၂၀၁၄ ခုနှစ်အတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ် သုံးဘီလျံခွဲကျော် ဖမ်းဆီးရမိပြီး နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းများတွင် အများဆုံး ဖမ်းဆီးရမိ

၂၀၁၄ ခုနှစ်အတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ် သုံးဘီလျံခွဲကျော် ဖမ်းဆီးရမိပြီး နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းများတွင် အများဆုံး ဖမ်းဆီးရမိ
Published 6 January 2015
မင်းသီဟဇော်

၂ဝ၁၄ ခုနှစ်အတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ် သုံးဘီလျံခွဲကျော် ဖမ်းဆီးမိခဲ့ပြီး နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းများတွင် အများဆုံး ဖမ်းဆီးမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ကိုးလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတွင် တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိဘဲ တင်သွင်းလာသော အကောက်ခွန်မဲ့ ကုန်ပစ္စည်းများအား အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ကိုးလတာကာလအတွင်း အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီး/တားဆီးမှုများမှာ ရန်ကုန်လေဆိပ်နှင့် ဆိပ်ကမ်းများတွင် အမှုတွဲ ၂၉၈ မှု (ခန့်မှန်းတန်ဖိုး ကျပ် ၁၄၇၂ ဒသမ ၃၇ သန်း)၊  နယ်မြေဒေသများမှ အမှုတွဲ ၃၁၁ မှု (ခန့်မှန်းတန်ဖိုး ကျပ် ၂၁၁၁ ဒသမ ၉၇ သန်း) စုစုပေါင်း ဖမ်းဆီး/တားဆီးမှု ၆ဝ၉ မှု (ခန့်မှန်းတန်ဖိုး ကျပ်  ၃၅၈၄ ဒသမ ၃၄ သန်း) ရှိကြောင်း သိရသည်။အဆိုပါ ကိုးလအတွင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ်သော MIP၊ ထီးတန်း၊ အေးရှားဝေါလ်၊ သီလဝါ စသည့်ဆိပ်ကမ်းများတွင် အကောက်ခွန်မဲ့ ပစ္စည်းများ၊ သွင်းကုန်ကြေညာလွှာနှင့် ကွဲလွဲသည့် ပစ္စည်းများကို အရေးယူခဲ့ပြီး တည်ဆဲအကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ဖမ်းဆီးအရေးယူခဲ့ရသည့် အကောက်ခွန်မဲ့ ပစ္စည်းများတွင် ကျောက်စိမ်းဟု ယူဆရသော ကျောက်များ၊ ရွှေတုံးများ၊ သစ်တောထွက် ပစ္စည်းများ၊ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။အကောက်ခွန် ဦးစီးဌာနသည် နိုင်ငံခြားမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို တည်ဆဲဥပဒေများ၊ စည်းမျဉ်းအမိန့်များနှင့် အညီ အခွန်ကောက်ခံရန်၊ နိုင်ငံခြားသို့ တင်ပို့ခြင်းနှင့် နိုင်ငံခြားမှ တင်သွင်းသော ကုန်ပစ္စည်းများကို တည်ဆဲဥပဒေများ၊ စည်းမျဉ်းအမိန့်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိမရှိ ကြီးကြပ်ရန်၊ တရားမဝင် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများအား စုံစမ်းဖော်ထုတ် အရေးယူရန် စသည့် ဆောင်ရွက်ချက်များကို ကိုင်တွယ်ဆောင်ရွက်နေကြောင်း သိရသည်။တရားမဝင် ကုန်သွယ်မှုများ၊ ခွင့်ပြုချက်မရှိဘဲ ကုန်စည်တင်သွင်းမှုများကို အကောက်ခွန် ဦးစီးဌာနမှ  စစ်ဆေးအရေးယူ နေသကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာဌာနများ ပါဝင်ဖွဲ့စည်းထားသည့် Mobile Team အဖွဲ့များကလည်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် စစ်ဆေးအရေးယူနေကြောင်း သိရသည်။၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွင်းကလည်း ကျောက်စိမ်း၊ ရွှေမှောင်ခိုကုန်ကူးမှု အပါအဝင် အကောက်ခွန်မဲ့ပစ္စည်း စုစုပေါင်း ကျပ်ခြောက်ဘီလျံကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

Most Read

Most Recent