(၆၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ယနေ့ ကျင်းပမည်

(၆၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ယနေ့ ကျင်းပမည်
Published 3 February 2015
အောင်ဇော်ထွန်း

(၆၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားနှင့် မွန်ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲကို ဖေဖော်ဝါရီ ၄ ရက် (ယနေ့) တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင် ပြည်သူ့ဥယျာဉ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။မွန်အမျိုးသားနေ့ အခမ်းအနားများကို ယခင်စစ်အစိုးရ လက်ထက်က တရားဝင် အခမ်းအနားများဖြင့် ပြုလုပ်နိုင်ခြင်း မရှိခဲ့ဘဲ (၆၅)ကြိမ်မြောက် မွန်အမျိုးသားနေ့မှ စတင်ကာ တရားဝင်ပြုလုပ်ခွင့် ရလာခြင်းဖြစ်ကြောင်း သိရသည်။(၆၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပရေး ကော်မတီ အတွင်းရေးမှူး နိုင်စိုးကြည်က “မိခင်ဘာသာစကား စာပေယဉ်ကျေးမှုတွေ မပျောက်ပျက်ဖို့ရယ် နောက်ပြီး မွန်တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှု ရှိဖို့အတွက် အဓိကထားပြီး ရည်ရွယ်ဆောင်ရွက်တာပါ” ဟု ပြောကြားသည်။မွန်အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှု အဖွဲ့အစည်းများနှင့် တိုင်းရင်းသားပါတီများကို ဖိတ်ကြားထားကြောင်း သိရသည်။၁၉၄၆ ခုနှစ်တွင် ပြုလုပ်ခဲ့သော မွန်လူမျိုးများ၏ လူထုအစည်းအဝေးတစ်ရပ်မှ နှစ်စဉ်တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင် ပြည်သူ့ဥယျာဉ်၌ ကျင်းပသော (၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့က သဝဏ်လွှာပေးပို့ခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ မွန်တိုင်းရင်းသား ဦးမင်းကိုနိုင် တက်ရောက်ခဲ့သည်။(၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် သဝဏ်လွှာတွင် ‘အခု ဒီမိုကရေစီရေး လှုပ်ရှားမှု ကာလအတွင်းမှာလည်း မွန်နိုင်ငံရေး ခေါင်းဆောင်တွေ ကျွန်မတို့နဲ့အတူ လှုပ်ရှားခဲ့၊ ရပ်တည်ခဲ့တာလည်း ဘယ်တော့မှ မမေ့နိုင်ပါဘူး။ အခု လက်ရှိကလည်း မွန်အမျိုးသားများရဲ့ တက်ကြွတဲ့ နိုင်ငံရေးစိတ်ဓာတ်နဲ့ ရုန်းကန်ကြိုးစားမှုတွေကြောင့် ကျွန်မတို့ ရည်မှန်းနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တစ်ခုကို စုပေါင်းအားနဲ့ ထူထောင်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဖက်ဒရယ် ဆိုတဲ့အတိုင်း ကျွန်မတို့ဟာ အတိတ်မှာ ဘယ်လိုပဲ ကွဲပြားခဲ့တာတွေ ရှိခဲ့ရှိခဲ့ ငြိမ်းချမ်းစွာ အတူတူနေထိုင်ကြမယ်လို့ ဆုံးဖြတ်ပြီး အများသဘောတူတဲ့ ပုံသဏ္ဌာန်တစ်ခုနဲ့ ပြည်ထောင်စုကို ထူထောင်ကြဖို့ပါပဲ’ ဟု ပါရှိသည်။အဆိုပါ အခမ်းအနားတွင် ဦးမင်းကိုနိုင်ကလည်း ပြည်ထောင်စုတစ်ခု ဆိုသည်မှာ လူမျိုးပေါင်းစုံစုပြီး နေထိုင်သည့်အတွက် အမျိုးသားနိုင်ငံတော် တစ်ခုနှင့် နည်းနည်းကွာခြားကြောင်း၊ ပြည်ထောင်စုအတွင်း နေထိုင်ကြသည့် လူမျိုးများသည် ပြည်ထောင်စုကြီး မပျက်သွားစေရန် တာဝန်ရှိသကဲ့သို့ ယင်းလူမျိုးများကို ပေါက်ဖွားခွင့်၊ ရှင်သန်ခွင့် ပေးရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုကြီး တည်တံ့စေရန်အတွက် တစ်ဦးနှင့်တစ်ဦး အခွင့်ထူး မခံကြရန်၊ တရားမျှတရန်၊ လွတ်လပ်ခွင့်များရရန်၊ လွတ်လပ်စွာစုဝေးခွင့်၊ ဟောပြောခွင့် ရရှိရန်နှင့် တန်းတူညီမှု အခွင့်အရေးများပေးရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။