တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေး လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တောင်းဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေး လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တောင်းဆို
Published 6 January 2015
ဇာလီမြင့်ဦး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မှ ကိုယ်စားလှယ်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေး လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရေး တောင်းဆိုခဲ့သည်ဟု သတင်းရရှိသည်။ဇန်နဝါရီ ၅ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ခန်းမတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ စစ်တပ်မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သူ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက “အဓိကကတော့ အပစ်အခတ်ရပ်စဲရေးကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ဖို့အရေးပေါ့။ အဲဒီမှာ တပ်မတော်ရဲ့အခန်းကဏ္ဍကလည်း အင်မတန်မှအရေးကြီးတဲ့အတွက်ကြောင့် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ အားလုံးကတော့ အဲဒီလိုတောင်းဆိုကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း သူ့အနေနဲ့ ဒါကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်နိုင်အောင် လုပ်နေတယ်ဆိုတဲ့သဘောမျိုး ရည်ညွှန်းပြောကြားသွားပါတယ်”ဟု ပြောကြားသည်။ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် လက်ရှိအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် ဆွေးနွေးရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များအကြား များစွာပြောဆိုဆွေးနွေးခဲ့ရမှုများရှိခဲ့သည့် စကားလုံးပိုင်းဆိုင်ရာကိစ္စများ၊ လာမည့် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးဖြစ်နိုင်ရေးနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ပြောင်းလဲရာတွင်ရှိသည့် လုပ်နည်းလုပ်ဟန်များနှင့် ပတ်သက်၍လည်း ရည်ညွှန်းပြောကြားမှုများရှိခဲ့ကြောင်း သိရသည်။“ကာကွယ်ရေးဦးစီးချုပ်က သူတို့တွေကတော့ ပြည်ထောင်စုနေ့မှာ ဒီလို တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ကိုသာ ပြောကြပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီပြည်ထောင်စုနေ့မှာ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရင် အကောင်းဆုံးဆိုတဲ့ အမြင်သဘောထားတွေ ရှိကြပါတယ်”ဟု ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဠ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။ယခုတွေ့ဆုံပွဲသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နှစ်ဖက်သဘောထားများအား အပြန်အလှန် တင်ပြခဲ့ကြကာ တွေ့ဆုံချိန်နှစ်နာရီခန့် ကြာမြင့်ခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် KIA၊ TNLA၊ KNPP၊ CNF တို့သည် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိချေ။ 

Most Read

Most Recent