မြန်မာ-အိန္ဒိယ လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရေးအပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ စိုက်မွေးဆည်ဝန်ကြီးနှင့် အိန္ဒိယသံအမတ်ကြီး တွေ့ဆုံဆွေးနွေး      

မြန်မာ-အိန္ဒိယ လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရေးအပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ စိုက်မွေးဆည်ဝန်ကြီးနှင့် အိန္ဒိယသံအမတ်ကြီး တွေ့ဆုံဆွေးနွေး      
Published 21 September 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံအမတ်ကြီး H.E.Mr.Vinay Kumar အား စက်တင်ဘာ ၂၀ ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် စက်မှုလယ်ယာစခန်းခွဲများကို အဆင့်မြှင့်တင်၍ စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စီမံကိန်းနှင့် မြန်မာနိုင်ငံဆည်မြောင်းဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ထားရှိမှု၊ အိန္ဒိယနိုင်ငံမှ အရည်အသွေးကောင်းမွန်သော ပဲမျိုးစုံနှင့် ကြက်သွန်နီမျိုးစေ့များ၊ ပိုးမွှားဒဏ်နှင့် ရာသီဥတုပြောင်း လဲမှုဒဏ်ခံနိုင်ရည်ရှိပြီး ဂွမ်းမွေးအရည်အသွေးကောင်းမွန်သည့် ၀ါမျိုးသစ်များရရှိရေး၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ သုတေသနပညာရှင်များပူးပေါင်း၍ ၀ါမျိုးသစ်ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာများ၊ အိန္ဒိယနိုင်ငံ အာသံစိုက်ပျိုးရေးတက္ကသိုလ်၌ လက်ဖက်စိုက်ပျိုးနည်းပညာ အထူးပြုစေလွှတ်နိုင်ရေး၊ နို့စားနွားမွေးမြူရေး၊ နို့နှင့်နို့ထွက်ပစ္စည်းများအဆင့်မြှင့်တင်မှု နည်းပညာဖြန့်ဝေရေး၊ ပြည်တွင်းနေကြာစိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်လျက်ရှိသည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Vinay Kumar ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာ ၁၉ ရက်နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် အာဆီယံ၊ ကုလသမဂ္ဂအဖွဲ့အစည်းများအကြား လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေး ပူးပေါင်းဆောင်ရွက်မှု၊ COVID-19 ကပ်ရောဂါဖြစ်ပွားစဉ်ကာလ၊ မိုခါမုန်တိုင်း ပြန်လည်ထူထောင်ရေးကာလများ၌ အကူအညီပေးမှု၊ Nay Pyi Taw State Academy ၌ လူမှုရေးပညာမဟာဌာန ဖွင့်လှစ်နိုင်ရေးအတွက် ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် အိန္ဒိယနိုင်ငံမှ ဘာသာရပ်ဆိုင်ရာပါမောကများပူးပေါင်း၍ သင်ရိုးညွှန်းတမ်းများ ရေးဆွဲနေမှု၊ ပညာတော်သင် ၁၉ ဦး အိန္ဒိယနိုင်ငံ TA TA Institute of Social Sciences ၌ လူမှုရေးပညာမဟာဘွဲ့သင်တန်းတက်ရောက်နေမှု၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယ-မြန်မာ နားလည်မှုစာချွန်လွှာအရ အကောင်အထည်ဖော်နေသည့် စီမံကိန်းတိုးတက်မှု၊ အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်ရန်ရှိသည့် Small Development Project (SDP)အောက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဆိုပြုတင်ပြထားသော စီမံကိန်းကိစ္စများ၊ ဝန်ကြီးဌာနအနေဖြင့် AHA Centre၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent