အမေရိကန်ရှိ ကမ္ဘာကျော် ကိုးလ်ဂိတ်ကုမ္ပဏီမှ ဒေါ်လာ သန်း ၁၀၀ အထိပေးဝယ်ထားသော လေဆာသွားတိုက်ဆေး၏ မူရင်းကုမ္ပဏီ ရွှေဧရာနဒီမှာ မည်သည့်ထိပ်တန်း အခွန်ထမ်းစာရင်းတွင်မျှ ပါဝင်ခြင်းမရှိသော ကုမ္ပဏီဖြစ်နေ

အမေရိကန်ရှိ ကမ္ဘာကျော် ကိုးလ်ဂိတ်ကုမ္ပဏီမှ ဒေါ်လာ သန်း ၁၀၀ အထိပေးဝယ်ထားသော လေဆာသွားတိုက်ဆေး၏ မူရင်းကုမ္ပဏီ ရွှေဧရာနဒီမှာ မည်သည့်ထိပ်တန်း အခွန်ထမ်းစာရင်းတွင်မျှ ပါဝင်ခြင်းမရှိသော ကုမ္ပဏီဖြစ်နေ
Published 25 December 2014
မာန်သူရှိန်၊ မင်းသီဟဇော်

အမေရိကန်မှ ကိုးလ်ဂိတ်-ပါမိုလစ် ကုမ္ပဏီသည် မြန်မာနိုင်ငံမှ လေဆာသွားတိုက်ဆေးကို အမေရိကန်ဒေါ်လာ သန်း ၁ဝဝ အထိ ပေးဝယ်ယူထားကြောင်း၊ သို့သော် အဆိုပါလေဆာ သွားတိုက်ဆေးထုတ်သည့် မြန်မာကုမ္ပဏီဖြစ်သော ရွှေဧရာနဒီမှာမူ ယင်းအမည်ဖြင့် မည်သည့် ထိပ်တန်းအခွန်ထမ်း စာရင်းတွင်မျှ ပါဝင်ခြင်းမရှိသည့် ကုမ္ပဏီဖြစ်ကြောင်း ပြည်တွင်းအခွန်မှ ထုတ်ပြန်ထားသည့် ထိပ်တန်းအခွန်စာရင်းများအရ သိရသည်။
ပြည်တွင်းအခွန် ဦးစီးဌာနမှ ဒီဇင်ဘာ ၂၂ ရက်က ၂ဝ၁၃- ၂ဝ၁၄ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်ထိပ်တန်း အခွန်ထမ်းဆောင်သူ ၁ဝဝဝ ဦးနှင့် ကုန်သွယ်ခွန်ထိပ်တန်း အခွန်ပေးဆောင်သူ ၁ဝဝဝ ဦးစာရင်း၊ နိုင်ငံခြားကုမ္ပဏီများထဲမှ အများဆုံး အခွန်ပေးဆောင်သည့် စာရင်းများအပြင် အချိန်မီမသွင်းဘဲ နောက်ကျမှ အခွန်အကျေသွင်းသည့် ကုမ္ပဏီစာရင်းများကိုပါ ထုတ်ပြန်ခဲ့သည်။
လေဆာသွားတိုက်ဆေး ထုတ်လုပ်ရောင်းချသော ရွှေဧရာနဒီကုမ္ပဏီမှာမူ အဆိုပါထုတ်ပြန်သော စာရင်းများတွင် မည်သည့်စာရင်းများထဲမှ ပါဝင်မှုမရှိခြင်းဖြစ်သည်။
ဝင်ငွေခွန်ထိပ်တန်း အခွန်ထမ်းစာရင်းတွင်ဆိုလျှင် ကျပ်သိန်း ၁ဝဝ စွန်းစွန်း အခွန်ငွေ ပေးဆောင်ရုံမျှဖြင့် ထိပ်တန်း ၁ဝဝဝ ဦး စာရင်းတွင် ပါဝင်မည်ဖြစ်သည်။
ယခု ရွှေဧရာနဒီကုမ္ပဏီမှာ အဆိုပါစာရင်းတွင် ပါဝင်လာခြင်း မရှိသည့်အတွက် ကျပ်သိန်းရာဂဏန်းပင် နိုင်ငံအခွန်အတွက် ပေးဆောင်ထားမှု မရှိသည်မှာ ထင်ရှားလျက် ရှိနေသည်။
အမေရိကန်ကုမ္ပဏီများ အနေဖြင့် မြန်မာကုမ္ပဏီများအပေါ် ရင်းနှီးမြှုပ်နှံမှုပြုမည်ဆိုပါက မိမိမြှုပ်နှံမှုပြုသည့်ကုမ္ပဏီမှာ နိုင်ငံအပေါ် အခွန်တာဝန်ကျေမှု ရှိ၊ မရှိ၊ အခွန်မဆောင်ထားဘဲ ရလမ်းမပြနိုင်သည့်ငွေများဖြင့် မြန်မာနိုင်ငံ၌ သတ်မှတ်ပြဋ္ဌာန်းထားသော အခွန်အကောက် ဥပဒေများနှင့်အညီ လုပ်ကိုင်သည့် ကုမ္ပဏီဟုတ်၊ မဟုတ် ဦးစွာလေ့လာ ဆန်းစစ်ပြီးမှ မြှုပ်နှံလုပ်ကိုင်ရန် လိုအပ်လာပြီဖြစ်သည်။
လေဆာသွားတိုက်ဆေး ထုတ်လုပ်သော ရွှေဧရာနဒီကုမ္ပဏီသည် စူပါကော်ဖီမစ်အပါအဝင် လီမွန်တီး၊ ကွေကာအုပ်စသည်ဖြင့် စားသောက်ကုန် အမျိုးအစားပေါင်းများစွာ ဖြန့်ဖြူးထုတ်လုပ် ရောင်းချနေသည့် Shwe Super Light ကုမ္ပဏီဖြင့် (ကြော်ငြာထားမှုများအရ) ဆက်စပ်ပတ်သက်သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကုမ္ပဏီမှတ်ပုံတင်ဆိုင်ရာ စာရင်းများအရ သိရသည်။
စူပါကော်ဖီမစ်မျိုးစုံ ရောင်းချသည့် Shwe Super Light ကုမ္ပဏီသည်လည်း ယင်းအမည် အပြည့်အစုံဖြင့် ပြည်တွင်းလုပ်ငန်းရှင်များ အခွန်ထမ်းဆောင်သည့် ထိပ်တန်းအခွန်စာရင်းများတွင် ပါဝင်လာမှု မရှိကြောင်း၊ နောက်ထပ်ဆက်စပ်ပတ်သက်သည့် S.S.L Trading ကုမ္ပဏီအမည်ဖြင့်မူ ထိပ်တန်းအခွန်ထမ်း စာရင်းများတွင် ပါဝင်ခဲ့ကြောင်း သိရသည်။
S.S.L Trading ကုမ္ပဏီအမည်ဖြင့် ကုန်သွယ်ခွန် ပေးဆောင်ရာတွင် ထိပ်တန်းအခွန်ထမ်း ၁ဝဝဝ စာရင်း၌ ကျပ်သိန်း ၅ဝဝ အောက်သာ ပေးဆောင်ထားပြီး အဆင့် ၄၇၉ တွင် ရပ်တည်လျက်ရှိသည်။
S.S.L Trading ကုမ္ပဏီအမည်ဖြင့် ဝင်ငွေခွန်ပေးဆောင်ရာတွင်လည်း ထိပ်တန်းဝင်ငွေခွန် ၁ဝဝဝ ဦးစာရင်း၌ ကျပ်သိန်း ၅ဝဝ အောက်သာ ပေးဆောင်ထားပြီး အဆင့် ၆၅၆ တွင် ရပ်တည်လျက်ရှိသည်။
အဆိုပါ S.S.L Trading ကုမ္ပဏီအမည်ဖြင့် ပေးဆောင်ထားသည့် အခွန်ငွေများမှာ စူပါကော်ဖီမစ်အပါအဝင် စားသောက်ကုန်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုအတွက် ပေးဆောင်သည်ဆိုလျှင် အခြားကော်ဖီ ကုမ္ပဏီများ၏ အခွန်ပေးဆောင်မှုဖြင့်နှိုင်းယှဉ်လျှင် နည်းပါသည့် အနေအထားတွင်ရှိနေသည်။
ယခုထုတ်ပြန်သည့် နိုင်ငံခြားကုမ္ပဏီများ၏ ထိပ်တန်းအခွန်ပေးဆောင်မှု စာရင်းတွင် Super Coffee Mix Co.,Ltd အမည်ဖြင့် ဝင်ငွေခွန် ကျပ်သိန်း ၁ဝဝဝ အောက်ပေးဆောင်ထားပြီး ကုန်သွယ်လုပ်ငန်းခွန်ကိုလည်း ကျပ်သိန်း ၁ဝဝဝ အောက်သာ ပေးဆောင်ထားကြောင်း စာရင်းတွင်ဖော်ပြထားသည်။
အခွန်ပေးဆောင်မှုပိုင်းတွင် ကုမ္ပဏီများအနေဖြင့် အကျိုးအမြတ်ရရှိမှုနှင့် အခွန်ပေးဆောင်မှုပမာဏ များစွာကွာခြားပြီး အခွန်ပေးဆောင်မှု နည်းပါးရခြင်းမှာ အခွန်ကောက်ခံသူများ အားနည်းချက်ကြောင့် သို့တည်းမဟုတ် ကုမ္ပဏီမှပေးသည့် စာရင်းအတိုင်းသာ ကောက်ခံနေမှုများကြောင့် ဖြစ်နိုင်ကြောင်း အခွန်ပေးဆောင်ထားသူ လုပ်ငန်းရှင်များက သုံးသပ်သည်။
ရွှေဧရာနဒီကုမ္ပဏီမှ ထုတ်လုပ်သည့် လေဆာသွားတိုက်ဆေးအား အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ဖြင့် ဝယ်ယူသည်ဆိုလျှင် ရွှေဧရာနဒီ ကုမ္ပဏီအနေဖြင့် ယခင်ကတည်းက အနည်းဆုံး ကျပ်ဘီလျံပေါင်းများစွာ ပေးဆောင်ထားသည့် ကုမ္ပဏီအဖြစ် ရှိနေရမည်ဖြစ်သည်။
 
 
 

Most Read

Most Recent