ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဖြစ်ထွန်းမည် ဆိုပါက မည်သည့် ပါတီ၊ မည်သည့် အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဖြစ်ထွန်းမည် ဆိုပါက မည်သည့် ပါတီ၊ မည်သည့် အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
Published 16 January 2015
စိုးမင်းထိုက်

ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဖြစ်ထွန်းမည် ဆိုပါက မည်သည့် ပါတီ၊ မည်သည့် အဖွဲ့အစည်းနှင့်မဆို မိတ်ဖက်အဖြစ် သဘောထားကာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။ဇန်နဝါရီ ၁၆ ရက်တွင် ပြည်ခိုင်ဖြိုးရုံးချုပ်၌ ပြည်ခိုင်ဖြိုးပါတီ၏ တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ယနေ့ကာလတွင် ဒီမိုကရေစီ ကျင့်ထုံးကျင့်နည်းများနှင့်အညီ ကျင့်သုံးနေသည့်ခေတ် ဖြစ်သည့်အတွက် သဘောထားအမြင် မတူညီမှုများ၊ ကွဲပြားခြားနားမှုများ၊ သဘောထား တူညီမှုများသည် ဒီမိုကရေစီ၏ အသွင်သဏ္ဌာန်များဖြစ်ကြောင်း၊ ပါတီပေါင်း ၇၀ ခန့် ရှိသည့်အတွက် မတူညီမှု၊ ကွဲပြားမှုများ ရှိနေမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက “မိမိတို့ ပါတီဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုးဖြစ်ထွန်းမယ်ဆိုရင် မည်သည့် ပါတီ၊ မည်သည့် အဖွဲ့အစည်းနဲ့မဆို မိတ်ဖက် လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထားပြီးတော့ ဆက်ဆံပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါကလည်း ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းမှာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်အဖြစ် တိတိကျကျ ချမှတ်ထားပြီးလည်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။လက်ရှိကာလတွင် ဒီမိုကရေစီ အဖွဲ့အစည်းများ ပေါ်ပေါက်လာသည်မှာ လေးနှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်အညီ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးကို ဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ပြောကြားသည်။“နိုင်ငံရေးအင်အားစု အားလုံးလိုလိုက လက်နက်ကိုင် နည်းလမ်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲ နည်းလမ်းဖြင့်သာ တိုင်းပြည် တည်ငြိမ်းအေးချမ်းရေးနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားလုံးလက်ခံနိုင်တဲ့ အဖြေရရှိဖို့ ကြိုးပမ်းလျက် ရှိပါတယ်။ အဲ့ဒါအပြင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ဟာလည်း ရင်ဆိုင်ကျော်လွှားရမယ့် စိန်ခေါ်မှုများအဖြစ် ရှိနေပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။ဆက်လက်၍ “မိမိတို့ပါတီဟာ အနာဂတ်နိုင်ငံတော် အသစ်နဲ့ ပြည်သူတို့ရဲ့ လူမှု၊ စီးပွားရေးဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်ပေးနိုင်တဲ့ ပါတီကြီးတစ်ခု ဖြစ်သလို စည်းရုံးရေး အတွေ့အကြုံ၊ စီမံခန့်ခွဲမှု အတွေ့အကြုံ ရင့်ကျက်ပြည့်ဝပြီး သမိုင်းအစဉ်အလာရှိတဲ့ ပါတီလည်း ဖြစ်ပါတယ်။ ပါတီရဲ့ မှန်ကန်တဲ့မူဝါဒ လုပ်ငန်းစဉ်တွေအပေါ် ယုံကြည်ကာ နိုင်ငံတော်နဲ့နိုင်ငံသားများ အကျိုးကို သယ်ပိုးထမ်းရွက်ကြဖို့ ဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ အဆုံးအဖြတ်သည် အဓိကအကျဆုံး ဖြစ်ကြောင်း၊ ပြည်သူများက ထောက်ခံဆန္ဒပြု ရွေးချယ်ပြီး ပြည်သူ့ကိုယ်စားလှယ်အဖြစ် အခွင့်အာဏာ အပ်နှင်းခြင်း ခံရသူများသာ အနာဂတ်နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ဦးဆောင်သယ်ပိုးခွင့် ရရှိမှာဖြစ်ကြောင်း၊ ပြည်သူများ လိုလားနှစ်ခြိုက် ထောက်ခံအောင် ကြိုးပမ်းလုပ်ဆောင် ကြရမည်ဖြစ်ကြောင်း ပါတီဝင်များအား ပြောကြားခဲ့သည်။ပြည်သူများ၏ ယုံကြည်ကိုးစားမှု အပြည့်အ၀ ရရှိရန် စိတ်ဓာတ်ပိုင်းသာမက လုပ်ရပ်များနှင့်ပါ ဆောင်ရွက်ပြသလျက်ရှိကြောင်း၊ လက်ရှိတွင် ရပ်ကွက်ကျေးရွာ အဆင့်အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုနှင့် ပိုမိုထိတွေ့ကာ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုဆိုသည့် အခြေခံကောင်းများ ရရှိနေပြီဖြစ်ကြောင်း၊ ပြည်သူများ၏ စိတ်ဆန္ဒများကို ဖြည့်ဆည်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို အလေးအနက်ထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ပါတီဥက္ကဋ္ဌသူရ ဦးရွှေမန်းက ပြောကြားသည်။ထို့အပြင် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ပါတီအတွက် လူနှင့်မူများကို အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ရွေးကောက်ပွဲဖြစ်ကြောင်း သူရဦးရွှေမန်းက ပါတီဝင်များအား ပြောကြားသည်။ပြည်ခိုင်ဖြိုးပါတီ၏ တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် ဗဟိုကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အပါအဝင် ပါတီဝင် ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် ဗဟိုညီလာခံကို ၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့ကြောင်း၊ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၃ ခုနှစ်အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

Most Read

Most Recent