ပြည်သူ့အကျိုးစီးပွားဖော်ဆောင်နိုင်မှုအခြေအနေနှင့်ပတ်သက်၍ လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေးလုပ်ဆောင်နေသူများပါဝင်သည့် စကားဝိုင်းဆွေးနွေးပွဲတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါဆွေးနွေးပွဲကို ဇန်နဝါရီ ၁၀ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ပြုလုပ်သွားမည်ဖြစ်ကာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) က စီစဉ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့အဖွဲ့အနေနဲ့ကတော့ ပုံမှန်ဒီလိုနိုင်ငံရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ နိုင်ငံရေးအကျဉ်းသားဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့ ပုံမှန် Workshop တွေ၊ Debate တွေလုပ်ပါတယ်။ ဒီတစ်ခေါက်တော့ ထူးထူးခြားခြားလို့ပြောရမှာပေါ့။ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပနိုင်ငံရေးအခြေအနေတွေနဲ့ လက်ရှိအခြေအနေတွေကိုထင်ဟပ်စေမယ့် ငြင်းခုံတဲ့ဆွေးနွေးပွဲတစ်ခုဖြစ်လာပါလိမ့်မယ်" ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးမြင့်အောင်ကပြောကြားသည်။ ဆွေးနွေးပွဲတွင် လွှတ်တော်တွင်းလုပ်ဆောင်ချက်များနှင့် လွှတ်တော်ပြင်ပလုပ်ဆောင်ချက်များတွင် မည်သည့်အပိုင်းမှ ပြည်သူ့အကျိုးစီးပွားအတွက် မည်မျှခေါ်ဆိုနိုင်သည်ကို ဆွေးနွေးငြင်းခုံသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၊ ဗဟန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး စသူတို့ကဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့အကျိုးစီးပွားဖော်ဆောင်နိုင်မှုအပေါ် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးလုပ်ဆောင်နေသူများစကားဝိုင်း ဆွေးနွေးမည်















