ဗိုလ်ချုပ် ရာပြည့်အထိမ်းအမှတ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့၌ ယနေ့ လူထုဟောပြောပွဲ ပြုလုပ်မည်

ဗိုလ်ချုပ် ရာပြည့်အထိမ်းအမှတ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့၌ ယနေ့ လူထုဟောပြောပွဲ ပြုလုပ်မည်
Published 2 January 2015
ကျော်ဇင်ဝင်း

ဗိုလ်ချုပ် ရာပြည့်အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၃ ရက် (ယနေ့) ညနေပိုင်းတွင် ပဲခူးမြို့၌ လူထုဟောပြောပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါ ဟောပြောပွဲကို ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး အနောက်ဘက်မုခ် ဗုဒ္ဓအသံ ဓမ္မဗိမာန်၏ နောက်ဘက်ကွင်းတွင် ကျင်းပမည်ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးမြို့၌ ပြည်သူလူထုနှင့် တွေ့ဆုံ၍ မိန့်ခွန်းမပြောကြားမီ ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်ရှိ ဟိုတယ် Aroma တွင် ပဲခူးမြို့ မြို့မိမြို့ဖများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပဲခူးတိုင်း၊ ခရိုင်၊ မြို့နယ် တာဝန်ရှိသူများအား သီးခြားစီ ဦးစွာတွေ့ဆုံမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးသိန်းတန်က ပြောကြားသည်။မူလက ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံရန် စီစဉ်ထားသော်လည်း ခန်းမငှားရမ်းရာတွင် ဟိုတယ်တစ်ခုမှ ငြင်းဆန်သဖြင့် အဆင်ပြေသည့် ဟိုတယ်တစ်ခု ငှားရမ်းဆောင်ရွက် ရသောကြောင့် နေရာအခက်အခဲ ရှိသဖြင့် မြို့မိမြိုဖများနှင့်သာ တွေ့ဆုံနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်၍ စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ လှူဒါန်းခြင်း၊ ရွှေမော်ဓောစေတီတော် ဂေါပကအဖွဲ့၏ သြဝါဒစရိယ ဆရာတော်များအား သင်္ကန်းကပ်လှူခြင်းနှင့် ဆရာတော်များထံမှ သြဝါဒခံယူခြင်းတို့ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ညနေ ၄ နာရီခန့်တွင် ပဲခူးမြို့ရှိ ပြည်သူလူထုအား တွေ့ဆုံမိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း ဦးသိန်းတန်က ပြောကြားသည်။“ကျွန်တော်တို့က ဗိုလ်ချုပ်ရာပြည့် အခမ်းအနားတွေကို တစ်နိုင်ငံလုံး မြို့နယ်တွေအားလုံး ကိုယ့်မြို့နယ်နဲ့ ကိုယ်လုပ်ဖို့ ဗဟိုက ညွှန်ကြားထားပြီးပြီ။ ကြီးကြီးမားမား လုပ်နိုင်ရင်လည်း လုပ်၊ ဒါမှမဟုတ်ရင် စာပေဟောပြောပွဲတွေ ဘာတွေ လုပ်ပေါ့နော်။ ဒါက ပထမဦးဆုံး ၂၀၁၅ မှာ တစ်နိုင်ငံလုံးမှာ ကျင်းပမယ့် ဗိုလ်ချုပ်ရာပြည့် အခမ်းအနားတွေ ကျင်းပနိုင်ခွင့်ရအောင် ဆိုပြီးတော့ ပဲခူးမှာ ပထမဦးဆုံး ဒါဖွင့်ပွဲပဲပေါ့။ ပြောရရင်တော့ တစ်နိုင်ငံလုံးမှာလုပ်မယ့် အခမ်းအနားတွေရဲ့ ဖွင့်ပွဲပဲပေါ့။ ဒေါ်အောင်ဆန်းစုကြည် လာမှာကို ကျွန်တော်တို့ ပဲခူးတိုင်း တစ်တိုင်းလုံး အနေနဲ့ ဂုဏ်ယူပါတယ်။ လူထုကလည်း ဒါကို လိုလိုလားလား ရှိတယ်လေ” ဟု ပဲခူးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးသိန်းတန်က ပြောကြားသည်။ထို့အတူ အဆိုပါ အခမ်းအနားအား တရားဝင်ခွင့်ပြုချက်ရယူ ဆောင်ရွက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံ ရေးအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးသိန်းတန်က ပြောကြားသည်။ယခု ခရီးစဉ်သည် ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ပြည်တွင်းခရီးစဉ်ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ ပြုလုပ်သည့် သူမမိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၂၆) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ နောက်ဆုံးပြည်တွင်းခရီးစဉ် သွားရောက်ထားသည်။

Most Read

Most Recent