တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် တယ်လီဖုန်းဆက်သွယ်မှုဖြင့် လိမ်လည်သောအဖွဲ့များ၏ လူကုန်ကူးမှုကို တားဆီးရန် ကြိုးပမ်းသည့်အနေဖြင့် မြန်မာနိုင်ငံနယ်စပ်အနီးတွင် ကန့်သတ်နယ်မြေတစ်ခုကို ထူထောင်မည်ဟု တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ နှစ်ကုန်သည်အထိ ထန်ချောင်မြို့သည် ကန့်သတ်နယ်မြေအတွင်းသို့ လူများ၊ ယာဉ်များဝင်ရောက်မှုကို ထိန်းချုပ်သွားမည်ဟု စက်တင်ဘာ ၂၇ ရက်တွင် ဒေသဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကန့်သတ်နယ်မြေသည် မြန်မာနိုင်ငံမြောက်ပိုင်း၌ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်၍ လိမ်လည်သော လုပ်ငန်းများ လျော့ကျသွားစေရန် လူများနှင့် ယာဉ်များသွားလာမှုကို ခြေရာခံရန်နှင့် စီမံခန့်ခွဲရန် ရည်ရွယ်သည်။
တရုတ် တရားဥပဒေထိန်းသိမ်းရေးဌာနများသည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ပြည်ပ လူလိမ်ဂိုဏ်းများကို တိုက်ဖျက်ရေးအတွက် နည်းလမ်းသစ်များကို ရှာဖွေလျက်ရှိသည်။ ဥပမာ၊ တရုတ်နိုင်ငံသားများသည် တရုတ်ပြည်မကြီး၏ပြင်ပတွင် နေထိုင်သူများနှင့် ပုံမှန်ဆက်သွယ်နေကျမဟုတ်ဘဲ ဝင်လာသည့် ပြည်ပဖုန်းခေါ်ဆိုမှု အားလုံးကို ပိတ်ထားရန် တရုတ်မြို့မျာရှိရဲများက တရုတ်နိုင်ငံသားများကို တိုက်တွန်းထားသည်။
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနယ်စပ်သည် ယူနန်ပြည်နယ်နှင့် ထိစပ်လျက်ရှိသည်။ မြန်မာနိုင်ငံမြောက်ပိုင်းသည် တောင်တန်းဒေသဖြစ်ပြီး မငြိမ်မသက်ဖြစ်နေသော ဒေသဖြစ်သည်။ ယူနန်ပြည်နယ်အနောက်ပိုင်းက ကောင်တီအဆင့်ရှိသော ထန်ချောင်မြို့သည် မြန်မာနိုင်ငံ၏ ကချင်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည်။
နယ်စပ်တစ်ဘက်ရှိ ဒုက္ခရောက်နေသူများကို ဖြားယောင်းခြင်းနှင့် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားခြင်းတို့ လုပ်ဆောင်နေသော ရာဇဝတ်အုပ်စုများကို ဖြိုခွင်းရန် တရုတ်က မြန်မာနိုင်ငံကို တိုက်တွန်းထားသည်။
မြန်မာနိုင်ငံအခြေစိုက် ဆိုက်ဘာရာဇဝတ်ဂိုဏ်းများကို အထူးပူးပေါင်းဆောင်ရွက်ရေးယန္တရားမှတစ်ဆင့် ဖြိုခွင်းရေးအတွက် ထိုင်း၊ လာအိုတို့နှင့်အတူ ပူးတွဲလုပ်ဆောင်သွားမည်ဟု လွန်ခဲ့သောလတွင် တရုတ်က ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၆ ရက် ထုတ်ပြန်ချက်၌ ကန့်သတ်ဇုန်ကို ဝင်ရောက်လိုသော လူများနှင့်ယာဉ်များသည် ၎င်းတို့၏ ရည်ရွယ်ချက်များကို ဖော်ပြထားသော စာရွက်စာတမ်း အထောက်အထားများပါလာကြရမည်ဖြစ်ပြီး ၎င်းစာရွက်စာတမ်းများကို ဒေသဆိုင်ရာ အာဏာပိုင်များထံတွင် မှတ်ပုံတင်ထားရမည်ဟု ဖော်ပြထားသည်။
ပူးတွဲကာကွယ်ရေး နယ်စပ်စခန်းများတွင်ရှိသော အရာရှိများသည် ကန့်သတ်နယ်မြေထဲကို ဝင်လာသော လူများနှင့်ယာဉ်များကို မှတ်ပုံတင်ပေးခြင်းနှင့် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကြရမည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
စိုက်ပျိုးမွေးမြူရေးသို့မဟုတ် ကျွဲ၊ နွားကျောင်းခြင်းတို့အတွက် ကန့်သတ်နယ်မြေကို ဝင်ရောက်ရန် လိုအပ်သော နယ်ခံများသည် ၎င်းတို့နေထိုင်ရာ ရပ်ရွာများမှ အထောက်အထားလက်မှတ်ယူလာရမည်ဟု ဆိုသည်။ ကန့်သတ်နယ်မြေထဲတွင် အလုပ်လုပ်ရန် လိုအပ်သည့် တောခေါင်းကဲ့သို့သော လူများနှင့် အခြားလူများသည် အနီးနားရှိ ပူးတွဲကာကွယ်ရေးရုံးများတွင် လစဉ် မှတ်ပုံတင်ကြရမည်ဖြစ်သည်။
ဆောက်လုပ်ရေးလုပ်ငန်း၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း သို့မဟုတ် သစ်လုပ်ငန်းတို့တွင် လုပ်ကိုင်နေကြသော အခြားလုပ်သားများသည် ၎င်းတို့၏ ကြီးကြပ်ရေးမှူးများထံမှ အထောက်အထားလက်မှတ်ယူလာကြရ မည်ဖြစ်ပြီး နှစ်ပတ်တိုင်း မှတ်ပုံတင်ကြရမည်ဟု ဆိုသည်။
တာဝန်ထမ်းဆောင်နေသော စစ်တပ်နှင့်ရဲတို့သည် စစ်ဆေးမှုများတွင် အကျုံ့မဝင်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။
မြန်မာနိုင်ငံမြောက် ပိုင်းရိိှ ရာဇဝတ်အုပ်စု ၁၁ ခုကို ဖြိုခွင်းခဲ့သည် ယခုလအစောပိုင်း တွင် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ ယင်းသို့ဖြိုခွင်းရာ၌ လိမ်လည်သူဟု သံသယရှိသူ ၂၆၉ ဦးကို ထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။ ၎င်းတို့ထဲက ၁၈၆ ဦးသည် တရုတ်နိုင်ငံသားများဖြစ်ပြီး ၎င်းတို့ ကိုတရုတ်သို့ ပြန်ပို့ပေးခဲ့သည်ဟု ဆိုသည်။
Ref:South China Morning Post