ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့်ကိစ္စ ရှေ့ဆက်မည့်လုပ်ငန်းစဉ်များကို မြန်မာကိုယ်စားလှယ်အဖွဲ့က ICJ ဥက္ကဋ္ဌနှင့် ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်များအား တွေ့ဆုံဆွေးနွေး

ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့်ကိစ္စ ရှေ့ဆက်မည့်လုပ်ငန်းစဉ်များကို မြန်မာကိုယ်စားလှယ်အဖွဲ့က ICJ ဥက္ကဋ္ဌနှင့် ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်များအား တွေ့ဆုံဆွေးနွေး
Published 29 September 2023

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့်ကိစ္စ ရှေ့ဆက်မည့် လုပ်ငန်းစဉ်များကို မြန်မာကိုယ်စားလှယ်အဖွဲ့က ICJ ဥက္ကဋ္ဌနှင့် ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်များအား စက်တင်ဘာ ၂၆ ရက်က စက်တင်ဘာ ၂၆ ရက်တွင် သည်ဟေ့ဂ်မြို့ရှိ ICJ ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convertion on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၌ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ ဂမ်ဘီယာက ၎င်း၏အဆိုလွှာ(Memorial)ကို တရားရုံးသို့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၃ ရက်တွင် တင်သွင်းခဲ့ပြီး ယင်းအဆိုလွှာအား မြန်မာနိုင်ငံက ပြန်လည်ချေပလျှောက်လဲ သည့်အချေလွှာ (Counter-Memorial)ကို ၂၀၂၃ ခုနှစ် သြဂုတ် ၂၄ ရက်တွင် တရားရုံးသို့ တင်သွင်းခဲ့ပြီး ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံမှ ကိုယ်စားလှယ် (Agent)များအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် သည်ဟေ့ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တွေ့ဆုံရန် အကြောင်းကြားခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့တက်ရောက်ရန် မြန်မာနိုင်ငံ၏ကိုယ်စားလှယ် (Agent) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် အလှည့်ကျကိုယ်စားလှယ် (Alternate Agent) ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ စက်တင်ဘာ ၂၅ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၆ ရက်တွင် သည်ဟေ့ဂ်မြို့ရှိ ICJ တွင် ICJ ဥက္ကဋ္ဌနှင့် ဂမ်ဘီယာနိုင်ငံမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ဂမ်ဘီယာနိုင်ငံက ICJ ၌ တရားစွဲဆိုထားသည့်ကိစ္စ ရှေ့ဆက်မည့်လုပ်ငန်းစဉ်ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် သည်ဟေ့ဂ်မြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ စက်တင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိကြောင်း သိရသည်။

Most Read

Most Recent