မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကျပ်-ရူဘယ် တိုက်ရိုက်ငွေပေးချေမှုကို ပြည်တွင်းရှိ မည်သည့်ဘဏ်မှမဆို ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိဟုသိရ

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကျပ်-ရူဘယ် တိုက်ရိုက်ငွေပေးချေမှုကို ပြည်တွင်းရှိ မည်သည့်ဘဏ်မှမဆို ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိဟုသိရ
Published 15 September 2023

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကျပ်-ရူဘယ် တိုက်ရိုက်ငွေပေးချေမှုကို ပြည်တွင်းရှိ မည်သည့်ဘဏ်မှမဆို ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။

မြန်မာကျပ်ငွေနှင့် ရုရှားရူဘယ် တိုက်ရိုက်ပေးချေနိုင်ရန် မြန်မာငွေပေးချေမှုအဖွဲ့ (MPU) နှင့် MIR Payment System တို့အကြား Network ချိတ်ဆက်မှုများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် Host to Host Connectivity Testing များ ပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MIR Card System နှင့်စပ်လျဉ်း၍ မြန်မာငွေပေးချေမှုအဖွဲ့ (MPU) မှ အကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိပြီး MPU နှင့် ရုရှားနိုင်ငံ၏ National Payment Cards System (NSPK)တို့အကြား Non -Disclosure Agreement (NDA)အား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့်အပြင် နားလည်မှုစာချွန်လွှာကိုလည်း ရေးထိုးခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် MPU နှင့် MIR Payment System ကတ် အသုံးမှုနှင့် စပ်လျဉ်းသည့် အားသာချက်မှာ အမေရိကန်ဒေါ်လာ အသုံပြုမှုအပေါ် မှီခိုအားထားမှုများ လျော့နည်းလာစေမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ငွေပေးချေရာတွင် လွယ်ကူလျင်မြန်စွာပေးချေနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ငွေပေးချေမှုရပ်ဝန်း ပိုမိုကျယ်ပြန့်စေရေးအတွက် ယွမ်-ကျပ်၊ ဘတ်-ကျပ်၊ ရူးပီး-ကျပ် တိုက်ရိုက်ပေးချေနိုင်ရေး ဆောင်ရွက်ထားပြီး ယခုအခါ ရုရှားနိုင်ငံနှင့် ရူဘယ်-ကျပ် ပေးချေနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်းသာဖြစ်ပြီး မြန်မာ-ရုရှား တိုက်ရိုက်ငွေပေးချေမှုကို ပြည်တွင်းရှိ မည်သည့်ဘဏ်မှမဆို ပေးချေမှုဆောင်ရွက်နိုင်‌ရေး စီစဉ်ထားရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent