ရန်ကုန်တိုင်းအတွင်း လေးနာရီခြားတစ်ခါ လျှပ်စစ်မီးပေးနေပြီး လိုင်းအပြစ်ဖြစ်ခြင်း၊ ဝန်အားထိန်းညှိခြင်းများရှိသဖြင့် လျှပ်စစ်မီးပြတ်တောက်မှုများရှိမည်ဟုဆို

ရန်ကုန်တိုင်းအတွင်း လေးနာရီခြားတစ်ခါ လျှပ်စစ်မီးပေးနေပြီး လိုင်းအပြစ်ဖြစ်ခြင်း၊ ဝန်အားထိန်းညှိခြင်းများရှိသဖြင့် လျှပ်စစ်မီးပြတ်တောက်မှုများရှိမည်ဟုဆို
Published 26 September 2023

ရန်ကုန်တိုင်းအတွင်း လေးနာရီခြားတစ်ခါ လျှပ်စစ်မီးပေးနေပြီး လိုင်းအပြစ်ဖြစ်ခြင်း၊ ဝန်အားထိန်းညှိခြင်းများရှိသဖြင့် လျှပ်စစ်မီးပြတ်တောက်မှုများရှိမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီရက်ပိုင်းတစ်ပိုင်းလုံးကတော့ ရန်ကုန်တိုင်းတစ်တိုင်းလုံးက မီးပြတ်များလိမ့်မယ်။ လေးနာရီလာ လေးနာရီပြတ်တာကတော့ ပုံမှန်အတိုင်းပဲပေါ့။ ဒါပေမဲ့ လိုင်းအပြစ်ဖြစ်တာလေးတွေရှိတာရယ် မီးပြန်လာတဲ့အချိန် Load က များတော့ ပြတ်တာပါ” ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း မည်သည့်အချိန်တွင် လျှပ်စစ်မီးပြတ်တောက်မည်၊ မည်သည့်အချိန်တွင် ပြန်လာမည်ဆိုသည်ကို မသိရှိရတော့ကြောင်း ရန်ကုန်မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

“အခုက မီးက ဘယ်အချိန်လာမလဲဆိုတာ မသိရတော့ဘူး။ အရင်က မနက် ၉ နာရီ ပြတ်မယ်ဆိုရင် အဲ့ဒီအချိန်မတိုင်ခင် လုပ်စရာရှိတာ လုပ်လို့ရသေးတယ်။ အခုက ၉ နာရီမထိုးခင် ပြတ်သွားတယ်။ ဘယ်အချိန်ပြန်လာမလဲဆိုတာ မသိရဘူး။ လာတဲ့အချိန်ကျရင်လည်း ဘယ်အချိန်လာမလဲဆိုတာ မသိရဘူး။ ဥပမာ ညနေ ၅ နာရီလာရမယ့်အချိန်ဆို ငါးမိနစ်၊ ၁၀ မိနစ်လောက်လာတယ်။ ပြီးတာနဲ့ ပြန်ပြတ်သွားရော။ အချိန်ကို ဘယ်လိုမှမှန်းလို့ မရဘူးဖြစ်နေတာ” ဟု ရန်ကုန်တိုင်းမြောက် ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်တွင် ၂၃၀ ကေဗွီ သပြေဝ-တောင်တွင်းကြီး မဟာဓာတ်အားလိုင်းအပြစ်ဖြစ် ဓာတ်အားစနစ်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်တိုင်းတစ်တိုင်းလုံးနီးပါးတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလျက်ရှိသည့် ပုံစံမှာအုပ်စု A နှင့် အုပ်စု B သတ်မှတ်ထားပြီး လေးနာရီလာ လေးနာ ရီပြတ်စနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။

သို့သော်လက်ရှိတွင် လျှပ်စစ်မီးပြန်လာမည့်အချိန်တွင်လည်း လျှပ်စစ်မီးပြတ်တောက်မှုများ ပြန်လည်ဖြစ်ပွားနေပြီး မည်သည့်စနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည်ဆိုသည်ကို ရန်ကုန်မြို့ခံများက မေးခွန်းထုတ်မှုများလည်းရှိနေသည်။

“အဓိက ပြန်လာမယ့်အချိန်ကို မှန်းလို့မရတော့ဘူး။ အလုပ်တွေကို ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့တာ။ ပြတ်တာက ပြတ်ဦး။ ပြန်လာမယ့်အချိန်ကိုတော့ မှန်စေချင်တယ်။ အခုက မီးလာမယ့်အချိန်မှာလည်း ပြတ်နေတယ်။ မီးပြတ်ရမယ့်အချိန်ဆို ပိုဆိုးတာပေါ့” ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များဖြစ်သည့် သာကေတ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ၊ အင်းစိန်အစရှိသည့် မြို့နယ်များတွင်သာမက မြို့တွင်းမြို့နယ်များဖြစ်သည့် ကျောက်တံတား၊ လသာ၊ မရမ်းကုန်း၊ လှိုင်အစရှိသည့် မြို့နယ်များတွင်လည်း လျှပ်စစ်မီးရရှိမည့် အချိန်ပမာဏတွင်လည်း လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပွားလျက်ရှိသည်။

Most Read

Most Recent