ပြည်ထောင်စုအစိုးရအား အလိုမရှိကြောင်း MDCF အဖွဲ့ဝင်များ မြို့တော်ခန်းမရှေ့မှ ဒဂုံတရားရုံးအထိ လမ်းလျှောက်ဆန္ဒပြ

ပြည်ထောင်စုအစိုးရအား အလိုမရှိကြောင်း MDCF အဖွဲ့ဝင်များ မြို့တော်ခန်းမရှေ့မှ ဒဂုံတရားရုံးအထိ လမ်းလျှောက်ဆန္ဒပြ
Published 13 January 2015
အောင်ကျော်ထက်

ပြည်ထောင်စုအစိုးရအား အလိုမရှိကြောင်း MDCF အဖွဲ့ဝင်များမှ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် မြို့တော်ခန်းမရှေ့မှ ဒဂုံတရားရုံးအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် “ပြည်ထောင်စုအစိုးရအား အလိုမရှိကြောင်း၊ စစ်အာဏာရှင် အစိုးရ အလိုမရှိ၊ ဝမ်ပေါင်အား ကာကွယ်ပေးသည့် အစိုးရ အလိုမရှိ၊ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် ထောက်ခံကြောင်း၊ ပြည်သူ့အား ပြန်သတ်သည့် အစိုးရ အလိုမရှိ” စသည့်ကြွေးကြော်သံများ ကြွေးကြော်ကာ မဟာဗန္ဓုလပန်းခြံအား တစ်ပတ်ပတ်၍ အနော်ရထာလမ်း၊ မြို့မကျောင်းလမ်းအတိုင်း လမ်းလျှောက်ကာ ဒဂုံတရားရုံးအထိ ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။“ကျွန်မတို့က လက်ပံတောင်းတောင် အရေးမှာ သေနတ်မှန် သေဆုံးသွားတဲ့ ပြည်သူဒေါ်ခင်ဝင်းအတွက် မကျေနပ်ဘူး။ ဒီလို သေဆုံးသွားရတာ မတရားလို့ ကျွန်မတို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တယ်။ ဒါကို အစိုးရက ကျွန်မတို့ ပြည်သူတွေဘက်က မကာကွယ်ပေးဘဲ ဒီတရုတ်တွေဘက်ကပဲ ကာကွယ်ပေးနေတယ်။ ကျွန်မတို့က မြန်မာနိုင်ငံမှာနေထိုင်တဲ့ မြန်မာပြည်သူ ပြည်သားတွေပါ။ ဒါကို အစိုးရက ကိုယ့်နိုင်ငံသားကို ကာကွယ်မပေးဘဲ တိုင်းတစ်ပါးသားကိုပဲ ကာကွယ်ပေးနေတာ လုံးဝမဖြစ်သင့်ဘူး။ ဆန္ဒပြတဲ့ ပြည်သူတွေကိုပဲ ပုဒ်မတွေ အသီးသီးတပ်ပြီး ထောင်ထဲပို့ပစ်တယ်။ အခုလည်း ကျွန်မအပါအဝင် ခုနစ်ဦးကို ပုဒ်မတွေ အများကြီးနဲ့ ဒဂုံတရားရုံးမှာ အမှုဖွင့် တရားစွဲဆိုထားတယ်” ဟု ဒေါ်လေးလေးက ဆိုသည်။ယင်းအပြင် ဒေါ်လေးလေးအား တရုတ်သံရုံးရှေ့တွင် လက်ပံတောင်းတောင် ကိစ္စအား ဆန္ဒထုတ်ဖော်မှုဖြင့် နိုင်ငံတော် အကြည်အညိုပျက်စေမှု ‘(ပုဒ်မ-၅ဝ၅(ခ)’ အပါအဝင် ပုဒ်မခုနစ်ခုဖြင့် ဒဂုံတရားရုံးတွင် အမှုဖွင့်ထားမှုကြောင့် ဆန္ဒထုတ်ဖော်မှု အပြီးတွင် ဒေါ်လေးလေးကိုယ်တိုင် အဖမ်းခံခဲ့ကြောင်း သိရသည်။ထို့အတူ တရုတ်သံရုံးရှေ့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် လူများအနက် ဦးနေမျိုးဇင်၊ ဒေါ်နော်အုံးလှ၊ ဒေါ်စိန်ထွေးနှင့် ကိုတင်ထွဋ်ပိုင်တို့ကို ပြစ်မှုဆိုင်ရာ ပုဒ်မ-၂၉၄(ခ)၊ ၃၅၃၊ ၁၄၇၊ ၅ဝ၆၊ ၁၄၉၊ ၅ဝ၅(ခ)/၁၄၄ တို့ဖြင့် ဒီဇင်ဘာ ၃ဝ ရက်က အမှုဖွင့်ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၁၃ ရက် ရုံးချိန်တွင် တစ်စုံတစ်ရာ စစ်ဆေးခြင်း မရှိသေးဘဲ ဇန်နဝါရီ ၂ဝ ရက်သို့ ထပ်မံ ရုံးချိန်းခေါ်ယူခဲ့ကြောင်း သိရသည်။