ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့အကြို စာပေဟောပြောပွဲနှင့် ပျော်ပွဲရွှင်ပွဲအစီအစဉ်များကို ရန်ကုန်မြို့ရှိ ဗိုလ်စိန်မှန်ကွင်း၌ယနေ့ပြုလုပ်မည်

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့အကြို စာပေဟောပြောပွဲနှင့် ပျော်ပွဲရွှင်ပွဲအစီအစဉ်များကို ရန်ကုန်မြို့ရှိ ဗိုလ်စိန်မှန်ကွင်း၌ယနေ့ပြုလုပ်မည်
Published 12 January 2015
အောင်ဇော်ထွန်း

ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့်မွေးနေ့အကြို စာပေဟောပြောပွဲနှင့် ပျော်ပွဲရွှင်ပွဲအစီအစဉ်များကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အားကစားကွင်း၌ (ယနေ့) ဇန်နဝါရီ ၁၃ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။၂၀၁၅ ခုနှစ် တစ်နှစ်ပတ်လုံးကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ရာပြည့်နှစ်အဖြစ်သတ်မှတ်ကာ အမျိုးသားခေါင်းဆောင်များအတွက် အထိမ်းအမှတ်ပွဲများကို ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နိုင်ငံလုံးရှိမြို့နယ်အနှံ့တွင် ကျယ်ပြန့်စွာကျင်းပရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဆောင်ရွက်လျက်ရှိပြီး ဗိုလ်ချုပ်နှစ်တစ်ရာပြည့်မွေးနေ့အကြိုဖျော်ဖြေပွဲများ၊ အခမ်းအနားများပြုလုပ်လျက်ရှိသည်။ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြင့်ဌေးက "မနက်ဖြန်ကျရင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှစ်တစ်ရာပြည့် အကြိုစာပေဟောပြောပွဲလုပ်မှာပေါ့။ ဒါကညပိုင်းပေါ့။ ဒီမှာတော့ နံနက် ၈ နာရီလောက်ကတည်းက ပျော်ပွဲရွှင်ပွဲလုပ်မယ်လေ။ ကလေးတွေအတွက် ပြေးခုန်ပစ်တို့ ပိုက်ကျော်ခြင်းတို့ ထုပ်ဆီးတိုးပွဲတို့လုပ်မှာ။ နံနက် ၈ နာရီလောက်က မွန်းတည့် ၁၂ နာရီလောက်ထိလုပ်မှာ။ ၁၂ နာရီလောက်ကနေစပြီးတော့ ရန်ကုန်တိုင်းလူငယ်လုပ်ငန်းအဖွဲ့ကနေဦးဆောင်ပြီးတော့ ကျပန်းစကားပြောပြိုင်ပွဲလုပ်မှာ။ ၂ နာရီခွဲလောက်ကျရင် ဗိုလ်ချုပ်အောင်ဆန်းသီချင်းတွေနဲ့ ဖျော်ဖြေမှုအစီအစဉ်တွေလုပ်မယ်။ ပြီးရင် ၅ နာရီလောက်မှာ စာပေဟောပြောပွဲ ဖွင့်ပွဲလုပ်မယ်။ ဖွင့်ပွဲလုပ်ပြီးရင် ဂီတနဲ့ဖျော်ဖြေမှုအစီအစဉ်ထပ်လုပ်ပြီးတော့မှ စာပေဟောပြောပွဲကိုဆက်လုပ်မှာ" ဟု ဇန်နဝါရီ  ၁၂ ရက်ကပြောကြားသည်။အဆိုပါစာပေဟောပြောပွဲတွင် စာရေးဆရာ မောင်မိုးသူ၊ ဆရာဖေမြင့်နှင့် ဆရာအော်ပီကျယ်တို့ကဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အားဖိတ်ကြားထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ တက်ရောက်နိုင်မည်မဟုတ်ကြောင်း သိရသည်။မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် မသမာသူအချို့၏လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်ကို "မြန်မာနိုင်ငံကလေးများနေ့" အဖြစ်သတ်မှတ်၍ အခမ်းအနားများကျင်းပခဲ့သကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကွယ်လွန်ခဲ့သည့် ဇူလိုင် ၁၉ ရက်ကိုလည်း အာဇာနည်နေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်အာဇာနည်နေ့အခမ်းအနားများပြုလုပ်ခဲ့သည်။