက် ပင်လုံစိတ်ဓာတ်နှင့်အညီ နိုင်ငံသားအားလုံး၏ လွတ်လပ်မှု၊ အမျိုးသားတန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဠာန်းခွင့်များ ပါဝင်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေး ပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသည် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးတွင် အဓိကဖြစ်သည့်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး ဦးစွာဆောင်ရွက်ရန်၊ သမိုင်းကြာရှည်စွာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရေးအတွက် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်မည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ထူထောင်ပြီး ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံး ပါဝင်ခွင့်ရှိသည့် နိုင်ငံရေးဆွေးနွေးပွဲများကို အလျင်အမြန် ကျင်းပရေး ပူးပေါင်းဆောင်ရွက်ရန်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အပြီးသတ်လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အမြန်ဆုံးရေးဆွဲခြင်းနှင့် သဘောတူညီသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့်အညီ ပဏာမ နိုင်ငံရေးဆွေးနွေးပွဲကို ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများမတိုင်မီ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် လုပ်ငန်းစဉ်များကာလအတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် နှစ်ဖက်တပ်များ ထိတွေ့မှုများကို ရှောင်ရှားနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်စေမည့် အရေးယူဆောင်ရွက်ခြင်းများ မပြုလုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်များကို လက်မှတ်ရေးထိုး ကတိပြုခဲ့ခြင်းတို့ ဖြစ်သည်။
 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က“ ပြည်သူတို့က လက်မှတ်ထိုးဖို့ မျှော်လင့်နေတယ်။ ပြည်သူတို့ရဲ့မျှော်လင့်ချက်ကို ကျွန်တော်တို့ ကတိကဝတ်ပြုပေးဖို့ လိုပါတယ်။ကျွန်တော်တို့က ငြိမ်းချမ်းရေးကို ဆက်ပြီး လုပ်မှာပါ။ လူတစ်ဦးချင်းစီရဲ့ သဘောထားအမြင်တွေ၊ အဖွဲ့အစည်းတွေရဲ့ သဘောထားအမြင်တွေကို ကြည့်လိုက်တဲ့အခါမှာ ငြိမ်းချမ်းရေးကို လိုလားကြတယ်။ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းဆောင်ရွက်မှုကို အောင်မြင်ချင်ကြတယ်ဆိုတဲ့ အချက်က အားလုံးတူညီကြတာကို တွေ့ရပါတယ်။ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ရချင်တယ်။ 
ငြိမ်းချမ်းရေးကို အောင်မြင်စေချင်တယ်။ ငြိမ်းချမ်းရေး ရချင်တယ်ဆိုရင် လုပ်ရမှာက ကျွန်တော်တို့ရဲ့ အလုပ်ပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရဖို့ သက်ဆိုင်ရာခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့က အသိဆုံးပါ။ အကြိမ်ပေါင်းများစွာ အခက်အခဲ အပင်ပန်းခံပြီး ညှိနှိုင်းဆွေးနွေးတာတွေ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဆွေးနွေးပွဲပေါင်းများစွာကို ခြေဖျက်ပြီးတော့မှ ယုံကြည်မှုတွေ တည်ဆောက်နေကြပါတယ်။ အခုဆိုရင် ခေါင်းဆောင်ပိုင်းတွေကတော့ ပြောမနာ၊ ဆိုမနာ ရယ်ရယ်ပြုံးပြုံးနဲ့ လက်ဆွဲနှုတ်ဆက်နေကြပါတယ်။ 
အထက်ပိုင်းတွေကတော့ ယုံကြည်မှုတွေ အပြည့်အဝရနေပါပြီ။ သို့သော်လည်း ခါးလယ်ပိုင်းတွေ၊ အောက်ခြေပိုင်းတွေ ယုံကြည်မှုရဖို့အတွက်ကလည်း ကျွန်တော်တို့မှာ အချိန်လိုအပ်နေတာ ဖြစ်ပါတယ်။ အထက်ကတော့ မင်းတို့ မပစ်ကြနဲ့ မတိုက်ကြနဲ့လို့ ပြောနေသော်လည်းပဲ ခါးလယ်ပိုင်းတွေ၊ အောက်ခြေပိုင်းတွေမှာ ယုံကြည်မှုတွေ မတည်ဆောက်နိုင်သေးတဲ့အတွက်ကြောင့် လက်ကျန်တိုက်ပွဲတွေ ဖြစ်နေကြတာပါ။ ပစ်ခတ်တိုက်ခိုက်မှုတွေ ကျွန်တော်တို့ ရပ်စဲမယ်။ အဲဒီရဲ့ရည်ရွယ်ချက်က အကြောင်းနှစ်ချက် ရှိပါတယ်။ ပထမတစ်ချက်ကတော့ နိုင်ငံရေးဆွေးနွေးပွဲကို သွားနိုင်ဖို့ဖြစ်ပါတယ်။ လက်နက်နဲ့ တိုက်ခတ်မှုတွေက တကယ်ပဲ လုံးဝရပ်စဲသွားမလားဆိုတာ အာမခံလို့ မရပါဘူး။ သို့သော်လည်း ထိန်းကွပ်မယ့်အဖွဲ့က ရှိသွားပြီ ဖြစ်ပါတယ်။ နောက်တစ်ချက်က စစ်ကြောင့် ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ၊ အထူးသဖြင့် နယ်စပ်မှာရှိနေတဲ့ တိုင်းရင်းသားတွေက ဒီဒဏ်ကို ခါးဆီးခံနေရတာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
 
ကေအင်န်ယူ အထွေထွေအတွင်းရေးမှူး ဦးစောကွယ်ထူးက“ငြိမ်းချမ်းရေးရတဲ့အထိ တစ်ပြည်လုံး အပစ်အခတ်ရပ်တဲ့အထိ ကြိုးပမ်းဆောင်ရွက်သွားမယ်။ ဆောင်ရွက်တဲ့နေရာမှာ အားလုံး ပူးပေါင်းဆောင်ရွက် သွားမယ်။ အခုလို နိုင်ငံရေးဆွေးနွေးမှုဆိုတဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရတဲ့ အကြောင်းရင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်ပြီး ကြိုးစားသွားမယ်။ အကောင်အထည်ဖော်သွားမယ်ဆိုတဲ့ ကတိကဝတ်ပြုတာပေါ့နော်။ ဒီမှာက ပိုပြီးတော့ ကျယ်ပြန့်တာပေါ့နော်။ ပင်လုံစာချုပ်တုန်းကတော့ သုံးဖွဲ့လေးဖွဲ့ပေါ့နော်။ အဲမှာတော့ အစိုးရရဲ့ကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းရယ်။ နောက်ပြီးတော့ ချင်းအမျိုးသားကိုယ်စားလှယ်၊ ရှမ်းအမျိုးသားကိုယ်စားလှယ်၊ ကချင်အမျိုးသားကိုယ်စားလှယ်။ အခုတော့ အဖွဲ့တော့ စုံနေတာပေါ့နော်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းလည်း ရှိတယ်။ တိုင်းရင်းသားပါတီအဖွဲ့ ကိုယ်စားလှယ်လည်း ရှိတယ်။ နောက်ြပြီးတော့ အစိုးရ၊ သမ္မတ၊ လွှတ်တော် ပိုပြီးစုံတယ် ပိုပြီးတော့ ကျယ်ပြန့်တယ်။ ဒါပေမဲ့ ကတိပါပဲ။ ပင်လုံစာချုပ်မှာလည်း ကတိမတည်လို့ဖြစ်လာခဲ့တာ။ 
ဒီ ကတိမတည်ရင် ပြန်ဖြစ်မလားတော့ မသိဘူးပေါ့နော်”ဟု ပြောကြားသည်။
 
MPC မှ ဦးလှမောင်ရွှေက “လက်မှတ်ရေးထိုးဖို့ အစပြုတာ တိုင်းရင်းသားခေါင်း ဆောင်တွေက အစပြုတာ။ ကျွန်တော် နားလည်တာက အစိုးရအဖွဲ့က ပြုတာမဟုတ်ဘူး။ ညှိနှိုင်းတဲ့နေရာမှာ ပုံစံအမျိုးမျိုး ဖြစ်သွားတဲ့အခါမှာကျတော့ တချို့အဖွဲ့အစည်းတွေလည်း ဒီပေါ်မှာ သူတို့ရဲ့မျှော်မှန်းချက်က  ဒီထက်ပိုမြင့်တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျွန်တော့်အမြင်နဲ့ ပြောရင်တော့ ကတိကဝတ်ပြုတာပေါ့။ နိုင်ငံတော်သမ္မတရော ဒုသမ္မတနှစ်ဦးရော လွှတ်တော်ဥက္ကဠ နှစ်ဦးရော၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဠအပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၂ဝ လောက် ထိုးတယ်။ တပ်မတော်ကိုယ်စားပြု တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သုံးယောက်လည်း ထိုးတယ်။ ကျွန်တော့်အမြင်က ကတိက ဝတ်ပြုတယ်ဆိုတာက ကိုယ့် ကိုယ်ကိုယ်ကတိပြုတာဖြစ်သလို  ငြိမ်းချမ်းရေးလိုချင်တဲ့ မိဘပြည်သူတွေကို ကတိပြုတယ်လို့ ကျွန်တော် နားလည်ပါတယ်။ လက်မှတ်ရေးထိုးတယ်ဆိုတာ ဒါ စာချုပ်မဟုတ်ဘူး။ ကတိကဝတ် ပြုတာပဲ။ အဲဒီတော့ ကိုယ့် ကိုယ်ကိုယ် ကတိကဝတ်ပြုတယ်။ မိဘပြည်သူတွေကို ကတိကဝတ်ပြုတယ်။ ငြိမ်းချမ်းရေးကို ဆက်သွားမယ်ဆိုတဲ့ပုံစံကို ကျွန်တော်တို့သွားတာ ဖြစ်တဲ့အတွက် ကျွန်တော့်အမြင်ပြောရရင် ယေဘုယျအားဖြင့် လက်မှတ်ထိုးသင့်တယ်လို့ ယူဆပါတယ်”ဟု ပြောကြားသည်။
 
“မထိုးတဲ့အဖွဲ့တွေကိုလည်း အပြစ်တင်ဖို့ မလိုဘူး။ ကျွန်တော်တို့အားလုံးက ရှေ့ကိုဆက်ပြီး တကယ်ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် သွားနိုင်ဖို့ပဲ ဒီနေ့ ကတိကဝတ်ပြုတယ်လို့ နားလည်ပါတယ်။ ဒါ စာချုပ်မဟုတ်တဲ့အတွက် စာချုပ်လို ဘိုင်သေ ချည်နှောင်ထားတာမျိုး မဟုတ်ပါဘူး။ ကတိကဝတ်ပြုချက် သက်သက်ပါပဲ”ဟု ၎င်း က ဆက်လက်ပြောကြားသည်။
 

Most Read

Most Recent