ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်ဒေသတွင် ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးရန်အတွက် စီမံကိန်းများ ရှိပါက အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ဘိန်းစိုက်တောင်သူများ လိုလားလျက်ရှိ

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်ဒေသတွင် ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးရန်အတွက် စီမံကိန်းများ ရှိပါက အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ဘိန်းစိုက်တောင်သူများ လိုလားလျက်ရှိ
Published 20 January 2015
မခိုင်(လွိုင်ကော်)

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်ဒေသတွင် ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးရန်အတွက် စီမံကိန်းများ ရှိပါက အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် အလိုရှိကြောင်း ဘိန်းစိုက်တောင်သူများထံမှ သိရသည်။ရှမ်းကယားနယ်စပ် ဘီလူးချောင်းတစ်လျှောက်ရှိ ဘိန်းစိုက်ခင်းများအား ဇန်နဝါရီလအတွင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၆၁ မှ တပ်မတော်သားများမှ ဦးဆောင်၍ ဖျတ်ဆီးလျက်ရှိရာ ဘိန်းစိုက်တောင်သူများမှ ထိုကဲ့သို့ ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးရန် အလိုရှိကြောင်း သိရသည်။“အခု သူတို့လာဖျက်တာ တအားများတယ်လေ။ ငါတို့က အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကော လက်နက်ကိုင်အဖွဲ့တွေကော ပိုက်ဆံပေးစိုက်တာပဲလေ။ ဒါတရားမဝင်ဘူး ဟုတ်လား။ ငါတို့ ဒီနွေသီးအတွက် တစ်ဧကကို ငါးသောင်း အခွန်အခ ပေးရတယ်။ ငါတို့ ကုန်ကျစာရိတ်က တစ်ဧကကို ၁၀ သိန်းလောက် ရင်းရတယ်လေ။ ဒီဘိန်းမစိုက်ခင်က စပါးစိုက်တာ ဝမ်းစာပဲရတယ်။ ငါ့ကလေးတွေ ကျောင်းမထားနိုင်ဘူး။ အခုလို ဖျက်မယ့်အစား ငါတို့ကို ဘိန်းမစိုက်စေချင်ဘူးဆို တခြားသီးနှံတွေစိုက်လို့ ငါ့ကလေးတွေ ကျောင်းထားနိုင်မယ်ဆို ငါတို့စိုက်မှာပေါ့” ဟု မိုးဗြဲမြို့နယ်တွင် နေထိုင်သူ ဘိန်းစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
ဒီဘိန်းမစိုက်ခင်က စပါးစိုက်တာ ဝမ်းစာပဲရတယ်။ ငါ့ကလေးတွေ ကျောင်းမထားနိုင်ဘူး။ အခုလို ဖျက်မယ့်အစား ငါတို့ကို ဘိန်းမစိုက်စေချင်ဘူးဆို တခြားသီးနှံတွေစိုက်လို့ ငါ့ကလေးတွေ ကျောင်းထားနိုင်မယ်ဆို ငါတို့စိုက်မှာပေါ့ . . . . .

စပါးရိတ်သိမ်းပြီး ကာလဖြစ်သော ဒီဇင်ဘာလမှ စတင်ကာ လယ်မြေများအား ရေသွင်း၍ ဘိန်းစမ်းသပ် စိုက်ပျိုးခြင်းများလည်း ရှိလာကြောင်း၊ ဘိန်းစိမ်းဈေးနှုန်းများ ကျဆင်းနေသည့်အပြင် ဝယ်ယူသူ မရှိသည့်အတွက် ဘိန်းစိုက်တောင်သူများမှာ မိသားစု စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြကြောင်း သိရသည်။“ဘိန်းစိမ်းဈေးက တစ်လုံး (တစ်ပိဿာ) ကို သုံးသိန်းခွဲလောက်ပဲ ပေါက်ဈေးရှိတော့တယ်။ အဖမ်းအဆီးများတော့ ဘိန်းကုန်သည်တွေက လတ်တလော အဝယ်မထွက်သေးဘူး။ တချို့ကုန်သည်တွေက ပိုက်ဆံချေးပေမယ့် တောင်သူအိမ်မှာပဲ ထားတယ်။ နောက်မှ လာယူမယ်ဆိုပြီး ကုန်သည်က သူ့လက်ထဲ ဘိန်းစိမ်းကို မထားဘူး။ ကုန်သည်ပဲ အဆင်ပြေနေတာပါဗျာ။ တောင်သူတွေကတော့ စားလောက်ရုံပဲ ရှိတာပါ။ မနှစ်ကပေါက်ဈေးက တစ်လုံးကို ခုနစ်သိန်းခွဲထိ ပေါက်တယ်။ အဆင်ပြေတဲ့လူ အချို့ကတော့ သိမ်းထားပြီး ဈေးကောင်းစောင့်မှာပေါ့။ အများအားဖြင့်တော့ ရသလောက်ရောင်းပြီး အကြွေးဆပ်တာဆပ်ပြီး နောက်ထပ်တစ်သီးစိုက်ဖို့ ပြင်ကြရတာပါပဲ။ ဘိန်းအစားထိုးသီးနှံ မြန်မြန်လုပ်ပေးစေချင်တယ်။ အစိုးရက ဈေးကွက်ကောင်းကောင်း ရှာပေးစေချင်တယ်။ ဒါဆို တောင်သူတွေဘ၀ တိုးတက်လာမယ်လို့ မြင်တယ်” ဟု ရှမ်းကယားနယ်စပ်ရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေသော ခွန်းမြတ်သန်းက ပြောကြားသည်။ရှမ်းကယားနယ်စပ်တွင် ရေသွင်းစိုက်ပျိုးလျက်ရှိသော ဘိန်းခင်းများအား လွိုင်ကော်မြို့ရှိ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၆၁ မှဦးစီး၍ ပူးပေါင်းအဖွဲ့ဝင်များမှ မြေပြင်သတင်းအရ ဇန်နဝါရီ ၁၇ ရက်တွင် ဖူးပွင့်သီးဆဲ ၁၀ ဒသမ ၂၅  ဧကအား လည်းကောင်း၊ ၁၈ ရက်တွင် ၆ ဒသမ ၅ ဧကအား လည်းကောင်း အသီးသီး ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း သိရသည်။

Most Read

Most Recent