လက်ရှိ အနေအထားအရ သမ္မတဦးသိန်းစိန်အား အကြိုက်ဆုံးဖြစ်ပြီး လက်ရှိအစိုးရကို နောက်ထပ်သက်တမ်းတစ်ခု ဆက်လက်ထမ်းဆောင်ခိုင်းသင့်ကြောင်း သီတဂူဆရာတော် မိန့်ကြားဟု ပြည်မြန်မာဂျာနယ်တွင် ဖော်ပြ

လက်ရှိ အနေအထားအရ သမ္မတဦးသိန်းစိန်အား အကြိုက်ဆုံးဖြစ်ပြီး လက်ရှိအစိုးရကို နောက်ထပ်သက်တမ်းတစ်ခု ဆက်လက်ထမ်းဆောင်ခိုင်းသင့်ကြောင်း သီတဂူဆရာတော် မိန့်ကြားဟု ပြည်မြန်မာဂျာနယ်တွင် ဖော်ပြ
Published 30 December 2014

လက်ရှိ အနေအထားအရ သမ္မတဦးသိန်းစိန်ကို အကြိုက်ဆုံးဖြစ်ပြီး လက်ရှိအစိုးရကို နောက်ထပ်သက်တမ်းတစ်ခု ဆက်လက်ထမ်းဆောင်ခိုင်းသင့်ဟု သီတဂူဆရာတော် အရှင်ဉာဏိဿရက မိန့်ကြားခဲ့ကြောင်း ဒီဇင်ဘာ ၃၀ ရက်ထုတ် ပြည်မြန်မာ သတင်းဂျာနယ်အမှတ် (၉၅၄) တွင် ဖော်ပြထားသည်။“၁၉၄၈ နောက်ပိုင်း ခေါင်းဆောင်အဆက်ဆက်တွင် သမ္မတဦးသိန်းစိန်အား အကြိုက်ဆုံးဖြစ်ပြီး လက်ရှိအစိုးရကို နောက်ထပ်သက်တမ်းတစ်ခု ထမ်းဆောင်ခိုင်းသင့်ဟု သီတဂူဆရာတော်ကြီး မိန့်ကြား” ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။သီတဂူဆရာတော်သည် အီရန်နိုင်ငံသို့ သွားရောက်ရန်အတွက် ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန်လေဆိပ်မှ မထွက်ခွာမီ ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားပြီး လက်ရှိနိုင်ငံရေး အခြေအနေများနှင့် ၂၀၁၅ သမ္မတလောင်းအတွက် မေးမြန်းရာတွင် သီတဂူဆရာတော်က “လက်ရှိ အနေအထားအရ လက်ရှိသမ္မတကြီး ဦးသိန်းစိန်ကို အကြိုက်ဆုံးပဲ” ဟု မိန့်ကြားခဲ့သည်ဟု ဖော်ပြထားသည်။“အများစုရဲ့ ကျေနပ်မှုကို ရအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ် ရှာကြည့်တယ်၊ ရှားတယ်။ ဒါ့ကြောင့် လက်ရှိသမ္မတကြီးက ဆက်လုပ်ရင်ကောင်းမယ်လို့ တွေးမိတယ်” ဟု သီတဂူဆရာတော်က မိန့်ကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။သီတဂူဆရာတော်က နိုင်ငံ၏ ခေါင်းဆောင်အဆက်ဆက်တွင် ပထမတစ်ဦးက လုပ်သွားခဲ့သော လုပ်ဆောင်ချက်များကို နောက်တက်လာသူက ပယ်ဖျက်ပစ်ခြင်းများ အစဉ်လိုက် ရှိခဲ့ပြီး တပ်မတော်အစိုးရ လက်ထက်တွင် အဆိုးဆုံးဖြစ်ကြောင်းကို ဥပမာများဖြင့် မိန့်ဆိုခဲ့ကြောင်း၊ လက်ရှိသမ္မတ ဦးသိန်းစိန်အနေဖြင့် ဒီမိုကရေစီ အစဉ်အလာကောင်းများကို မျိုးစေ့ချနေပြီး ၎င်း၏မူဝါဒချ စီစဉ်ဆောင်ရွက်နေမှုများကို ၎င်းမဟုတ်ဘဲ နောက်တက်လာမည့် အစိုးရသစ် ခေါင်းဆောင်က ပယ်ဖျက်ပစ်ခြင်းမျိုး ဖြစ်လာမည်ကို စိုးရိမ်မိကြောင်းနှင့် သမ္မတဦးသိန်းစိန်အား နောက်ထပ်သက်တမ်းတစ်ခု ဆက်လက်ထမ်းဆောင် ခိုင်းကြည့်သင့်ကြောင်း မိန့်ကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။“ဒါမှ သူ့ရဲ့အစွမ်းသတ္တိကို သိရမယ်လေ။ ၁၀ နှစ်လောက်လုပ်လို့မှ မဖြစ်ရင်တော့ သွားပေါ့။ နောက်တစ်ယောက်ပေါ့။ အခုဟာက ဆွေးနွေးတုန်းရှိသေးတယ် သွားပြန်ပြီဆိုတာချည်းပဲ ကြုံခဲ့ရတယ်။ လူရွှင်တော်တွေ ပျက်သလို ဘာကမ္မဋ္ဌာန်းရှုလဲဆိုတော့ ဖြစ်ပျက်ကမ္မဋ္ဌာန်းလို့ ပြောတယ်။ ဖြစ်ပျက်ဆိုမှတော့ ဖျက်ပစ်လို့ ပြောသလို ဖြစ်နေတယ်လေ” ဟု သီတဂူဆရာတော်က မိန့်ကြားခဲ့သည်ဟု ရေးသားထားသည်။လက်ရှိသမ္မတ လက်ထက်တွင် သာသနာတော်ထက် နိုင်ငံရေးပိုင်းတွင် ပိုမိုပွင့်လင်းလာခဲ့သည်ကို ရှုမြင်ရကြောင်း၊ လက်ရှိသမ္မတ ဦးသိန်းစိန်နေရာတွင် အခြားတစ်ဦး ဆိုပါကလည်း နောက်ထပ်သက်တမ်းတစ်ခု ပေးသင့်သည်ဆိုသော စကားကိုပင် ပြောမိမည်ဖြစ်ကြောင်း သီတဂူဆရာတော်က ပြောကြားခဲ့သည်ဟု သတင်းတွင် ရေးသားထားသည်။“အခြားနိုင်ငံတွေကို သတိထားကြည့်တယ်။ အစိုးရအဖွဲ့တွေကို နှစ်ဆက်လောက် ဆက်တိုက်တင်ကြတာ တွေ့ရတယ်။ ငါးနှစ်ဆိုတာ ဘာမှမကြာတာ။ ဒါကြောင့် အစိုးရတစ်ဖွဲ့ကို ၁၀ နှစ်လောက် တာဝန်ထမ်းဆောင် ခိုင်းကြည့်သင့်တယ်လို့ ပြောတာ” ဟု ဆရာတော်ကြီးက ဆက်လက်မိန့်ကြားသည်ဟုလည်း ရေးသားထားသည်။ယခုသတင်းနှင့် ပတ်သက်၍ သီတဂူ သာသနာပြုအဖွဲ့၏ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး တစ်ဦးဖြစ်သူ ဒေါက်တာမြတ်သူက “ဆရာတော်ကြီးက သမ္မတဦးသိန်းစိန်မှ မဟုတ်ပါဘူး။ အခြားဘယ်သူကိုပဲ ဖြစ်ဖြစ် သမ္မတသက်တမ်းကို နှစ်ကြိမ်ဆက်တိုက်လောက် တာဝန်ထမ်းဆောင်ခိုင်းကြည့်ချင်တဲ့ သဘောကို ပြောတာပါ။ သမ္မတဦးသိန်းစိန် ဆိုတာက ဥပမာပေး ပြောလိုက်တာပါ” ဟု ပြန်လည်ရှင်းလင်းပြောကြားသည်။

Most Read

Most Recent