ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်အတွင်း မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသူများ ပါဝင်နေဟု UEC ဆို

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်အတွင်း မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသူများ ပါဝင်နေဟု UEC ဆို
Published 27 September 2023

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်အတွင်း မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသူများ ပါဝင်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးသန်းထွန်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများ၏ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၆ ရက်က ကျင်းပသည့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိ မရှိ၊ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ သက်ဆိုင်ရာလူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက ယနေ့တက်ရောက်လာသည့်ပါတီများမှ သတ်မှတ်ကာလအတွင်း ပေးပို့လာသည့် ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က CVLMS Software ဖြင့် စစ်ဆေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက Admin DEO Software ဖြင့် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ပါတီဝင်အင်အားစာရင်းတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသူများ ပါဝင်နေသည်ကို တွေ့ရကြောင်း၊ သို့ဖြစ်၍ နိုင်ငံရေးပါတီများမှ တင်ပြထားသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိ မရှိ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်းရှိ မရှိတို့ကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ ခရိုင်ပါတီကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးများသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ကရင်ပြည်သူ့ပါတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်အတွင်း အခြေစိုက်သော နိုင်ငံရေးပါတီများ၊ ပါတီရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်း များဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမများ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးများတွင် တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိများက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ချက်များ၊ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ သက်ဆိုင်ရာပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲအရာရှိများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်း ပါတီဝင်အင်အားစာရင်း တင်သွင်းထားသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent