မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် မန္တလေး-ဗန်းမော်ကားလမ်း မိုင်တိုင်အမှတ် ၂၄ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံအကြား၌ အောက်တိုဘာ ၁၆ ရက်က မိုင်းနှစ်လုံးပေါက်ကွဲပြီး ကုန်တင်ယာဉ်တစ်စီး မိုင်းထိမှန်ကာ ယာဉ်နောက်လိုက် သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက သပိတ်ကျင်းမြို့နယ် ပေါက်တပင်ကျေးရွာနှင့် ရွှေကျွန်းပင်ကျေးရွာအကြား မန္တလေး-ဗန်း မော်ကားလမ်း မိုင်တိုင်အမှတ် ၂၄ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံအကြား၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ မန္တလေးမှ မြစ်ကြီးနားသို့ ယာဉ်မောင်း မန္တလေးမြို့နေ ဦးနောင်နောင် (၄၃ နှစ်) မောင်းနှင်ပြီး ယာဉ်နောက်လိုက် မတ္တရာမြို့နယ် တံငါကျေးရွာနေ ကိုထက်ဝေအောင် (၂၀ နှစ်) လိုက်ပါလာသော ကုန်စုံများတင်ဆောင်လာသည့် ၂၂ ဘီးယာဉ်သည် မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ လမ်း၏အရှေ့ဘက်မှ မိုင်းနှစ်လုံးပေါက်ကွဲခဲ့သဖြင့် ၂၂ ဘီး မော်တော်ယာဉ်၏ ရှေ့ဘီးတစ်လုံးနှင့် ဆီတိုင်ကီတို့ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး ယာဉ်နောက်လိုက် ကိုထက်ဝေအောင်တွင် ဦးခေါင်း၊ နားနှင့် ကျောတို့၌ မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ကျူးလွန်ခဲ့သူများအား အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။















