ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အိမ်ဆောက်လိုသူနှင့် အိမ်ဝယ်ယူလိုသူများအား အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ငွေထုတ်ချေးလျက်ရှိ

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အိမ်ဆောက်လိုသူနှင့် အိမ်ဝယ်ယူလိုသူများအား အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ငွေထုတ်ချေးလျက်ရှိ
Published 27 January 2015
နီလာ

ဆောက်လုပ်ရေးဝန်ကြီးဌာန ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် အိမ်ဆောက်လိုသူများနှင့် အိမ်ဝယ်လိုသူများအတွက် အတိုးနှုန်း ၁၂ ရာခိုင်နှုန်းဖြင့် ငွေထုတ်ချေးလျက်ရှိကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။“အခု လောလောဆယ်မှာ အိမ်ဝယ်တဲ့သူရော အိမ်ဆောက်တဲ့သူရောကို ဘဏ်က ပိုက်ဆံချေးပေးနေပါပြီ။ လောလောဆယ် ဒီဘဏ်မှာလာပြီး စုထားတဲ့ အပ်ငွေတွေနဲ့ ချေးပေးနေတာ။ အပ်ငွေနဲ့ချေးတာဆိုတော့ ၁၃ ရာခိုင်နှုန်းနဲ့ ချေးပေးတာပေါ့။ အိမ်ဝယ်တဲ့သူကတော့ Higher Purchase နဲ့ပေါ့။ အိမ်ဝယ်တယ်ဆိုတာက အိမ်ဝယ်ခွင့်ရတယ်ဆိုတဲ့ပါမစ် သူ့မှာရှိရမယ်။ အိမ်ရောင်းတဲ့သူကလည်း ရောင်းသူဝယ်သူစာချုပ် ရှိရမယ်။ နှစ်ဦးစလုံးက ကျွန်တော်တို့ဆီမှာ ဘဏ်အကောင့် လာဖွင့်ရမယ်။ သေချာအောင် လုပ်ပြီးတော့ ချေးရတာပေါ့နော်။ ဒီအတိုင်းကြီး ချေးလိုက်တာ မဟုတ်ဘူး” ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် လက်ရှိထုတ်ချေးပေးနေမှုမှာ လူတစ်ဦးလျှင် မည်မျှချေးပေးမည်ဆိုသည့် သတ်မှတ်ချက် မရှိဘဲ ပြန်ဆပ်နိုင်သည့် ပမာဏကို စိစစ်ပြီး ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း၊ အတိုးနှုန်း အနေဖြင့် ၁၂ ရာခိုင်နှုန်း၊ ဝန်ဆောင်ခအနေဖြင့် တစ်ရာခိုင်နှုန်းဖြစ်ရာ စုစုပေါင်း အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။“အိမ်ဆောက်တဲ့ သူတွေကလည်း သူ့မှာ မြေရှိတယ်။ မြေကို အာမခံထားပြီးတော့ ပိုက်ဆံချေးပေးတယ်။ တစ်နှစ်ကနေ သုံးနှစ်အထိ ချေးပေးတယ်။ အိမ်ဝယ်တဲ့သူက အခုလောလောဆယ်မှာ တစ်နှစ်ကနေ သုံးနှစ်အတွင်း ပြန်ဆပ်ရမှာ။ သူဝယ်တဲ့ အိမ်ကိုပဲ အာမခံထားရမှာ။ အဲဒီ သူဝယ်တဲ့ တိုက်ခန်းကို အာမခံထားရမယ်။ ငွေအားလုံး ပေးချေပြီးသွားရင် အဲဒီတိုက်ခန်းကို သူ့ပြန်ပေးလိုက်မယ်။ အိမ်ဝယ်တယ်ဆိုတဲ့ နေရာမှာ အပြင်မှာ ကန်ထရိုက်တွေဆီက ဝယ်တဲ့ အိမ်တွေကို ဒီအတိုင်းကြီး တန်းချေးပေးတာ မဟုတ်ပါဘူး။ ဥပမာ-စည်ပင်က ဖော်ဆောင်နေတဲ့ အိမ်ရာတွေ၊ အိုးအိမ်ကလုပ်တဲ့ အိမ်ရာတွေရှိတယ်။ မန္တလေးမှာဆိုလည်း မြရည်နန္ဒာအိမ်ရာ၊ အဲလိုဟာမျိုးတွေနဲ့ ချေးပေးနေတာ။ အရပ်ထဲက အိမ်ရောင်းတာမျိုးကိုတော့ ချေးပေးမှာ မဟုတ်ပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။ဘဏ်အနေဖြင့် လက်ရှိငွေထုတ်ချေးနိုင်မှုမှာ တစ်နှစ်မှ သုံးနှစ်အတွင်း နှစ်တို ထုတ်ချေးပေးနိုင်သည့် အနေအထားသာ ရှိသေးသော်လည်း နိုင်ငံခြားမှ ချေးငွေများ ရရှိလာပါက အဆိုပါ ချေးငွေများဖြင့် နှစ်ရှည်ထုတ်ချေးပေးနိုင်မည် ဖြစ်ကြောင်း၊ ဘဏ်မှ လက်ရှိအချိန် ထုတ်ချေးပေးထားသည့် ပမာဏမှာ အကြမ်းဖျင်းအားဖြင့် ကျပ် ၁ ဒသမ ၅ ဘီလျံခန့် ရှိသွားပြီဟု သိရသည်။ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြီးကြပ်ပြီး မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့် မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေနှင့်အညီ ဖွဲ့စည်းထား၍ ၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိထားသည့်ဘဏ် ဖြစ်ကြောင်း သိရသည်။အဆိုပါဘဏ်၏ ခွင့်ပြု မ,တည်ငွေရင်းသည် ကျပ် ၁ဝဝ ဘီလျံဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ အနေဖြင့် အပ်ငွေလက်ခံခြင်းတွင် စာရင်းရှင်အပ်ငွေ၊ ငွေစုဘဏ်အပ်ငွေ၊ အချိန်ပိုင်းအပ်ငွေ လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ချေးငွေထုတ်ချေးခြင်းအပြင် ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ထားသဖြင့် အဆိုပါဘဏ်များရှိသည့် မြို့ဒေသများသို့ ငွေလွှဲလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ဒေါ်လာ (USD)၊ စင်ကာပူဒေါ်လာ (SGD)၊ ယူရိုငွေ (Euro) ကို လဲလှယ်ဝယ်ယူ ရောင်းချနိုင်ကြောင်းလည်း သိရသည်။

Most Read

Most Recent