Taxi Board များ၏ အရွယ်အစား၊ အရောင်၊ ထားရှိသည့်နေရာအား မော်တော်ယာဉ် စီမံခန့်ခွဲမှုနည်းဥပဒေ အပိုဒ် ၂၇၃(က)အတိုင်း သုံးလအတွင်း( ရက်ပေါင်း ၉၀) ပြောင်းလဲရမည်ဖြစ်ပြီး မပြောင်းလဲပါက ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၆ အရ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)က သတင်းထုတ်ပြန်သည်။
ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသည့် City Taxi များ၏ Taxi Board များသည် အရွယ်အစားအမျိုးမျိုး၊ အရောင်အမျိုးအမျိုး၊ ထားရှိသည့်နေရာအမျိုးမျိုးဖြင့် ကွဲပြားစွာတပ်ဆင်ပြေးဆွဲ သွားလာနေသဖြင့် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရေး၊ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေနှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုနည်းဥပဒေ အပိုဒ် ၂၇၃(က) အရ “အမိုးတွင်ဆေးနီဖြင့်ရေးသားထားသော “TAXI". စာသားကို မြင်နိုင်စေသည့် အဖြူရောင် ဆိုင်းဘုတ်မီးအိမ် တပ်ဆင်ထားရမည်” ဟူသည့် နည်းဥပဒေအတိုင်း တစ်ပြေးညီ တပ်ဆင်ပြေးဆွဲရမည်ဖြစ်ကြောင်း YRTC ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
Taxi Board ၏ အရွယ်အစားများမှာ အောက်ခြေအလျား ၁၀ လက်မ၊ အပေါ်အလျား ၉ လက်မ၊ အောက်ခြေအကျယ် ၅ လက်မအပေါ်အကျယ် ၂ လက်မနှင့် အမြင့် ၃ လက်မဖြစ်ပြီး အဆိုပါ Taxi Board ကို ခေါင်မိုးပေါ်မှန်ထိပ်မှ ၁ပေအကွာ ဘယ်/ညာ ညီညာစွာ တပ်ဆင်ထား ရှိရမည်ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် သတင်းထုတ်ပြန်သည့် စက်တင်ဘာ ၁၀ ရက် မှ ဒီဇင်ဘာ ၈ ရက်အထိ အသိပညာ ပေးကာလအဖြစ်သတ်မှတ်၍ ပညာပေးကာလရက်ပေါင်း (၉၀)ပြီးဆုံးပါက ဒီဇင်ဘာ ၉ ရက်မှစတင်၍ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၆ အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က သတင်းထုတ်ပြန်သည်။















