လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီများ ဥပဒေ ပေါ်ပေါက်ရေး အလုပ်ရုံဆွေးနွေးပွဲ ရန်ကုန်မြို့၌ ပြုလုပ်

လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီများ ဥပဒေ ပေါ်ပေါက်ရေး အလုပ်ရုံဆွေးနွေးပွဲ ရန်ကုန်မြို့၌ ပြုလုပ်
Published 13 January 2015

လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီများ ဥပဒေ ပေါ်ပေါက်ရေး ပြည်တွင်းပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိများ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၃ ရက်က ရန်ကုန်မြို့ရှိ Central ဟိုတယ်၌ ပြုလုပ်ခဲ့သည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း အပါအဝင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိကြီးများ၊ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ အမေရိကန်နိုင်ငံသား မစ္စတာချားပီဆိုလာ၊ ပြည်တွင်းပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီခုနစ်ခုမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။Winning Security Group ကုမ္ပဏီမှ အကြံပေး ဦးဇော်ဝင်းက “လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီများ ဥပဒေ ပေါ်ပေါက်ရေး၊ လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်ရေး၊ နောက်တစ်ခါ လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေကို နိုင်ငံတကာ အဆင့်မီ အရည်အသွေး တိုးတက်မြင့်မားရေး အဲဒီသုံးချက်ကို ဦးတည်ပြီးတော့ ဒီအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပတာပါ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ကိုယ်တို့ ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုဥပဒေ ပေါ်ပေါက်ရေးအတွက် ဘာတွေပံ့ပိုးပေးနိုင်မလဲ။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီမှာ ထမ်းဆောင်တဲ့ ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေကို ဘယ်လိုမျိုး မြှင့်တင်ပေးနိုင်မလဲ။ ဘယ်လိုသင်တန်းတွေ ပေးနိုင်မလဲ ဒါတွေအတွက် ဒီမှာဆွေးနွေးတာ” ဟု ပြောကြားသည်။လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက “Private Security ကဏ္ဍများ တိုးတက်လာပြီ ဆိုတာနဲ့အမျှ ကျွန်တော်တို့ လူမှုရေးဆိုင်ရာပိုင်းမှာ ပိုပြီးလုပ်နိုင်လာမယ်။ ပိုပြီးစိတ်ချလာနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်အားနဲ့ ဆောင်ရွက်နေတာဟာ ဒီမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြည်သူလူထု ၁၃၆၅ ယောက်ကို တာဝန်ယူနေရတဲ့အပိုင်း ဖြစ်ပါတယ်။ အဲဒီတော့ ဒီ Private Security လုပ်ခြင်းအားဖြင့် ကျွန်တော်တို့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွေရဲ့ အကူအညီ အများကြီး အင်အားတိုးလာတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဖွဲ့တွေက ကျွန်တော်တို့အတွက် အများကြီး အထောက်အကူ ရပါတယ်။ ကျွန်တော်တို့ လူဦးရေ တိုးပွားလာတာနဲ့အမျှ ရဲတပ်ဖွဲ့ဝင်အင်အားက အများကြီး လိုလာပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ တပ်ဖွဲ့ဝင်အင်အား မလုံလောက်တဲ့ အနေအထား ရှိတာပေါ့။ ကန့်သတ်ချက်တွေ အများကြီး ရှိပါတယ်” ဟု ပြောကြားသည်။ယခု အလုပ်ရုံဆွေးနွေးပွဲ ရလဒ်အပေါ် မူတည်ပြီး လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီများ ဥပဒေ ပေါ်ပေါက်ရေး၊ လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်ရေးတို့နှင့် ပတ်သက်သည်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အခြားလုံခြုံရေး ဝန်ဆောင်မှု ကုမ္ပဏီများကိုလည်း အသိပေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဇော်ဝင်းက ပြောကြားသည်။