ပါမောက္ခချုပ်ဆရာတော်ကြီး၏ အစ်မတော် သီလရှင်ဆရာကြီး ဒေါ်ကဉ္စနာ၏ အန္တိမအဂ္ဂိဈာပန ပြုလုပ်

ပါမောက္ခချုပ်ဆရာတော်ကြီး၏ အစ်မတော် သီလရှင်ဆရာကြီး ဒေါ်ကဉ္စနာ၏ အန္တိမအဂ္ဂိဈာပန ပြုလုပ်
Published 7 October 2023

မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးများ၏ ပဓာနနာယက၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ၏ အစ်မတော် ဖြစ်သည့် သီလရှင်ဆရာကြီး ဒေါ်ကဉ္စနာ ၏ အန္တိမအဂ္ဂိဈာပန ကိုယနေ့ (အောက်တိုဘာ ၇ ရက်) မြန်မာသက္ကရာဇ် ၁၃၈၅ ခု တော်သလင်းလပြည့်ကျော်(၈)ရက်တွင် ပြုလုပ်ခဲ့သည်။

ဆရာကြီးဒေါ်ကဉ္စနာ၏ အန္တိမအဂ္ဂိဈာပန ပြုလုပ်ရာတွင် ဦးစွာ စစ်ကိုင်းတောင်ရိုး မဟာသုဗောဓာရုံ ကဉ္စနာရာမချောင်၌ ဘုရားအမှူးပြုသည့် သံဃာတော်ရှင်သူမြတ်များအား သင်္ဃန်း အစရှိသည့် လှူဖွယ်ဝတ္ထု အစုစုအား ဆပ်ကပ်လှူဒါန်းခြင်း၊ မတ္တရာမြို့ သာသနာဇောတာရုံ ကျောင်းတိုက် နာယက ဆရာတော်ကြီးက သံဝေဂ ဓမ္မကထာ တရားနှင့်ရေစက်ချတရား ချီးမြှင့်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက် ၈ နာရီတွင် ဆရာကြီး ဒေါ်ကဉ္စနာ၏ ဥတုဇရုပ်ကလာပ်တော်ကို စစ်ကိုင်းတောင်ရိုး မဟာသုဗောဓာရုံ ကဉ္စနာ ရာမချောင်မှ စစ်ကိုင်းမြို့ ရွှေသမားရပ် ရွှေသမား ရွှေရိပ်သာသုဿာန်သို့ သယ်ဆောင်ပြီး နံနက် ၉ နာရီတွင် မီးသင်္ဂဂြိၤုဟ်ခဲ့ကြောင်း သိရသည် ။

သီလရှင် ဆရာကြီး ဒေါ်ကဉ္စနာသည် ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်၊ မြန်မာသက္ကရာဇ် တော်သလင်းလပြည့်ကျော် ၆ ရက် နံနက် ၅ နာရီ ၅ မိနစ်တွင် တစ်ဘဝတစ်ခန္ဓာချုပ်ငြိမ်းခဲ့ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၉၇ ခုနှစ်၊ သိက္ခာတော် ၈၂ ဝါ ရှိပြီဖြစ်သည်။

ဆရာကြီး ဒေါ်က ဉ္စနာ လောင်းလျာ လူအမည် မသိန်းကြည်ကို မြန်မာသက္ကရာဇ် ၁၂၈၉ ခုနှစ် ဝါဆိုလပြည့်ကျော် ၅ ရက် တနင်္လာနေ့ နံနက် ၅ နာရီတွင် ဖခမည်းတော် ဦးစံလှ မယ်တော် ဒေါ်ခင်တို့က မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ညောင်ပင်ရွာတွင် ဖွားမြင်ပြီး မွေးချင်း ၁၂ ယောက်အနက် လေးယောက်မြောက် ဖြစ်သည်။

ဒေါ်က ဉ္စနာ လောင်းလျာသည် မြန်မာသက္ကရာဇ် ၁၃၀၃ ခုနှစ် နယုန်လဆန်း ၈ ရက် အသက် ၁၄ နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး ဝိပဿနာ ဂန္ဓာရုံချောင် ပဌမ ဝိဿနာဆရာတော် အရှင်ဣန္ဒာသဘ ထံ သီလရှင်အဖြစ်ခံယူပြီး ဘွဲ့အမည်မှာ မကုသလာ ဟု မှည့်ခေါ်ခဲ့သော်လည်း အခြားသီလရှင်ဆရာကြီးများက မက ဉ္ဇာနာဟု ခေါ်တွင်ရာမှ နောက်ပိုင်းတွင် က ဉ္ဇာနာ အမည်ဖြင့်ဘွဲ့ အမည်တွင်ခဲ့သည်။

ဆရာကြီး ဒေါ်က ဉ္စနာ သည်  ငယ်စဉ် သီလရှင် ဆရာလေး ဘဝက စာချဆရာ ဒေါ်ဘဒ္ဒဝါသီ၊ ဒေါ်ဧသိဂီ ၊ ဒေါ်ကေလာသာသီတို့ထံမှ သဒ္ဒါ သင်္ဂြိုဟ် စာဝါများကိုလည်းကောင်း စံကင်းဆရာတော်ထံမှ ရူပသိဒ္ဓိကျမ်းကိုလည်းကောင်း၊ အဘယာရာမ ဆရာတော်ထံမှလည်းကောင်း မောဂ္ဂလာန်သဒ္ဒါကျမ်းကို လည်းကောင်း၊ ကွမ်းခြံကုန်းဆရာတော် ဦးသီလဝံသထံမှ ယမိုက်ကျမ်းကိုလည်းကောင်း သင်ယူခဲ့ပြီး ကမ္ပဋ္ဌာန်းဘာဝနာ ပွားများခြင်းဖြင့် စစ်ကိုင်းတောင်ရိုး ဝိပဿနာချောင်၌ နေထိုင်ခဲ့သည်။

ထို့နောက်  ရှင်နန္ဒမာလာ(ယခုပါမောက္ခချုပ်ဆရာတော်ကြီး)နှင့်  အခြားအစ်ကိုနှင့် မောင်များ၊  ဖခမည်းတော်၊ မယ်တော်တို့သည် သာသနာဘောင်သို့ဝင်ရောက်လာပြီး ဒေါ်က ဉ္စနာ ကို အကြောင်းပြု၍ ဝိပဿနာချောင်တွင် နေထိုင်သတင်းသုံးကာ ပရိယတ္တိ ပဋိပတ်လုပ်ငန်းများကို ဆောင်ရွက်တော်မူကြသည်။

ယင်းနောက် မိသားစုများ စုပေါင်းသာသနာပြုနိုင်ရန် ဒေါ်က ဉ္စနာ ၏ မယ်တော်ကြီးက ၁၃၁၉ ခုနှစ်တွင် သုဗောဓာရုံကျောင်းတိုက်တည်ရာ မြေနေရာကိုတွေ့ရှိ ရွေးချယ်၍ ကျောင်းတိုက်တည်ခဲ့ပြီး ဝိပဿနာချောင်မှ သုဗောဓာရုံကျောင်းသို့ ပြောင်းရွှေ့သတင်းသုံးခဲ့ကြကာ ထိုစဉ်မှစ၍ ဆရာကြီး ဒေါ်က ဉ္စနာ သည် ယခုပျံလွန်တော်မူချိန်အထိ မဟာသုဗောဓာရုံကျောင်းတိုက် က ဉ္ဇာနာ ရာမချောင်တွင်  သတင်းသုံးနေထိုင်တော်မူခဲ့သည်။

Most Read

Most Recent