ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ ၏ ထောက်ခံချက်ကို စုဆောင်းပြီးဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို လာမည့် လွှတ်တော်တွင် တင်သွင်းမည်ဟု လွှတ်တော်ကော်မတီ အတွင်းရေးမှူး ပြောကြား

ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ ၏ ထောက်ခံချက်ကို စုဆောင်းပြီးဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို လာမည့် လွှတ်တော်တွင် တင်သွင်းမည်ဟု လွှတ်တော်ကော်မတီ အတွင်းရေးမှူး ပြောကြား
Published 17 January 2015

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ရာခိုင်နှုန်း ၂ဝ ၏ ထောက်ခံချက်ကို စုဆောင်းပြီးဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို လာမည့်လွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည်ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားသည်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းအရ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ရာခိုင်နှုန်း ၂ဝ က တင်ပြမှသာလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဖြစ်သည်။
“အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ရေး နည်းလမ်းများအတိုင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်  ရာခိုင်နှုန်း ၂ဝ က ဥပဒေကြမ်းကို တင်သွင်းရမယ်လို့ပါတယ်။ အဲဒါကြောင့် ဥပဒေကြမ်းကို ရာခိုင်နှုန်း ၂ဝ လက်မှတ်ထိုးပြီး တင်သွင်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အခုပြင်ဆင်ဖို့ ထောက်ခံတဲ့ ကိုယ်စားလှယ် ရာခိုင်နှုန်း ၂ဝ ရဲ့ လက်မှတ်တွေစုဆောင်းပြီး ဖြစ်တယ်။ ပြင်ဆင်ဖို့ထောက်ခံတဲ့ ကိုယ်စားလှယ် အရေအတွက်က ရာခိုင်နှုန်း ၂ဝ တောင် ကျော်နေတယ်။ အဲဒီအတွက် ဥပဒေကြမ်းကို လာမယ့်လွှတ်တော်မှာ တင်သွင်းမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စတွေကိုလည်း သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း ပြီးပြတ်အောင် ဆောင်ရွက်ပါမယ်။ မနေ့က ကုလသမဂ္ဂ (UN) က အဖွဲ့တွေ လာတုန်းကလည်း အန်ကယ်တို့ ကော်မတီအနေနဲ့ ဒီအတိုင်းပဲ ပြောလိုက်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။
ထိုသို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၂ဝ ၏ သဘောဆန္ဒများ ကောက်ခံခြင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ကောက်ခံ ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ထောက်ခံကြောင်း လက်မှတ်ထိုးသည့် လွှတ်တော်ကိုယ်စားလှယ်အားလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖြစ်သည်ဟု ဦးအေးမောက်က ဆိုသည်။
လာမည့် (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများကို ဇန်နဝါရီ ၁၉ ရက်တွင် စတင်မည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကို လာမည့် ၂ဝ၁၅ မေလအတွင်း ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အချိန်ဇယား သတ်မှတ်ပေးထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့လာ သုံးသပ်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ သူရဦးအေးမြင့်က ၂ဝ၁၃ ခုနှစ် မတ် ၂ဝ ရက်တွင် အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆိုအား ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းဇော်က ထောက်ခံခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မတီမှ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် အစီရင်ခံစာတင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဆက်လက်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီသည် ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ စုစုပေါင်း ၄၅၇ ခုအနက် ပုဒ်မ ၅၉(စ)အပါအဝင် ပုဒ်မပေါင်း ၂၁ဝ ခုအား ပြင်ဆင်ရန် အကြံပြုခဲ့သည်။
 

Most Read

Most Recent