တနင်္သာရီတိုင်းဒေသကြီး၌ သြဂုတ်လအတွင်း ဒေသခံသုံးသောင်းခွဲကျော် စစ်ဘေးရှောင်ခဲ့ရကြောင်း စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့များထံမှ သိရသည်။
ထားဝယ်မြို့နယ် အရှေ့တောနယ်ရှိ ဝကုန်းကျေးရွာအနီး တိုက်ပွဲများကြောင့် အနီးအနားကျေးရွာများဖြစ်သည့် ရမ္မဇူ၊ ဘဝပင်၊ သင်္ကန်းတုန်း၊ သရက်ငုတ်၊ လိပ်ကြယ်ပြောင်အစရှိသော ကျေးရွာများမှ ဒေသခံ ၂၀၀၀ ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး တိုက်ပွဲများပြီးဆုံးခဲ့ချိန်တွင်လည်း ဒေသခံ ၅၀၀ ခန့်မှာ အမြဲတမ်းစစ်ရှောင်များအနေဖြင့် ရှိနေကြောင်း သိရသည်။
ထို့အတူ ရေဖြူမြို့နယ် နဘုလယ်ဒေသအတွင်း တိုက်ပွဲများကြောင့် ဧကနိ၊ ဝဇွမ်း တော၊ ခမောင်းချောင်း၊ ဝက်ချောင်း၊ မူးဒူး၊ လဲရှောင်၊ ထိန်ကြီး၊ ပရဒတ်၊ ရငဲစသည့်ကျေးရွာများမှ ဒေသခံ ၈၀၀၀ ခန့်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။ ၎င်းတို့ထဲမှ အချို့ဒေသခံများ နေရပ်သို့ပြန်ပြီဖြစ်သော်လည်း ဒေသခံ ၃၀၀၀ ကျော်မှာ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
အလားတူ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အတွင်းတွင်လည်း တိုက်ပွဲများကြောင့် ကျေးရွာကိုးရွာမှ ဒေသခံထောင်နှင့်ချီကာ ယာယီစစ်ရှောင်ခဲ့ရကြောင်းနှင့် ယခုနှစ်ဇွန်လကတည်းက စစ်ဘေးရှောင်နေရသည့် ရငဲကျေးရွာမှ ဒေသခံ ၂၀၀၀ ခန့်မှာလည်း လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် တီဇစ်ကျေးရွာနှင့် ဂေါ့အင်းကျေးရွာမှ ဒေသခံ ၁၅၀၀ ခန့်မှာ စစ်ဘေးရှောင်ခဲ့ရပြီး ယခင်လများကတည်းက စစ်ဘေးရှောင်နေရသည့် အမြဲတမ်းစစ်ရှောင် ၅၀၀၀ အပါအဝင် ဒေသခံ ၆၅၀၀ ခန့် စစ်ဘေးရှောင်ခဲ့ရသည့်အပြင် လက်ရှိအထိလည်း စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
ပုလောမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် နေထိုင်နေရသည့် အမြဲတမ်းစစ်ရှောင် ၂၆၀၀ ကျော်အပါအဝင် တိုက်ပွဲများကြောင့် နီးစပ်ရာမြို့/ရွာများသို့ ပြောင်းရွှေ့နေထိုင်နေရသည့် ဒေသခံ ၁၀၀၀၀ ခန့်ရှိနေကြောင်း စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ဆိုသည်။
ထို့အတူ တနင်္သာရီမြို့နယ်အတွင်းရှိ အနောက်မော်တုန်းနှင့် ဘန်လောကျေးရွာအုပ်စုအတွင်းမှ ဒေသခံ ၄၀၀၀ ခန့်မှာ စစ်ဘေးရှောင်နေရပြီး ၎င်းတို့အထဲမှ ဒေသခံ ၃၇၀၀ ကျော်မှာ နေရပ်မပြန်နိုင်သေးဘဲ အမြဲတမ်းစစ်ရှောင်များအနေဖြင့်ရှိကြောင်း သိရသည်။
“စစ်ရှောင်တွေအတွက် လိုအပ်ချက်ကတော့ အမြဲရှိနေပါတယ်၊ စစ်ဘေးရှောင်နေရတော့ ဘာစီးပွားရေးမှလည်း လုပ်လို့မရတော့။ တကယ်လည်း စားရေးသောက်ရေး ခက်ခဲနေကြတယ်” ဟု တနင်္သာရီမြို့နယ်မှ စစ်ဘေးရှောင်များအား ကူညီနေသူတစ်ဦးက ပြောကြားသည်။
အလားတူ ကော့သောင်းမြို့နယ်အတွင်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် မလိဝမ်းကျေးရွာမှ ဒေသခံ ၁၀၀ ခန့်မှာ ထိုင်းနိုင်ငံဘက်သို့ ယာယီစစ်ဘေးရှောင်ထွက်ပြေးခဲ့ရကြောင်း သိရသည်။















