ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက် လုံခြုံရေးများဖြင့် နေ့စဉ် စစ်ဆေးနေမည်ဖြစ်ပြီး ရေနံစိမ်းများ သယ်ဆောင်လာရာတွင် ဖိတ်စဉ်မှု မရှိရန်နှင့် ပိုက်လိုင်းပေါက်ကွဲမှု မဖြစ်ရန် နိုင်ငံတကာ စံချိန်စံညွှန်းများဖြင့် လုပ်ဆောင်ထားဟု ဆို

ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက် လုံခြုံရေးများဖြင့် နေ့စဉ် စစ်ဆေးနေမည်ဖြစ်ပြီး ရေနံစိမ်းများ သယ်ဆောင်လာရာတွင် ဖိတ်စဉ်မှု မရှိရန်နှင့် ပိုက်လိုင်းပေါက်ကွဲမှု မဖြစ်ရန် နိုင်ငံတကာ စံချိန်စံညွှန်းများဖြင့် လုပ်ဆောင်ထားဟု ဆို
Published 25 January 2015
ဖြိုးဝေ

ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်တွင် လုံခြုံရေးများဖြင့် နေ့စဉ်စစ်ဆေးနေမည်ဖြစ်ပြီး ရေနံစိမ်းများ သယ်ဆောင်ရာတွင် ဖိတ်စဉ်မှု မရှိရန်နှင့် ပိုက်လိုင်းပေါက်ကွဲမှု မဖြစ်စေရန် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်ထားသည်ဟု SEAOP.SEAGP ကုမ္ပဏီ PR ဌာနမှ ပြောရေးဆိုခွင့်ရှိသူ Mr. Zhang က ပြောကြားသည်။“ဒီပိုက်လိုင်းက ကျွန်တော်တို့က တီထွင်ပြီးလုပ်ထားတာ မဟုတ်ပါဘူး။ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ ပိုက်လိုင်းတွေကိုပဲ စံချိန်စံညွှန်းနဲ့အညီ လုပ်ထားတာပါ။ ပိုက်လိုင်းလုံခြုံရေးအတွက်ဆိုရင် ကျွန်တော်တို့အနေနဲ့ တပ်မတော်တပ်ရင်းတွေ ချထားပေးပါလို့ တစ်ခါမှ မပြောဖူးပါဘူး။ ကျွန်တော်တို့ရဲ့ လုံခြုံရေးတွေက နေ့စဉ် အပိုင်းလိုက် လိုက်လံစစ်ဆေးနေပါတယ်။ ပိုက်လိုင်း တစ်စုံတစ်ခု ဖြစ်ခဲ့မယ် ဆိုရင်လည်း အမြန်ဆုံး စောင့်ကြည့်ပြင်ဆင်နိုင်ဖို့ လုပ်ဆောင်ထားပါတယ်” ဟု Mr. Zhang က ဆိုသည်။ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ရေနံတင်ပို့ရန် ရေနံတင်သင်္ဘောများ မြန်မာနိုင်ငံအတွင်း စတင်ရောက်ရှိလာတော့မည်ဖြစ်ရာ ရေနံတင်သင်္ဘောများမှ ရေနံဖိတ်စဉ်မှု ရှိ၊ မရှိကို စွမ်းအင်ဝန်ကြီးဌာနက Drone ဖြင့် လိုက်လံစစ်ဆေးမည်ဖြစ်ကာ ရေနံဖိတ်စဉ်မှု တွေ့ရှိပါက အရေးယူရန် စီစဉ်ထားပြီး မဒေးကျွန်း ဒေသခံများကမူ ဆန္ဒဖော်ထုတ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။အဆိုပါ ရေနံတင်ဆိပ်ကမ်း ဖွင့်လှစ်ပွဲနှင့် ရေနံတင်သင်္ဘောများ ဆိုက်ရောက်မှု ဖွင့်လှစ်ပွဲကို ရန်ကုန်မြို့၌ ဇန်နဝါရီ ၂၈ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ဆိပ်ကမ်းတည်ရှိရာ မဒေးကျွန်း၌မူ ဇန်နဝါရီ ၃ဝ ရက်တွင် ရေနံတင်ဆိပ်ကမ်း ဖွင့်လှစ်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။“အခုပဲ ကျွန်တော် စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်ကို ကျွန်တော်ပြောလိုက်တယ်။ ကျွန်တော်တို့ဘက်က သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ဖို့အတွက်၊ ပင်လယ်ဆိပ်ကမ်းတွေမှာ ရေနံမဖိတ်ကျဖို့အတွက် နိုင်ငံတကာ စံချိန်စံညွှန်းတွေမီတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ လုပ်ပြီးပြီလားမေးတော့ ဦးဇေယျာအောင်ကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ ဆိုတာတော့ ရှိတယ်။ ပြီးတော့ ရေနံတင်သင်္ဘောတွေကို Drone နဲ့ လိုက်ပြီးကြည့်မယ်၊ ရေနံကျရင် ကျသလို အရေးယူမယ်လို့ ပြောတယ်” ဟု ဦးဇော်အေးမောင်က ပြောကြားသည်။ထိုသို့ဆိုသော်လည်း မြန်မာနိုင်ငံ၏ ဥပဒေများမှာ အရမ်းအားနည်းနေပြီး ပြစ်ဒဏ်များမှာလည်း နည်းပါးနေကြောင်းနှင့် စင်ကာပူကဲ့သို့ နိုင်ငံများတွင် ရေနံတစ်ကွက် ဖိတ်စင်ရုံနှင့် ကန်ဒေါ်လာ သန်းနှင့်ချီကာ လျော်ကြေးငွေတောင်းခံကြောင်း ဦးဇော်အေးမောင်က ဆိုသည်။“မြန်မာနိုင်ငံရဲ့ ပြစ်ဒဏ်တွေက အရမ်းနည်းတော့ ရေနံဖိတ်ချင်ဖိတ်ကွာ ဆိုပြီးတော့ ဒေါ်လာငါးထောင်လောက် ဒဏ်ကြေးဆောင်လိုက်မယ်ဆိုပြီး လုပ်ရင် ကျောက်ဖြူ ရဲ့ ပတ်ဝန်းကျင် ပျက်စီးသွားလိမ့်မယ်ဆိုပြီး ကျွန်တော်ဝန်ကြီးကို ပြောလိုက်တယ်” ဟု ဦးဇော်အေးမောင်က ထပ်ဆင့်ပြောကြားသည်။ထိုသို့ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ အားကောင်းမှု မရှိခြင်းနှင့် ပြစ်ဒဏ်များ နည်းပါးနေခြင်းကြောင့် ရေနံတင်သွင်းသည့် CNPC က ဂရုတစိုက် လုပ်ဆောင်မှု မရှိပါက မဒေးကျွန်းနှင့် ကျောက်ဖြူမြို့၏ ပတ်ဝန်းကျင်မှာ ပျက်စီးသွားနိုင်သည်ဆိုသည့် ဦးဇော်အေးမောင်၏ ထောက်ပြချက်အပေါ် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က တဖြည်းဖြည်း လုပ်ဆောင်သွားမည်ဟု ပြန်လည်ဖြေဆိုခဲ့ကြောင်း ဦးဇော်အေးမောင်က ဆိုသည်။လက်ရှိအချိန်တွင် ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသ၌ တရုတ်နိုင်ငံသို့ CNPC က ရွှေသဘာဝဓာတ်ငွေ့ ရေနံပိုက်လိုင်းမှတစ်ဆင့် ရေနံတင်ပို့မည့် ရေနံတင်သင်္ဘောမှာ ဇန်နဝါရီ ၂၄ ရက်တွင် ကျောက်ဖြူရေပိုင်နက် မိုင် ၂ဝ အကွာသို့ ရောက်ရှိလာမည်ဖြစ်ပြီး အဆိုပါ ရေနံတင်သင်္ဘောမှာ တန်ချိန် ၁၅ဝဝဝဝ ပါဝင်လာမည်ဖြစ်ကြောင်းနှင့် အဆိုပါ ရေနံများမှာက CNPC က ယခင်ပြောကြားမှုများဖြစ်သည့် အရှေ့အလယ်ပိုင်း နိုင်ငံများမှ ရေနံကို တင်သွင်းလာခြင်း မဟုတ်ဘဲ တရုတ်နိုင်ငံရှိ ရေနံတန်ချိန် ၁၅ဝဝဝဝ ကို တင်ဆောင်လာကာ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ရေနံပိုက်လိုင်းတွင် စမ်းသပ်ထည့်သွင်း ပို့လွှတ်ရန် စီစဉ်ခြင်းသာဖြစ်ကြောင်း သတင်းများ ဖြစ်ပေါ်နေပြီး ဒေသခံများကလည်း ဆန္ဒဖော်ထုတ်ရန် လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းထွန်းနိုင်က ဆိုသည်။ အဆိုပါ ရေနံတင်သင်္ဘောမှာ ဇန်နဝါရီ ၂၄ ရက်က မဒေးကျွန်းသို့ ရောက်ရှိလာခဲ့ပြီး တန်ချိန် ၁၃ဝဝဝဝ ကျော်နှင့် သင်္ဘောအလျား ၁၁၅ဝ ပေရှိပြီး သင်္ဘောအမည် Xin Run Yang ဖြစ်ကြောင်း ကိုထွန်းထွန်းနိုင်က ဇန်နဝါရီ ၂၅ ရက်က ပြောကြားသည်။စွမ်းအင်ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများ အနေနှင့် ရေနံတင်သင်္ဘောများကြောင့် ထိခိုက်လာနိုင်သည့် အခြေအနေများကို ဒေသခံများသို့ ရှင်းလင်းစွာ အသိပေးပြောကြားမှု မရှိသေးကြောင်း ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့မှ ဒေသခံခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးထွန်းကြည်က ဆိုသည်။ဒေသခံများ အနေနှင့် ဆန္ဒပြတောင်းဆိုမည့် အကြောင်းအရာများမှာ မဒေးကျွန်းရှိ လမ်းများအား ကတ္တရာလမ်းအဖြစ် လုပ်ဆောင်ပေးရန် တောင်းဆိုမှု လက်ရှိအချိန်အထိ ဖြစ်မလာသေးခြင်း၊ ရေနံတင်သင်္ဘော ဝင်လာပါက ဒေသခံများ၏ ငါးဖမ်းလုပ်ငန်းများ ဖမ်းဆီးခွင့် မရရှိခြင်းနှင့် ဒေသခံလယ်သမားအချို့ပိုင် လယ်မြေများအား ပြန်လည်တောင်းဆိုရာတွင် လုပ်ကိုင်ခွင့်မပြုခြင်း စသည့်အချက်များကြောင့်ဖြစ်ပြီး ဒေသခံများအနေနှင့် ခိုင်မာသည့် အာမခံချက် ရရှိလိုကြောင်း ဦးထွန်းကြည်က ဆက်လက်ပြောကြားသည်။ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့သိုက်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့အထိ ကီလိုမီတာ ၇၉၃ မီတာ ရှည်လျားသည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ ၂ဝ၁၃ ခုနှစ် ဇွန်တွင် သဘာဝဓာတ်ငွေ့ ပို့လွှတ်မှု စတင်ခဲ့ပြီး တစ်နှစ်လျှင် ကုဗပေ ၁၂ ဘီလျံအထိ ပို့လွှတ်ရန် မျှော်မှန်းထားကြောင်းလည်း သိရသည်။ အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းနှင့်အပြိုင် ရေနံပိုက်လိုင်းကို တင်ပို့မည်ဖြစ်ပြီး တစ်နှစ်လျှင် တန်ချိန် ၂၂ သန်း တင်ပို့မည်ဖြစ်ကာ မြန်မာနိုင်ငံအတွက် ရေနံစိမ်းတန်ချိန် နှစ်သန်းကို ဝယ်ယူရမည်ဖြစ်သည်။ 

Most Read

Most Recent