လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သပိတ်မှောက်ကျောင်းသားများ၏ တောင်းဆိုချက်အားလုံးကို မူအားဖြင့်သဘောတူခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် ထပ်မံဆွေးနွေးမည်

လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သပိတ်မှောက်ကျောင်းသားများ၏ တောင်းဆိုချက်အားလုံးကို မူအားဖြင့်သဘောတူခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် ထပ်မံဆွေးနွေးမည်
Published 12 February 2015
ဉာဏ်ဝင်းရှိန်

ဖေဖော်ဝါရီ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်း အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည့် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲ၌ ကျောင်းသားများ၏တောင်းဆိုချက်များအား လုံးကိုအစိုးရအနေဖြင့် မူအားဖြင့်သဘောတူခဲ့ပြီး အသေးစိတ်ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ရန်ကုန်၌ပင် ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။    လေးပွင့်ဆိုင်ဆွေးနွေးပွဲသို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုအောင်မှိုင်းဆန်း၊ ကိုနန္ဒာစစ်အောင်၊ မဖြိုးဖြိုးအောင်၊ ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့အပါအဝင် ကျောင်းသားကိုယ်စားလှယ် ၂၀ ဦး၊ NNER ဘက်မှ ဒေါက်တာသိန်းလွင်၊ ဒေါက်တာအာကာမိုးသူ၊ ဒေါက်တာဒေါ်ညိုညိုသင်းအပါအဝင် အခြားကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။    ထို့အတူ အစိုးရအဖွဲ့တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၆) ပြည်ထောင်စုဝန်ကြီးဦးလှထွန်းမှဦးဆောင်၍ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးအပါအဝင် အခြားကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။    ဆွေးနွေးမှုကို နံနက် ၉ နာရီခွဲမှစတင်ပြီး တံခါးပိတ်ဆွေးနွေးခဲ့ရာ ည ၇ နာရီခန့်တွင် အပြီးပြတ်ခဲ့ပြီး လေးပွင့်ဆိုင်ပူးတွဲထုတ်ပြန်ကြေညာချက်ကိုထုတ်ပြန်၍ သတင်းစာရှင်းလင်းခဲ့ကြသည်။ သဘောတူညီခဲ့ကြသည့်အချက်များတွင် ယခင်ဆွေးနွေးပွဲမှ မပြီးပြတ်ခဲ့သည့် အကြိုသဘောတူညီချက်နှစ်ချက်အပြင် ကျောင်းသားများဘက်မှ တောင်းဆိုထားသည့်အချက် ၁၁ ချက်တို့ကို အစိုးရဘက်မှ မူအားဖြင့်သဘောတူညီခဲ့ခြင်းဖြစ်သည်။    အဆိုပါသဘောတူညီချက်များထဲတွင် ပညာရေးမူဝါဒနှင့်ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများရေးဆွဲရာတွင် ကျောင်းသားကိုယ်စားလှယ်များ၊ ဆရာကိုယ်စားလှယ်များပါဝင်ရန်ကို မူအားဖြင့်သဘောတူညီကြောင်း၊ လက်ရှိပြဋ္ဌာန်းပြီးသော အမျိုးသားပညာရေးဥပဒေတွင်ပါဝင်သည့် အမျိုးသားပညာရေးကော်မရှင်နှင့် အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းထားခြင်းကို ပယ်ဖျက်ရန် မူအားဖြင့်သဘောတူညီကြောင်း၊ ကျောင်းသားအရေးခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့်ကျောင်းသားများ ကျောင်းပြန်လည်တက်ရောက်ရန်ကိစ္စကိုလည်း မူအားဖြင့်သဘောတူကြောင်း၊ နိုင်ငံ၏ပညာရေးရင်းနှီးမြှုပ်နှံမှုကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းသို့ရောက်ရန် ရည်မှန်းချက်ထား၍ နှစ်စဉ်တိုးမြှင့်သုံးစွဲရေးအတွက် ဥပဒေတွင် ထည့်သွင်းရေးဆွဲရန် စသည်တို့လည်းပါဝင်သည်။    ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက "ဒီကနေ့ဆွေးနွေးပွဲက ရာနှုန်းပြည့်အောင်မြင်တယ်လို့ဆိုရမှာပါ။ ကျောင်းသားကိုယ်စားလှယ်တွေအနေနဲ့ သပိတ်စစ်ကြောင်းတွေက ကျောင်းသားတွေကို ရရှိလာတဲ့ရလဒ်အပေါ်မှာ ရှင်းပြပေးဖို့လိုပါမယ်" ဟုပြောကြားသည်။    သို့သော် ဆွေးနွေးပွဲတွင် သပိတ်ရပ်ဆိုင်းရေးနှင့်ပတ်သက်ပြီး မူအားဖြင့်သဘောတူညီခဲ့ခြင်းမရှိသေးဘဲ သပိတ်စစ်ကြောင်းများနှင့် ညှိနှိုင်းဆွေးနွေးပြီး ရရှိလာသည့်သဘောတူညီချက်ကို ဖေဖော်ဝါရီ ၁၄ ရက်တွင်ပြုလုပ်မည့်ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း ကျောင်းသားကိုယ်စားလှယ်များက ပြောကြားသည်။    ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန်းလင်းက "ကျွန်တော်တို့အမြင်ကတော့ ဒီဆွေးနွေးပွဲကအောင်မြင်ပါတယ်။ အားရစရာလည်းကောင်းတယ်။ ဒါပေမဲ့ သပိတ်ရပ်ဆိုင်းရေးနဲ့ပတ်သက်ပြီး အခက်ခဲတွေကိုယ်စီရှိတယ်ဆိုတာ လေးပွင့်ဆိုင်သဘောတူညီခဲ့ကြသလို အစိုးရဘက်ကကြည့်ရင်လည်း အခက်ခဲတွေရှိတယ်ဆိုတာကိုတော့လက်ခံခဲ့ကြတယ်။ သပိတ်ရပ်ဆိုင်းရေးကတော့ သပိတ်စစ်ကြောင်းကကိုယ်စားလှယ်တွေနဲ့ပြန်ညှိနှိုင်းပြီး နောက်ဆွေးနွေးပွဲမှာပြန်တင်ပြမယ်။ ကျွန်တော်တို့တောင်းဆိုတာက မူအားဖြင့်သဘောတူညီမှုပဲရသေးပါတယ်။ လွှတ်တော်ကအတည်ပြုမှာသာ ရာနှုန်းပြည့်လို့ပြောလို့ရမယ်။ အပေါ်ကိုတက်ဖို့ လှေကားအဆင့်ပဲရှိပါသေးတယ်" ဟုပြောကြားသည်။

ဖေဖော်ဝါရီ ၁၁ ရက်ကပြုလုပ်သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ စိန်ရတုခန်းမ၌ပြုလုပ်ခဲ့ပြီး သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစိုးရအဖွဲ့ကိုယ်စားလှယ်အဖြစ်ဦးဆောင်ခဲ့ပြီး ကျောင်းသားကိုယ်စားလှယ်များဘက်က တောင်းဆိုချက် ၁၁ ချက်မဆွေးနွေးမီ ဆွေးနွေးပွဲခိုင်မာစေရန် မူဘောင်ကိုးချက်ကိုဆွေးနွေးခဲ့ရာ ခုနစ်ချက်သာရရှိခဲ့၍ အဆိုပါဆွေးနွေးပွဲ၌ အဆင်မပြေမှုအချို့ရှိခဲ့သည်။    ထို့နောက် ကျန်ရှိသည့်အချက်များအား နေပြည်တော်တွင်ထပ်မံဆွေးနွေးရန် အစိုးရကိုယ်စားလှယ်သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏အဆိုပြုချက်အရ နေပြည်တော်တွင် ဖေဖော်ဝါရီ ၃ ရက်က ထပ်မံဆွေးနွေးခဲ့ရာ ကျောင်းသားများဘက်မှ ကိုယ်စားလှယ်ဦးရေထပ်တိုးခြင်းနှင့် မီဒီယာများအားဆွေးနွေးပွဲအတွင်း ဝင်ရောက်ခွင့်ပြုရန်တောင်းဆိုမှုများအပေါ် အစိုးရဘက်မှ ကန့်သတ်မှုများပြုလုပ်သဖြင့် ဆွေးနွေးပွဲမစတင်နိုင်ဘဲ ညှိနှိုင်းမှုပြုလုပ်နေချိန်တွင် သမ္မတ၏သဘောထားမှတ်ချက်ဖြင့် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နောက်ပိုင်းသို့ ရွှေ့ဆိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ပြန်လည်ကျင်းပခြင်းဖြစ်သည်။    ယခုပြန်လည်ပြုလုပ်သည့်ဆွေးနွေးပွဲတွင် ဖေဖော်ဝါရီ ၁ ရက်ဆွေးနွေးပွဲ၌ပါဝင်ခဲ့သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် MPC မှတာဝန်ရှိသူများ ပါဝင်လာခြင်းမရှိတော့ပေ။    "၁၁ ချက်လုံး သဘောတူညီမှုရတယ်ဆိုတာက မူအားဖြင့်ပဲရှိသေးတယ်။ ခိုင်မာတဲ့အာမခံချက်မရသေးဘူး။ နောက်တစ်ချက်က အဲဒီကိုသွားတဲ့ ကျွန်တော်တို့ရဲဘော်ကိုယ်စားလှယ်တွေအကြောင်းကြားတာက သပိတ်ကိုရပ်ပေးမယ်ဆိုတာမပါတဲ့အတွက် ကျွန်တော်တို့ ဆက်ပြီးချီတက်လမ်းလျှောက်မယ်။ ဒီဆွေးနွေးပွဲကိုပြန်သုံးသပ်တာက သပိတ်ကိုအရှိန်တန့်ဖို့လုပ်တာလား။ အရှိန်လျှော့ဖို့လုပ်တာလား။ အဲဒီလိုထင်တဲ့အတွက် ကျွန်တော်တို့လမ်းဆက်လျှောက်ဖို့ဆုံးဖြတ်တယ်။ မနက်ဖြန် ကျွန်တော်တို့လမ်းလျှောက်မှာက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဝါးလည်ရွာကိုသွားမယ်" ဟု ပင်မသပိတ်စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ရှိသူ ကိုသီဟဝင်းတင်ကပြောကြားသည်။   
အလားတူ မအူပင်မြို့တွင် ခေတ္တရပ်နားထားသည့် ဧရာဝတီသပိတ်စစ်ကြောင်းသည် ကျိုက်လတ်မြို့သို့ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဆက်လက်ချီတက်မည်ဖြစ်သည်။         

Most Read

Most Recent