မြန်မာနိုင်ငံရှိ အစိုးရပိုင်လုပ်ငန်း အများစုမှာ အရှုံးပေါ်နေပြီး အစိုးရဘတ်ဂျက် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကို သုံးပစ်နေသဖြင့် နိုင်ငံ့ဂျီဒီပီ ငါးရာခိုင်နှုန်းအထိ ဆုံးရှုံးနေဟုဆို

မြန်မာနိုင်ငံရှိ အစိုးရပိုင်လုပ်ငန်း အများစုမှာ အရှုံးပေါ်နေပြီး အစိုးရဘတ်ဂျက် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကို သုံးပစ်နေသဖြင့် နိုင်ငံ့ဂျီဒီပီ ငါးရာခိုင်နှုန်းအထိ ဆုံးရှုံးနေဟုဆို
Published 24 January 2015
နွဲ့ယဉ်အေး

မြန်မာနိုင်ငံရှိ အစိုးရပိုင်လုပ်ငန်း အများစုမှာ အရှုံးပေါ်နေပြီး အစိုးရဘတ်ဂျက်၏ ၇၅ ရာခိုင်နှုန်းကို သုံးပစ်နေသဖြင့် နိုင်ငံ့ဂျီဒီပီ ငါးရာခိုင်နှုန်းအထိ ဆုံးရှုံးနေသည်ဟု ကမ္ဘာ့ကုန်သွယ်မှု အဖွဲ့အစည်းကြီး World Trade Organization (WTO) က ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့သည်။ထိုသို့ အစိုးရပိုင် လုပ်ငန်းများက ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသဖြင့် အစိုးရ တာဝန်ရှိသူများ အနေဖြင့် အဆိုပါ လုပ်ငန်းများတွင် ကောင်းမွန်သော ဘဏ္ဍာရေးစနစ် အားနည်းနေမှု၊ နည်းပညာ အားနည်းနေမှု၊ ဈေးကွက်ချဉ်းကပ် လေ့လာမှု အားနည်းနေမှုနှင့် ကျွမ်းကျင်လုပ်သား အားနည်းနေမှုများ စသည့် အတားအဆီးများကို လေ့လာသုံးသပ်ပြီး လုပ်ငန်းများဖွံ့ဖြိုးအောင် လုပ်ဆောင်သင့်ကြောင်း WTO က အကြံပြုလိုက်သည်။WTO က အဆိုပါတွေ့ရှိချက်ကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ပြုလုပ်ခဲ့သော ကုန်သွယ်ရေးမူဝါဒ သုံးသပ်ချက် နောက်ဆက်တွဲ အလုပ်ရုံဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။“ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရပိုင်တွေကို ပုဂ္ဂလိက ပြောင်းလဲမှုဖြစ်စဉ်မှာ ပြဿနာလေးတွေ ရှိတာကို ပြန်သုံးသပ်နေပါတယ်။ အခုလုပ်မယ့် အစိုးရပိုင် လုပ်ငန်းတွေ အတွက်တော့ အစိုးရက ဘတ်ဂျက် မပေးတော့ပါဘူး။ ငွေချေးတဲ့ သဘောမျိုးပဲ လုပ်ပါတော့တယ်။ ဒါမှမဟုတ်လည်း ဖက်စပ်သဘောမျိုးပဲ လုပ်ပါတော့တယ်။ မူဝါဒတွေကို ပြောင်းလဲပြီး ပြန်လည်ဆောင်ရွက်နေပါပြီ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက အစိုးရပိုင် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။မြန်မာနိုင်ငံ၏ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများကို ကဏ္ဍများစွာ၌ ဈေးကွက်အခြေအနေများကို အခြေခံကာ ပုဂ္ဂလိကပိုင် ထပ်မံပြုလုပ်ရန် မြန်မာနိုင်ငံကို WTO အဖွဲ့ဝင် အခြားနိုင်ငံများက တိုက်တွန်းထားသည်။ထို့အတူ မြန်မာနိုင်ငံသည် နိုင်ငံတော်ကုန်သွယ်ရေး လုပ်ငန်းများအကြောင်း WTO ကို အသိပေး ပြောကြားထားခြင်း မရှိသေးသဖြင့် ပွင့်လင်းမြင်သာမှုအတွက် အသိပေး ကြေညာရန်လည်း တိုက်တွန်းသွားသည်။မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်များကို နိုင်ငံခြားကုမ္ပဏီများကို ထုတ်ပေးခဲ့ခြင်း၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ပုဂ္ဂလိကနှင့် ပြည်သူပိုင် ဖက်စပ်လုပ်ကိုင်မှု တိုးမြှင့်ခြင်း၊ ဟိုတယ်နှင့် ဆက်စပ်လုပ်ငန်းများတွင် နိုင်ငံခြားရှယ်ယာ ပါဝင်မှု ၁ဝဝ ရာခိုင်နှုန်း ခွင့်ပြုခြင်း၊ ဘဏ္ဍာရေးကဏ္ဍအတွက် ဗဟိုဘဏ်က Master Plan ရေးဆွဲရန် အားထုတ်ခြင်း စသည့်ဝန်ဆောင်မှု ကဏ္ဍများတွင် ပွင့်လင်းလာမှုအပေါ် ကြိုဆိုပြောကြားသည်။ဆက်လက်ပြီး မြန်မာနိုင်ငံ အနေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းများ မြင်သာအောင် ပြုလုပ်ခြင်းနှင့် စီးပွားရေးပတ်ဝန်းကျင် အနေအထားများ တိုးမြှင့်ပေးခြင်းဖြင့် ဝန်ဆောင်မှုလုပ်ငန်းများကို ပြိုင်ဆိုင်နိုင်စွမ်း မြှင့်တင်ပေးဖို့ အားထုတ်ရန် အဖွဲ့ဝင်နိုင်ငံများက ဆက်လက်တိုက်တွန်းလိုက်သည်။မြန်မာနိုင်ငံ အစိုးရက ၎င်းတို့၏ ကုန်သွယ်ရေး မူဝါဒများကို ဘောင်အတွင်းမှ ပထမဆုံး WTO ၏ သုံးသပ်အကဲဖြတ် ဆောင်ရွက်ခြင်းကို လက်ခံမည်ဟု ဆုံးဖြတ်သည့်အတိုင်း ပဏာမ အစီအစဉ်များကို ၂ဝ၁၂ ခုနှစ် နှစ်လယ်တွင် စတင်ကာ၊ ၂ဝ၁၃ ခုနှစ် တစ်နှစ်လုံး အချက်အလက်ရှာဖွေရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံအား လေ့လာသုံးသပ်ချက် အစီအစဉ်ကို ချမှတ်နိုင်ခဲ့သည်။              

Most Read

Most Recent