မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍမှ ပျှမ်းမျှတစ်ဦးလျှင် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၀၀ ခန့်သာရှိရာ အိမ်နီးချင်းအာရှနိုင်ငံများအနက် အနိမ့်ဆုံးဖြစ်နေ

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍမှ ပျှမ်းမျှတစ်ဦးလျှင် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၀၀ ခန့်သာရှိရာ အိမ်နီးချင်းအာရှနိုင်ငံများအနက် အနိမ့်ဆုံးဖြစ်နေ
Published 16 January 2015
နီလာ၊ ဆန်းထူးအောင်

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍမှ အလုပ်အကိုင်ရရှိမှု၊ ကုန်ထုတ်လုပ်မှုကြား ကွာဟမှုကြောင့် အလုပ်သမားတို့၏ ကုန်ထုတ်စွမ်းအားနိမ့်ကျမှုနှင့် စိုက်ပျိုးရေးမှရရှိသော ဝင်ငွေများနိမ့်ကြမှုတို့ကို ထင်ဟပ်လျက်ရှိကြောင်း စိုက်ပျိုးရေးမှ ရရှိသောဝင်ငွေသည် ပျှမ်းမျှအားဖြင့် တစ်ဦးလျှင် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂ဝဝ ခန့်သာရှိပြီး အိမ်နီးချင်း အာရှနိုင်ငံများအနက် အနိမ့်ဆုံးဖြစ်နေကြောင်း OECD ၏ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် တိုးချဲ့ရန်နှင့် အမျိုးမျိုးပြောင်းလဲထုတ်လုပ်ရန် အခွင့်အလမ်းများစွာရှိနေသော်လည်း ဖွဲ့စည်းတည်ဆောက်ပုံကြောင့် အကန့်အသတ်ဖြစ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း စိုက်ပျိုးရေးကဏ္ဍသည် ဂျီဒီပီ၏ ၃၂ ရာခိုင်နှုန်းရှိပြီး ပြည်ပပို့ကုန်ဝင်ငွေ၏ ရာခိုင်နှုန်း  ၂ဝ ရှိကြောင်းလည်း သိရသည်။လယ်ယာအများစုသည် ဝမ်းစာဖူလုံရုံမျှ စိုက်ပျိုးနေကြပြီး လယ်ယာမြေ ရာခိုင်န်း ၅ဝ ကျော်သည် ငါးဧကအောက်တွင်သာ စိုက်ပျိုးနေကြခြင်း ဖြစ်သည်။ ကျေးလက်ဒေသများတွင် ဝင်ငွေမြှင့်တင်ပေးရန်အတွက် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း သုံးသပ်ထားသည်။ထို့ပြင် ဆန်စပါးသည် မြန်မာနိုင်ငံ၏ အဓိကသီးနှံဖြစ်သော်လည်း ဆန်စပါးထုတ်လုပ်မှုသည် နိမ့်ကျနေပြီး ဆန်စပါးထွက်ရှိမှုမှာလည်း အခြားသီးနှံများထက် ပိုမိုနှေးကွေးလျက်ရှိကြောင်း အဆိုပါစစ်တမ်းတွင် ထည့်သွင်းရေးသားထားသည်။စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းကွင်းဆက်များ (Agricultural value chains) ၏ စွမ်းဆောင်ရည်ကို မြှင့်မားအောင် လုပ်ဆောင်ပေးခြင်းနှင့် မြန်မာနိုင်ငံ၏ နှစ်သန်းကျော်ရှိသည့် စိုက်ပျိုးထုတ်လုပ်ရောင်းချနေသော လယ်ယာလုပ်ငန်းများကို ထိုကွင်းဆက်လုပ်ငန်းများတွင် ပေါင်းစပ်ပေးခြင်းဖြင့် ဝယ်လိုအားကို မူတည်ထုတ်လုပ်သည့် ဈေးကွက်အခွင့်အလမ်းများကို ထိန်းချုပ်လုပ်ဆောင်နိုင်မည့်နည်းလမ်းကို ရရှိစေနိုင်မည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍ ခေတ်မီတိုးတက် မှုရင်းကဏ္ဍ၏ စွမ်းဆောင်ရည်တိုးတက်မှုနှင့် စိုက်ပျိုးရေး၊ ကျေးလက်ဒေသဝင်ငွေများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်းလည်း အဆိုပါအစီရင်ခံစာတွင် အကြံပြု ဖော်ပြထားသည်။မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက စိုက်ပျိုးမြေဖော်ထုတ်မှုဧရိယာ နည်းနေသေးကြောင်း၊ စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၂ဝ သာရှိနေသေးကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးဖြစ်သူ ဦးတင်ထွဋ်ဦးက နိုဝင်ဘာ ၃ဝ ရက်  တွင် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ပြုလုပ်သော  Seminar on Myanmar's Economic Transition; Issues and Options တွင် ပြောကြားခဲ့သည်။“ကျွန်တော်တို့ မြန်မာနိုင်ငံမှ လွတ်လပ်ရေးရပြီးအချိန်ကနေ အခုအချိန်အထိ ကြီးကြီးမားမား မြေယာဖော်ထုတ်မှုဆိုတာ မလုပ်ခဲ့ဘူး။ လွတ်လပ်ရေးရပြီးတဲ့နောက် Agriculture and Rural Development Corporation ကို ဖွဲ့ပြီးတော့ တိုးတက်အောင် လုပ်ခဲ့တာတွေရှိတယ်။ ၉ဝ ပြည့်နှစ်တွေမှာတော့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို ပြန်သုံးနိုင်အောင်ဆိုပြီးတော့ လုပ်ငန်းရှင်တွေ စိတ်ဝင်စားသူတွေကို မြေတွေချပေးပြီးတော့ လုပ်ခဲ့တာရှိတယ်။ အဲဒီချပေးလိုက်တဲ့ မြေဧက တစ်သန်းလောက်က ဒီနေ့အထိ ရာခိုင်နှုန်း ၂ဝ တောင် မဖော်နိုင်သေးဘူး။ ဒါကြောင့် ကျွန်တော်တို့က မဖော်နိုင်သေးတဲ့မြေတွေနဲ့ ဖော်နိုင်ပေမယ့်လည်း tenural မရတဲ့မြေတွေကို ဘယ်လိုစနစ်တကျဖော်ပြီးတော့ အသေးစားဖွံ့ဖြိုးတိုးတက်ရေးအစီအမံတွေအနေနဲ့ ဘယ်လို ထိထိရောက်ရောက် လုပ်မလဲ။မလေးရှားတို့ ဘာတို့မှာ လို Land Development ကို မြန်မြန်လုပ်နိုင်တဲ့ corporation တွေ ထောင်ပြီးတော့ မလုပ်သင့်ဘူးလား။ မြေယာဖော် အသေးစားလုပ်ငန်းတွေချပေးတာနဲ့ ဈေးကွက်ကို ရောက်အောင်လုပ်မယ့် process လုပ်မယ့်    ပုဂ္ဂလိကလုပ်ငန်းရှင်နဲ့ပေါင်းပြီးတော့ supply chain ကိုပါ ဘယ်လိုပီပြင်အောင် တည်ဆောက်မလဲ။ ဒီလိုလုပ်ဖို့ အချိန်က တန်နေပါပြီ” ဟု ဦးတင်ထွဋ်ဦးက ပြောကြားခဲ့သည်။