၂၀ ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး နေပြည်တော်တွင် ကျင်းပ

၂၀ ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး နေပြည်တော်တွင် ကျင်းပ
Published 14 September 2023

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀ ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး  (20th AACC )ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် စက်တင်ဘာ ၁၃ ရက်က ကျင်းပခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

အစည်းအဝေးတွင် အခမ်းအနားအစီအစဉ်များကို ဖတ်ကြားတင်သွင်းအတည်ပြုပြီးနောက် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး အဆက်ဆက်၏ အမှတ်တရ Short Video Clip အား ပြသခဲ့ကြောင်း၊ ထို့နောက် သဘာပတိကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က (၂၀) ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေးအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး အစည်းအဝေးကိုဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆွေးနွေးပွဲခေါင်းစဉ်ဖြစ်သော “ASEAN Air Forces’ Cooperation for Sustainable Environment” အကြောင်းအရာအား အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် တက်ရောက်လာသည့် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များက အသီးသီးဆွေးနွေးခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံနှင့် စင်္ကာပူနိုင်ငံလေတပ်ဦးစီးချုပ်များက Video Message ပေးပို့၍ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် သီးခြားဆွေးနွေးလိုသောအချက်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအား အတည်ပြုခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ သဘာပတိကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး (၂၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် Gen.Soeung Samnang ထံသို့ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ်က နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး(20th AACC) ဆက်စပ်အစည်းအဝေးတစ်ခုဖြစ်သော (၁၀)ကြိမ်မြောက် အာဆီယံလေတပ်များပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး 10th ASEAN Air Forces Education and Training – Working Group Meeting( 10th AAFET-WG ) အား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ အာဆီယံ ၁၀ နိုင်ငံ လေတပ်များ၏  တက်ရောက်လာကြသော ကိုယ်စားလှယ်များက “Advancing Education and Training Exchanges for Sustainable Environment Amongst ASEAN Air Forces” အကြောင်းအရာအား ဆွေးနွေးခဲ့ကြပြီးနောက် သဘာပတိကဆွေးနွေးပွဲအနှစ်ချုပ်ကို ဖတ်ကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်(၂၀)ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များအစည်းအဝေး 20th ASEAN Air Chiefs Conference (20th AACC ) သို့ ဘရူနိုင်းနိုင်ငံ လေတပ်ဦးစီးချုပ် Brig. Gen. (U) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် Gen. Soeung Samnang ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့၊ လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brig. Gen. Khamlek Sengphachanh ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံလေတပ်ဦးစီးချုပ် Lt. Gen. Nguyen Van Hien ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်က နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် အစည်းအဝေးသို့ တက်ရောက်လာသည့် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များအား စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက နေပြည်တော်ရှိ M Gallery ဟိုတယ်၌ တစ်နိုင်ငံချင်းစီ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပြီး အာဆီယံ လေတပ်ဖွဲ့များအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း၊ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များသည်လည်း သီးခြားတွေ့ဆုံဆွေးနွေးမှုများ အပြန်အလှန် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent