ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်မှု ဇန်နဝါရီလကုန်တွင် လုပ်ကိုင်ခွင့် ချပေးတော့မည်ဖြစ်ရာ တရုတ်တစ်နိုင်ငံတည်းကို ဦးစားပေးရွေးချယ်ခြင်းမျိုး မဖြစ်သင့်ကြောင်း သုံးသပ်မှုများ ရှိနေ

ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်မှု ဇန်နဝါရီလကုန်တွင် လုပ်ကိုင်ခွင့် ချပေးတော့မည်ဖြစ်ရာ တရုတ်တစ်နိုင်ငံတည်းကို ဦးစားပေးရွေးချယ်ခြင်းမျိုး မဖြစ်သင့်ကြောင်း သုံးသပ်မှုများ ရှိနေ
Published 4 January 2015
အငယ်ထွေး၊ နီလာ

လာမည့် ဇန်နဝါရီလကုန်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီများအား ရွေးချယ်သွားတော့မည်ဖြစ်ရာ တရုတ်တစ်နိုင်ငံတည်းအား ဦးစားပေးရွေးချယ်ခြင်းထက် နိုင်ငံတကာ ကုမ္ပဏီများ ပါဝင်သင့်ကြောင်း သုံးသပ်မှုများလည်း ပေါ်ထွက်နေသည်။မြန်မာနိုင်ငံတွင် သီလဝါ အထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟူ၍ သုံးခုရှိသည့်အနက် ကျောက်ဖြူအထူးစီးပွားရေးဇုန်သည်သာ ရေနက်ဆိပ်ကမ်းနှင့် ချိတ်ဆက်နေသော စီးပွားရေးဇုန်ဖြစ်ပြီး သီလဝါမှာ ရန်ကုန်မြို့နှင့်နီး၍ အချက်အချာ ကျသော်လည်း ရေနက်ဆိပ်ကမ်း မဟုတ်ကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုသည်လည်း တုံ့ဆိုင်းနေကြောင်း၊ ထို့အတွက် ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် မြန်မာနိုင်ငံအတွက် အဓိက ရေနက်ဆိပ်ကမ်း ဖြစ်သကဲ့သို့ တရုတ်နိုင်ငံ အတွက်လည်း အဓိက ပင်လယ်ထွက်ပေါက်တစ်ခု ဖြစ်နေကြောင်း သိရှိရသည်။“အခု မြန်မာနိုင်ငံမှာ SEZ သုံးခုရှိတယ်။ ကျောက်ဖြူရယ်၊ ထားဝယ်ရယ်၊ သီလဝါရယ် ဆိုပြီးတော့ ရှိတယ်။ ဒါပေမဲ့ ထားဝယ်ရဲ့ အနေအထားက သိပ်ပြီးတော့ မကောင်းတော့ဘူး။ ရန်ကုန်မြို့နဲ့ ဝေးသလို သယ်ယူပို့ဆောင်မှုအတွက် အချိန်ကြန့်ကြာမှု ရှိတယ်။ နောက်တစ်ခုက ထားဝယ်ပတ်ဝန်းကျင်မှာ ကျွန်းပေါင်းမြောက်မြားစွာ ရှိတယ်။ အဲဒါက အရှေ့တောင်အာရှရဲ့ နောက်ဆုံးထိန်းသိမ်းရမယ့် ရတနာလိုမျိုး ဖြစ်နေတယ်။ အဲဒီနေရာမှာ dirty industry တွေ ဝင်လာပြီဆိုရင် ကန့်ကွက်မှုတွေက ရှိလာမှာပဲ။ အခုလည်း ကန့်ကွက်မှုတွေ အများကြီး ဖြစ်လာတယ်။ သီလဝါကျတော့ ရေကတိမ်တော့ ဒါထက်ထပ်ပြီးတော့ ထပ်ချဲ့ဖို့ မမြင်တော့ဘူး။ မြန်မာနိုင်ငံအတွက်က တကယ့်တိုးတက်ဖွံ့ဖြိုးမယ့် နောက်ဆုံးနေရာက ဘာလဲဆိုတော့ ကျောက်ဖြူပဲ” ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့၏ အနေအထားကို လေ့လာသုံးသပ် ကြည့်ပါက လက်ရှိအချိန်၌ တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းသည် ထိုဒေသမှတစ်ဆင့် တရုတ်နိုင်ငံသို့ သွယ်တန်းပြီးသား အနေအထား ရှိနေပြီး ရေနံ သိုလှောင်ကန်များလည်း တည်ဆောက်ပြီးသွားပြီ ဖြစ်ကြောင်းလည်း သိရသည်။“ကျောက်ဖြူက တရုတ်အတွက် အဆင်သင့် အနေအထားမှာ ဖြစ်နေပြီ။ ထားဝယ်မှာဆိုရင် ဘာမှ မရှိတာကနေ စလုပ်ရမှာ။ ဒီပိုက်လိုင်းက ပေးနေတာက တရုတ် တစ်နိုင်ငံလုံးက လိုအပ်ချက်ရဲ့ တစ်ရာခိုင်နှုန်း ရှိတယ်။ နောက် ရေနံပိုက်လိုင်းတို့ အာဖရိကက သယ်တဲ့ ရေနံတွေကို မြန်မာနိုင်ငံက ဖြတ်မယ်ဆိုရင် တရုတ်နိုင်ငံက လိုအပ်ချက်ရဲ့ ၁ဝ ရာခိုင်နှုန်းလောက်လည်း ဖြစ်သွားနိုင်တယ်။ ဒီဒေသက ဖွံ့ဖြိုးတိုးတက်လာနိုင်တဲ့ အခါကျတော့ တရုတ်နိုင်ငံ အနေနဲ့ ကျောက်ဖြူမှာ သူတို့ ဝင်နိုင်ဖို့ ရေနက်ဆိပ်ကမ်း လုပ်ခွင့် ရဖို့အတွက် ၂ဝဝ၅ လောက်ကတည်းက စီစဉ်ထားပြီးသား။ အခု ကျောက်ဖြူမှာ စီစဉ်ထားတဲ့ Development Area ကို ကြည့်မယ်ဆိုရင် စင်ကာပူထက် သုံးဆကြီးတယ်။ အခု အဲဒီမှာ ဖြစ်နေတဲ့ လူမျိုးရေး ပဋိပက္ခ ဆိုတာက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိလို့ ဖြစ်နေတာလို့ ယူဆကြတယ်။ တကယ်လို့ စီးပွားရေးအရ တိုးတက်လာမယ်ဆိုရင် အဲဒီနေရာမှာ အဲဒီဒေသမှာ အေးချမ်းသွားနိုင်တယ်လို့ မြင်ကြတယ်။ အခုက ကျောက်ဖြူမှာ deep seaport အကြီးကြီး ဖြစ်လာမယ်ဆိုရင် အရှေ့တောင်အာရှ မပြောနဲ့ အာရှမှာတောင် တကယ့် မဟာဗျူဟာမြောက် နေရာတစ်ခု ဖြစ်လာမယ်” ဟု ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ဘင်္ဂလား ပင်လယ်အော်၊ အိန္ဒိယ သမုဒ္ဒရာတို့နှင့် ဆက်စပ်နေသည့်အတွက် မဟာဗျူဟာမြောက် အရေးပါလာမည့် နေရာဖြစ်ကြောင်း၊ တရုတ်နိုင်ငံအတွက် အရေးပါသကဲ့သို့ မြန်မာနိုင်ငံ အတွက်လည်း အလွန်ပင် အရေးပါနေကြောင်း၊ ယင်းအနေအထားတွင် တစ်စုံတစ်ယောက်၏ ရင်းနှီးမြှုပ်နှံမှုကို အများအပြား ခွင့်ပြုမပေးသင့်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။“ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ ဘယ်လောက်အရေးပါလာမလဲ ဆိုရင် မြန်မာနိုင်ငံအတွက် အရေးပါတဲ့ သော့တစ်ချောင်းပဲ။ အဲဒီသော့ကြီး တစ်ချောင်းလုံးကို အိန္ဒိယကိုပဲ ဖြစ်ဖြစ် တရုတ်ကိုပဲ ဖြစ်ဖြစ် အမေရိကန်ကိုပဲ ဖြစ်ဖြစ် ၁ဝဝ ရာခိုင်နှုန်း ပေးလိုက်မယ်ဆိုရင် မြန်မာနိုင်ငံ ဘာဖြစ်သွားမလဲ စဉ်းစားကြည့်ပေါ့။ အခု ကြည့်ရတာ developer ခေါ်ထားတဲ့ အထဲမှာလည်း အိန္ဒိယ မပါဘူး။ တရုတ်ချည်းပဲ ဖြစ်နေတယ်။ မြန်မာကုမ္ပဏီလည်း မပါဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်တော် ဝင်လိုက်တာ။ တကယ်တော့ ကျွန်တော့်လိုင်းလည်း မဟုတ်ဘူး” ဟု Parami Group of Energy ၏ CEO ဦးပြည့်ဝထွန်းက ဆိုသည်။မြန်မာနိုင်ငံတွင် ၂ဝ၁၅ နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာတွင် ရွေးကောက်ပွဲအား ပြုလုပ်တော့မည်ဖြစ်ရာ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးဆိုင်ရာ ခွင့်ပြုမှုအား လက်ရှိအစိုးရ လက်ထက်တွင် အပြီးသတ် ဆောင်ရွက်သွားမည့် အခြေအနေ ရှိကြောင်းလည်း သိရသည်။ လက်ရှိအချိန်သည် အမေရိကန်နှင့် ဥရောပ ကုမ္ပဏီများ ဝင်ရောက်မှု နည်းနေသေးသည့် အချိန်လည်း ဖြစ်သည်။“ဥပမာ စင်ကာပူ Model ကို ကြည့်လိုက် စင်ကာပူမှာ ဘယ်တော့မှ တစ်ဦးတစ်ယောက်ထဲကို အကုန်မပေးဘူး။ ဆိုပါတော့ construction အပိုင်းဆိုရင် ကမ္ဘာပေါ်မှာ အကောင်းဆုံး ကုမ္ပဏီ တစ်ခုခုကို ပေးလိုက်တယ်။ ရင်းနှီးမြှုပ်နှံမှုကျတော့ တစ်ယောက်ပေးတယ်။ Operator ပိုင်းကျတော့ တစ်ယောက်ပေးတယ်။ ဆိုတော့ ဘာဖြစ်သွားလဲဆိုတော့ အဲဒီ သုံးယောက်က အပြိုင်ဖြစ်သွားတယ်။ အပြိုင် ဖြစ်သွားတဲ့အတွက် တိုင်းပြည်အတွက်လည်း သူ့ရဲ့ အချုပ်အခြာ အာဏာကို ထိန်းထားပြီးသား ဖြစ်သွားတယ်။ အခုက ဘာဖြစ်နေလဲဆိုတော့ ဟိုနေရာ တရုတ်၊ ဒီနေရာ တရုတ်နဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိသမျှ အရာတွေ အားလုံး တရုတ်ကို ပေးနေတယ်ဆိုတော့ သွားပြီ။ ကျောက်ဖြူမှာက ရေနက်ဆိပ်ကမ်းက တစ်ပိုင်း၊ စက်မှုဇုန်က တစ်ပိုင်း၊ Commercial Zone က တစ်ပိုင်း ပြန်ခွဲထားတယ်။ အဲဒီ Package သုံးခုလုံးမှာ မြန်မာကုမ္ပဏီ တစ်ခုမှ မပါဘူး။ အကုန်လုံးက တရုတ်ကုမ္ပဏီတွေ ချည်းပဲ။ Deep Seaport မှာဆိုရင် တရုတ်ကုမ္ပဏီ သုံးခုနဲ့ ကျွန်တော်တို့ရဲ့ Conzsortium တစ်ခုပဲ ပါတယ်။ အခု ဇန်နဝါရီလကုန်မှာ တင်ဒါနဲ့ ပတ်သက်ပြီးတော့ ထုတ်ပြန်သွားဖို့ ရှိတယ်။ ဒီ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးဇုန်ဟာ တရုတ်က အခုလုပ်နေတဲ့ ပိုးလမ်းမကြီးနဲ့ဆို အရမ်း တန်ဖိုးရှိတယ်။ ဒါကြီးကို ပေးလိုက်တာတော့ မှန်ပါတယ်။ သားသမီး မြေးမြစ်တွေအတွက်တော့ ဘာမှကျန်မှာ မဟုတ်ဘူး။ တကယ်တမ်းကျတော့ ၁ဝဝ ရာခိုင်နှုန်း ပေးစရာကို မလိုဘူး။ အမှန်တကယ် ဒီဟာကို Manage ကောင်းကောင်း လုပ်မယ်ဆိုရင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် လုပ်လို့ရတယ်။ ဆိုတော့ ဒီနေရာမှာ မြန်မာနိုင်ငံ ပါကိုပါရမယ်။ နိုင်ငံတကာလည်း ပါရမယ်။ တရုတ်ကိုချည်းပဲ ၁ဝဝ ရာခိုင်နှုန်း ပေးလိုက်ရင် ကိုယ့်မှာရှိတဲ့ ဒေါ်လာတစ်သန်း တန်တဲ့ဟာကို ငါးကျပ်တစ်ဆယ်နဲ့ ပေးသလို ဖြစ်သွားမယ်” ဟု ဦးပြည့်ဝထွန်းက ဆက်လက် ပြောကြားခဲ့သည်။“ကျွန်တော်တို့က တရုတ်ကို ဆန့်ကျင်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံအတွက် value ကို ချဲ့ထွင်နိုင်ရမယ်။ ကိုယ့်နိုင်ငံအတွက် ကိုယ့်သားသမီးအတွက် အကျိုးရှိအောင် လုပ်နိုင်ရမယ်။ အဲလို မဟုတ်ဘဲနဲ့ ထပြီး Project အကောင်အထည် ဖော်မယ်ဆိုပြီး ဒိုင်းဒိုင်းဆို သူများကို သွားပေးလိုက်တော့ ကိုယ့်နိုင်ငံအတွက် ဘာမှ အကျိုးမရှိဘူး။ အဲဒါကို မြင်လို့ ကျွန်တော် ဝင်လိုက်တာ။ အမှန်တော့ ကျွန်တော်တို့ ကုမ္ပဏီက သေးသေးလေး။ ပြီးတော့ ကျွန်တော်ရဲ့ Core Business မဟုတ်ဘူး။ ဘာကြောင့် ယူလိုက်လဲဆိုတော့ ကျွန်တော်ရထားတာ ကျွန်တော့်နိုင်ငံကို ပြန်ပေးလို့ ရတယ်” ဟု ဦးပြည့်ဝထွန်းက ဆိုသည်။အစောပိုင်းကာလက ထုတ်ပြန်ထားသော သတင်းအချက်အလက်များ အရ ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှု ဖော်ပြလွှာ (EOI) တင်သွင်းရန် ဖိတ်ခေါ်ခဲ့ရာ ၂ဝ၁၄ ခုနှစ် ဩဂုတ်လ ၂၅ ရက်အထိ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကုမ္ပဏီ အုပ်စုပေါင်း ၆၁ ခု မှတ်ပုံတင်စာရင်း ပေးသွင်းခဲ့ကြပြီး နိုင်ငံပေါင်း ခုနစ်နိုင်ငံ၊ ကုမ္ပဏီအုပ်စု ၁၂ ခုတို့က ၎င်းတို့ စိတ်ဝင်စားသော အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို အထောက်အထား ၂၁ ခုအတွက် သတ်မှတ်ထားသော အမေရိကန် ဒေါ်လာ ၁ဝဝဝ အသီးသီး ပေးသွင်းကာ ရယူခဲ့ကြကြောင်း၊ ယင်းပေးသွင်းထားသူများအနက် နိုင်ငံပေါင်း ငါးနိုင်ငံမှ ကုမ္ပဏီအုပ်စု ခုနစ်ခုက စိတ်ဝင်စားမှု ဖော်ပြလွှာ (EOI) အထောက်အထား ၁၂ ခု ပြန်လည်တင်သွင်းခဲ့ကြောင်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။“ကျောက်ဖြူအထူးစီးပွားရေးဇုန် တင်ဒါနဲ့ ပတ်သက်ပြီး အခု ဇန်နဝါရီလကုန် ဖေဖော်ဝါရီလမှာ ထုတ်ပြန်သွားမှာပါ။ လောလောဆယ်မှာတော့ ကုမ္ပဏီဘယ်နှခု ချထားတယ် ပြောလို့ မရသေးပါဘူး။ ကျွန်တော်တို့က ညှိနှိုင်းရမယ့် အပိုင်းလေးတွေ ရှိနေတော့ အရေအတွက်၊ ဘယ်နိုင်ငံကဆိုတဲ့ အပိုင်းလေးတွေကို မထုတ်ပြန်နိုင်သေးပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၁ဝဝ ရာခိုင်နှုန်းတော့ မပေးပါဘူး။ မြန်မာနိုင်ငံက Consortium တွေလည်း ပါမှာပါ။ ဘယ်သူ့ကို ဘယ်လောက် ရင်းနှီးမြှုပ်နှံမှု ပေးတယ်ဆိုတာ ကျွန်တော် ပြောလို့ မရပါဘူး” ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။“အမှန်အတိုင်း ပြောရရင် ဒါကြီး အဲလောက်ကြီး ချက်ချင်းကြီး လုပ်စရာ မလိုသေးဘူး။ အခု ဝမ်ပေါင်ကိစ္စနဲ့ ရှုပ်ယှက်ခတ်နေတဲ့ အချိန်မှာ အခု ဇန်နဝါရီအကုန်မှာ တင်ဒါထုတ်ပြန်ဖို့လည်း မလိုသေးဘူး။  ဥပမာ-တရုတ်ကို သုံးပုံတစ်ပုံလောက်ပေး၊ ဆိုပါတော့ တရုတ်နဲ့ဂျပန်နဲ့ မတည့်ဘူးဆိုလည်း Europe ကို one third လောက် ပေးလိုက်။ operation မှာ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ပြီးတော့ တိုင်းပြည်အတွက် ဘယ်လိုကောင်းအောင် လုပ်မလဲ ဆိုတာမျိုး လာရမှာ။ ဆိုပါတော့ ဒီလို ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကို အကောင်အထည် ဖော်လိုက်တဲ့အတွက် ဒေသခံတွေအတွက် ဘယ်လောက် အကျိုးရှိမလဲ။ တိုင်းပြည်အတွက် ဘယ်လို အကျိုးရှိမလဲ။ SMEs တွေအတွက် ဘယ်လို အကျိုးအမြတ် ရမလဲ။ ဆိပ်ကမ်းရှိနေတဲ့အတွက် ဒေသထွက်ကုန်တွေအတွက် ဘယ်လို အကျိုးရှိမလဲ။ လူနေမှု ဘဝတွေ ဘယ်လို မြင့်တက်သွားမလဲ ဆိုတာ အဲလို စဉ်းစားပြီးတော့ လုပ်ရမှာ။ အဲလို မကြည့်ပဲနဲ့ တရုတ်ကြီး ကောင်းလိုက်တာဆိုပြီး တရုတ်ကိုပဲ ဝကွက် အပ်လိုက်တော့ ကျွန်တော်တို့ နိုင်ငံအတွက် ဘာအကျိုးရှိမလဲ။ တရုတ်ကကျတော့ သူတို့မှာ plan ရှိပြီးသား။ သူ့အတွက် အကျိုးရှိသလို ကိုယ့်အတွက်လည်း အကျိုးရှိဖို့ လိုတယ်။ တစ်ခု ရှိတာက တရုတ်ဘက်ကလည်း ဗမာတွေက တောင်းရင် အဆင်သင့်ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဗမာတွေက မတောင်းတတ်ဘူး။ တောင်းတတ်ပေမယ့်လည်း သူ့အတွက် မဟုတ်တဲ့အတွက် သူက မတောင်းဘူး။ ကိုယ့်အိတ်ထဲပဲ ထည့်တဲ့သူတွေက ရှိနေတယ်။ အားလုံးက win win ဖြစ်ဖို့ လိုတယ်။ တရုတ်ကတော့ ပြောတာပေါ့။ I win You win ဆိုပေမယ့် သူတို့ win တာက ၉၉ ဒသမ ၅ လောက်ရှိပြီးတော့ မြန်မာက ဝ ဒသမ ၅ လောက် win တယ်ဆိုရင်တော့ မဖြစ်သေးဘူး။ တကယ်တော့ ၆ဝ၊ ၄ဝ လောက်တော့ ဖြစ်သင့်တာပေါ့။ အဲလို လုပ်နိုင်ရင် အဲဒီနေရာကြီးက တကယ့် development center ကြီး ဖြစ်သွားမယ်” ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။တရုတ်နိုင်ငံတွင် ယူနန်ပြည်နယ်သည် ကုန်းတွင်းပိတ်ပြည်နယ်တစ်ခု ဖြစ်နေသည့်အတွက် ယင်းပြည်နယ်၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် တရုတ်နိုင်ငံက တည်ပြီး လုပ်ကိုင်နေသည့် အပိုင်းတွင် ကျောက်ဖြူ တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်မှုနှင့်အတူ အရှေ့အလယ်ပိုင်းမှ သယ်ဆောင်လာသော ရေနံစိမ်းများအား သိုလှောင်ထားနိုင်မည့် oil tank များအားလည်း ကျောက်ဖြူမြို့နယ်အတွင်း မဒေးကျွန်းတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ယင်းမှတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရေနံစိမ်းပိုက်လိုင်းဖြင့် ၂ဝ၁၅ နှစ်ဆန်းပိုင်းတွင် ပို့လွှတ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ရေနံစိမ်းပိုက်လိုင်းမှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် အပြိုင် သွယ်တန်းထားခြင်းဖြစ်ကြောင်း သိရသည်။တရုတ်နိုင်ငံ၏ ရထားလမ်း စီမံကိန်းအား ရွှေ့ဆိုင်းထားသော်လည်း ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အား တရုတ် တစ်နိုင်ငံတည်းက ရင်းနှီးမြှုပ်နှံခွင့် ရသွားပါက မြန်မာနိုင်ငံကိုဖြတ်မည့် လက်ရှိ ဆိုင်းငံ့ထားသော ရထားလမ်း စီမံကိန်းမှာလည်း  ပြန်လည်အကောင်အထည် ပေါ်လာနိုင်ကြောင်းနှင့် အလားတူ တရုတ်နိုင်ငံ၏ ပိုးလမ်းမသစ်နှင့် ချိတ်ဆက်နိုင်မည့် လမ်းကြောင်းသစ်တစ်ခုလည်း ပေါ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။တရုတ်နိုင်ငံ အနေဖြင့် အဆိုပါ ပိုးလမ်းမသစ်အတွက် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃ ဘီလျံ ဘဏ္ဍာငွေ သုံးစွဲရန် လျာထားထားပြီး၊ အဆိုပါ ပိုးလမ်းမသစ်တွင် ရေလမ်းနှင့် ရထားလမ်းပိုင်းပါ ပါဝင်ကြောင်း Bloomberg.com တွင် ဖော်ပြထားချက်အရ သိရှိရသည်။“အခု တရုတ်က စီစဉ်နေတဲ့ ခေတ်သစ် ပိုးလမ်းမကြီးဆိုတာ အိန္ဒိယတို့ ပါကစ္စတန်တို့ကနေပြီး အာရေဗျအထိ သွားမှာ။ ပြီးရင် မြေထဲပင်လယ်ကိုကျော်ပြီး အီးယူအထိ ရောက်သွားမယ်။ နောက်တစ်ခုက ပုလဲသွယ် စီမံကိန်းဆိုတာ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး အမေရိကန်က ပညာရှင်တစ်ယောက်က ရေးတာကတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းရယ်၊ နောက်ပြီး သီဟိုဋ်မှာ ရှိနေတဲ့ ရေနက်ဆိပ်ကမ်းရယ်၊ ပါကစ္စတန်မှာ ရှိနေတဲ့ ရေနက်ဆိပ်ကမ်းရယ် နောက် အာရေဗျ ကျွန်းဆွယ်နားမှာ မောရေးရှားကျွန်းဆွယ်ဆိုတာ ရှိတယ်။ အဲဒါတွေသာ ဆက်သွားမယ်ဆိုရင် ဒါဟာ ကမ္ဘာကြီးကို မဟာဗျူဟာအရ ဝိုင်းပတ်ထားတာ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားတာမျိုးတော့ ရှိတယ်။ ပုလဲသွယ် စီမံကိန်း ဆိုတာလည်း အဲဒီ သဘောပါပဲ။ အခုက ရေနက်ဆိပ်ကမ်းကို အကောင်အထည်ဖော်နေတဲ့ အပိုင်းဖြစ်ပြီး ခုချိန်ထိတော့ စစ်အခြေစိုက် စခန်းမျိုးတော့ မရှိသေးဘူး။ အခုကတော့ စီးပွားရေးသဘောမျိုးလောက်ပဲ တွေ့ရပါသေးတယ်။ အဲဒီကိစ္စမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကောင်းသွားတဲ့အတွက် တရုတ်ကတော့ အကျိုးရှိသွားတာပေါ့။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ရေနံ ၈ဝ ရာခိုင်နှုန်းက အာရေဗျကျွန်းဆွယ်ကနေ သယ်လာတာကိုး။ သူ့ရဲ့တိုင်းပြည် မလက္ကာက မပို့ချင်တဲ့အတွက် လုပ်လာတဲ့ အပိုင်းပေါ့” ဟု စာရေးဆရာ သန်းစိုးနိုင်က ဆိုသည်။လက်ရှိအချိန်တွင် တရုတ်နိုင်ငံက လုပ်ဆောင်နေသည့် ပုလဲသွယ် စီမံကိန်းတွင် ကျောက်ဖြူတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ ပါကစ္စတန်တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် သီရိလင်္ကာ နိုင်ငံတို့တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး ပါဝင်နေသည်။ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် တရုတ်နိုင်ငံမှ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများသည် လက်ရှိတွင် အကောင်အထည် ဖော်နေသော ပိုးလမ်းမကြီးအား အထောက်အကူ ပြုစေနိုင်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အာရှတွင် အချက်အချာကျသည့် နေရာတစ်ခု ဖြစ်လာရန်အတွက် ဆိပ်ကမ်းများ၊ ပိုက်လိုင်းစီမံကိန်းများ၊ ကားလမ်းနှင့် ရထားလမ်းများ တိုးချဲ့ဖောက်လုပ်လာကြောင်း၊ အဓိကအားဖြင့် အာရှတိုက် အလယ်ပိုင်းကို ဖြတ်သည့် silk road economic belt ကို တည်ထောင်နေကြောင်း၊ အလားတူ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ကုန်းတွင်းဆိပ်ကမ်း တစ်ခုအား အဆိုပါ လမ်းကြောင်းပေါ်တွင် တည်ဆောက်နေပြီး အဆိုပါ စီမံကိန်းမှာ တရုတ်နိုင်ငံ၏ နယ်စပ်မြို့ဖြစ်သော Horgos တွင် အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး တစ်ဖက် ကာဇစ္စတန်နှင့် နယ်စပ်နှင့် ဆက်စပ်နေကြောင်းနှင့် ပိုးလမ်းမပေါ်တွင် ရှိနေသော Horgos မြို့မှာ အာရှတိုက် အလယ်ပိုင်း၏ transit point တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း The Wall Street Journal တွင် ဖော်ပြထားသည်။တရုတ်နိုင်ငံ အနေဖြင့် Horgos ဆိပ်ကမ်းမှတစ်ဆင့် ကာဇစ္စတန်နှင့် ရုရှားနိုင်ငံသို့ ရထားလမ်းဖြင့် ဆက်သွယ်ထားပြီး ရုရှားနိုင်ငံမှတစ်ဆင့် ဂျာမနီနိုင်ငံ Duisburg ဆိပ်ကမ်းမြို့သို့ ချိတ်ဆက်နိုင်မည် ဖြစ်ကြောင်း၊ အဆိုပါ လမ်းကြောင်းအား အသုံးပြုခြင်းအားဖြင့် အချိန်များစွာ လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ သင်္ဘောဖြင့် သွားပါက ရက်ပေါင်း ၄ဝ ကြာမည့် ခရီးအား ၁၅ ရက်နှင့် ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။