နိုက်ဂျာအကျပ်အတည်း၏ အထင်ကရနေ့စွဲများ

နိုက်ဂျာအကျပ်အတည်း၏ အထင်ကရနေ့စွဲများ
Photo: Reuters
Photo: Reuters
Published 23 August 2023
TRANSLATED- ရာဇ

နိုက်ဂျာနိုင်ငံတွင် ၁၉၆၀ ပြည့်နှစ်က ပြင်သစ်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ငြိမ်းချမ်းသည့် ဒီမိုကရေစီအာဏာလွှဲပြောင်းမှုအဖြစ် လွန်ခဲ့သည့်နှစ်နှစ်က သမ္မတ မိုဟာမက် ဘာဇွန်းသည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

သို့သော် ယခုနှစ် ဇူလိုင် ၂၆ ရက်တွင် ဘာဇွန်း၏ သမ္မတအစောင့်တပ်က ဘာဇွန်းကို အာဏာသိမ်းကာ ရာထူးမှဖြုတ်ချခဲ့ပြီး ယင်းသည် မကြာသေးမီနှစ်များအတွင်း ဆာဟယ်ဒေသ၌ တတိယအကြိမ်မြောက် အာ ဏာသိမ်းမှုဖြစ်ခဲ့သည်။

နိုက်ဂျာအာဏာသိမ်းခေါင်းဆောင်များကမူ နိုင်ငံအတွင်း စီးပွားရေးနှင့် လုံခြုံရေးအခြေအနေ ယိုယွင်းလာသဖြင့် အာဏာသိမ်းခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် ဇူလိုင် ၂၆ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် နိုက်ဂျာအာဏာသိမ်းမှုကြောင့် နိုင်ငံရေးအကျပ်အတည်းဖြစ်ခဲ့ရသည့်နေ့စွဲများကို ပြန်လည်ကြည့်ရှုရမည်ဆိုပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။

 

ဇူလိုင် ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့

နိုက်ဂျာ၏ နီယာမေမြို့တော်တွင်း သမ္မတအစောင့်တပ်ဖွဲ့ဝင်များသည် သမ္မတ ဘာဇွန်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် နိုင်ငံ၏လုံခြုံရေးအခြေအနေယိုယွင်းလာမှုကို တားဆီးရန် အာဏာကို ထိန်းချုပ်လိုက်ကြောင်း ကြေညာခဲ့သည်။

နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်ခဲ့သည့် ရုပ်သံမိန့်ခွန်းတွင် ဗိုလ်မှူးအာမန်ဒူ အဗ္ဗဒရာမာနေးက ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ စီးပွားရေးနှင့်လုံခြုံရေးအခြေအနေကြောင့် အစိုးရအဖွဲ့ကို ဖြုတ်ချရန် ဆုံး ဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး နယ်စပ်များကိုပိတ်ကြောင်း ကြေညာခဲ့သည်။

 

ဇူလိုင် ၂၇ ရက်၊ ကြာသပတေးနေ့

နိုက်ဂျာစစ်တပ်ကလည်း နိုင်ငံအတွင်း သွေးထွက်သံယိုဖြစ်စေမည့် ထိတ်တိုက်တွေ့မှုအခြေအနေကို ရှောင်လွှဲရန်အတွက် သမ္မတအစောင့်တပ်၏ အာဏာသိမ်းမှုကို  ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ သည်။

သမ္မတအစောင့်တပ်၏ တပ်မှူးဖြစ်သူ ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာမာနေး အိုမာတီယာနီက သူ့ကိုယ်သူ နိုင်ငံ့စစ်အစိုးရသစ်၏ ခေါင်းဆောင်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် နိုင်ငံအတွင်း အာဏာသိမ်းမှုကို ထောက်ခံသည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ကာ နီယာမေမြို့တော်တွင် အာဏာရပါတီ၏ ဌာနချုပ်ကို မီးရှို့မှုများဖြစ်ပွားခဲ့သည်။

ရုရှား၏ ကြေးစားစစ်သားများ ငှားရမ်းသည့် ဝက်ဂနာအုပ်စု၏ အကြီးအကဲဖြစ်သူ ယက်ဗ်ဂျီနီ ပရီဂေါ်ဇင်ကလည်း နိုက်ဂျာတွင် အခြေအနေများကို တည်ငြိမ်အောင်ထိန်းသိမ်းရန် ၎င်း၏ ကြေးစားစစ်သားများကို တာဝန်ထမ်းဆောင်ခွင့်ပြုမည်ဟု ကမ်းလှမ်းခဲ့ပြီး အာဏာသိမ်းမှုကို ထောက်ခံကြောင်း တယ်လီဂရမ်တွင် ဖော်ပြခဲ့သည်။

ထိုအချိန်အတောအတွင်း ဘာဇွန်းက နိုင်ငံအတွင်း ဒီမိုကရေစီကသာ အောင်နိုင်လိမ့်မည်ဟု စစ်ခေါင်းဆောင်များကို ဖီဆန်သည့်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

 

ဇူလိုင် ၂၉ ရက်၊ စနေနေ့

ဥရောပသမဂ္ဂက နိုက်ဂျာကို ငွေကြေးထောက်ပံ့မှုများ ရပ်တန့်ခဲ့ပြီး အာဖရိကသမဂ္ဂကလည်း နိုက်ဂျာအာဏာသိမ်းခေါင်းဆောင်များကို စစ်တန်းလျားများသို့ ပြန်ရန် တောင်းဆိုခဲ့သည်။

ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း နိုက်ဂျာကို ထောက်ပံ့ပေးနေသည့်ငွေကြေးနှင့် အခြားအကူအညီများအားလုံးကို ချက်ချင်းရပ်တန့်ကြောင်း ကြေညာခဲ့ပြီး  ဘာဇွန်းကို အာဏာပြန်အပ်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို မူလအနေအထားအတိုင်း ပြန်လည်ထိန်းသိမ်းရန် တောင်းဆိုခဲ့သည်။

နိုက်ဂျာအတွက် ပြင်သစ်၏ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးမှု တန်ဖိုးသည် ၂၀၂၂ ခုနှစ်က ယူရိုသန်း ၁၂၀ (ဒေါ်လာသန်း ၁၃၀) ရှိခဲ့သည်။

 

ဇူလိုင် ၃၀ ရက်၊ တနင်္ဂနွေနေ့

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့(ECOWAS)သည် နိုက်ဂျီးရီးယားနိုင်ငံတွင် အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီး  သီတင်းတစ်ပတ်အတွင်း ဘာဇွန်းအား အာဏာပြန်အပ်ရန် နိုက်ဂျာစစ်ခေါင်းဆောင်များကို တောင်းဆိုခဲ့သည်။

နိုက်ဂျာ စစ်ခေါင်းဆောင်များအနေဖြင့် သတ်မှတ်သည့် အချိန်ကာလအတွင်း အာဏာပြန်မအပ်ပါက စစ်ရေးအရကြားဝင် ဖြေရှင်းမည်ဟုလည်း ECOWAS က ခြိမ်းခြောက်ခဲ့သည်။

ထို့နောက် ECOWAS သည် နိုက်ဂျာနိုင်ငံနှင့် အာဏာသိမ်းခေါင်းဆောင်များအပေါ် ပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး နိုက်ဂျာနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ငွေကြေးလွှဲပြောင်းမှုများ အားလုံးကို ပိတ်ပင်ကြောင်းကြေညာခဲ့သည်။

 

ဇူလိုင် ၃၁ ရက်၊ တနင်္လာနေ့

ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက နိုက်ဂျာကို တိုက်ရိုက်ထောက်ပံ့မှုများ အားလုံးကို ဆိုင်းငံ့ကြောင်းကြေညာခဲ့သည်။ ရုရှားအစိုးရကလည်း နိုက်ဂျာတွင် ဖြစ်ပွားနေသည့်အခြေအနေကို အလွန်စိုးရိမ်ကြောင်း ကြေညာခဲ့သည်။

 

သြဂုတ် ၁ ရက်၊ အင်္ဂါနေ့

နိုက်ဂျာစစ်ခေါင်းဆောင်များက ဘာကီနာဖာဆို၊ အယ်လ်ဂျီးရီးယား၊ မာလီ၊ လစ်ဗျား၊ ချဒ်နိုင်ငံတို့နှင့်ထိစပ်နေသည့် ကုန်းလမ်းနှင့် ရေကြောင်းနယ်စပ်များကို ပြန်လည်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။

သို့သော် ECOWAS ၏ ပိတ်ဆို့မှုကြောင့် နိုက်ဂျာ၏ အဓိက ကုန်သွယ်ရေးနှင့် စီးပွားရေးလမ်းကြောင်းများမှာ ဆက်လက် ပိတ်ပင်ခံထားရဆဲဖြစ်သည်။

ထို့နေ့မှာပင် ပြင်သစ်၊ စပိန်နှင့် အီတလီ နိုင်ငံတို့က နိုက်ဂျာရှိ ၎င်းတို့၏ နိုင်ငံသားများနှင့် အခြားဥရောပနိုင်ငံသားများကို ကယ်ထုတ်မည့်အစီအစဉ်ကို ကြေညာခဲ့သည်။  ယူကရိန်း သမ္မတဆိုင်ရာအကြံပေးပုဂ္ဂိုလ် မီဟိုင်းလိုပိုဒို ယက်ကမူ နိုက်ဂျာအာဏာသိမ်းမှုနောက်ကွယ်တွင် ရုရှားရှိနေသည်ဟု စွပ်စွဲခဲ့သည်။

 

သြဂုတ် ၂ ရက်၊ ဗုဒ္ဓဟူးနေ့

နိုက်ဂျာစစ်ခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် ECOWAS သည် နိုက်ဂျီးရီးယားစစ်ခေါင်းဆောင်ဟောင်း အဗ္ဗဒူဆာလာမီ အဘူဘာကာ ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့သည်။

ဒေသတွင်း ကာကွယ်ရေးအကြီးအကဲများကလည်း နိုက်ဂျာတွင် နှစ်ရက်ကြာအစည်းအဝေးကို ပြုလုပ်ခဲ့သည်။ နိုက်ဂျီးရီးယားသည် နိုက်ဂျာကို လျှပ်စစ်ဓာတ်အားထောက်ပံ့မှု ဖြတ်တောက်ခဲ့သည်။

နိုက်ဂျာတွင် သုံးစွဲသည့် လျှပ်စစ်ဓာတ်အားစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို နိုက်ဂျီးရီးယားက ထောက်ပံ့ထားသဖြင့် လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုသည် နိုက်ဂျာအပေါ်သက်ရောက်မှုများစွာရှိခဲ့သည်။

နိုက်ဂျာစစ်ခေါင်းဆောင် တီယာနီက အနောက်အာဖရိကခေါင်းဆောင်များသည် တရားမဝင်ဘဲ လူမဆန်သည့် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း ရုပ်သံမိန့်ခွန်းတွင် စွပ်စွဲခဲ့သည်။ အမေရိကန်ကလည်း နိုက်ဂျာရှိ ၎င်းတို့၏ သံရုံးဝန်ထမ်းများကို ယာယီရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။

 

သြဂုတ် ၃ ရက်၊ ကြာသပတေးနေ့

နိုက်ဂျာ၏ ၆၃ နှစ်ပြည့် လွှတ်လပ်ရေးနေ့တွင် နီယာမေမြို့တော်တွင် ရာနှင့်ချီသည့် ပြည်သူများသည် အာဏာသိမ်းမှုကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖမ်းဆီးခံထားရသည့် ဘာဇွမ်းနှင့် ၎င်း၏မိသားစုကို ချက်ချင်းပြန်လွှတ်ရန် တောင်းဆိုခဲ့သည်။

ထိုနေ့မှာပင် နိုက်ဂျာစစ်ခေါင်းဆောင်များက ပြင်သစ်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ငါးရပ်ကို ရုပ်သိမ်းကြောင်းကြေညာခဲ့ပြီး နိုင်ငံအတွင်းရှိ ပြင်သစ်၏ နိုင်ငံတကာသတင်း ရုပ်သံလိုင်းများကို ရပ်ဆိုင်းထားသည်။

 

သြဂုတ် ၄ ရက်၊ သောကြာနေ့

ECOWAS သည် နိုက်ဂျာကို စစ်ရေးအရ ကြားဝင်မည့် ဖြစ်နိုင်ခြေရှိသည့် အစီအစဉ်တစ်ခု သဘောတူညီခဲ့ကြသည်။ ဆီနီဂေါနှင့် အိုင်ဗရီကို့စ်အပါအဝင် အဖွဲ့ဝင်နိုင်ငံများက စစ်သားများစေလွှတ်မည်ဟု သဘောတူခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က နိုက်ဂျာအစိုးရကို ထောက်ပံ့ပေးနေသည့်အစီအစဉ်များကို ရပ်တန့်ကြောင်း အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

 

သြဂုတ် ၆ ရက်၊ တနင်္ဂနွေနေ့

နီယာမေမြို့တော်တွင် အာဏာသိမ်းမှုကို ထောက်ခံသည့် နိုက်ဂျာပြည်သူသောင်းချီသည် ရုရှားအလံများကို ဝှေ့ယမ်းပြီး ရုရှား၏ ဝက်ဂ်နာအုပ်စုကို ကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုနေ့မှာပင် နိုက်ဂျာ အာဏာသိမ်းခေါင်းဆောင်များက လေပိုင်နက်ကိုပိတ်ကြောင်း ကြေညာခဲ့သည်။

 

သြဂုတ် ၇ ရက်၊ တနင်္လာနေ့

အမေရိကန်၏လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယားနျူလန်သည် နိုက်ဂျာသို့ သွားရောက်ခဲ့ပြီး နိုက်ဂျာစစ်ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သော်လည်း ဖမ်းဆီးခံထားရသည့် သမ္မတ ဘာဇွန်းနှင့် တွေ့ဆုံရန် တောင်းဆိုချက်သည် ငြင်းဆိုခံခဲ့ရသည်။

 

သြဂုတ် ၉ ရက်၊ ဗုဒ္ဓဟူးနေ့

နိုက်ဂျာ သူပုန်ခေါင်းဆောင်ဟောင်းဖြစ်ပြီး နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ရစ်ဆာ အက်ဘူလာက အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဘာဇွန်းကိုအာဏာပြန်အပ်ရန် တော်လှန်ရေးကောင်စီဖွဲ့ကြောင်းကြေညာခဲ့ပြီး ယင်းသည် နိုက်ဂျာတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပထမဆုံးပြည်တွင်းလှုပ်ရှား မှုတစ်ခုဖြစ်ခဲ့သည်။

 

သြဂုတ် ၁၀ ရက်၊  ကြာသပတေးနေ့

နိုက်ဂျာအာဏာသိမ်းခေါင်းဆောင်များသည် အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်ဝန်ကြီး ၂၁ ဦးစာရင်းကို ကြေညာခဲ့သည်။

နိုက်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့တွင် ECOWAS ခေါင်းဆောင်များသည် နိုက်ဂျာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းရန်အင်အားသုံးဖြေရှင်းရေးအပါအဝင် ဖြစ်နိုင်ခြေရှိသည့် ရွေးချယ်မှုများအားလုံးကို ဆွေးနွေးခဲ့ကြပြီး နိုက်ဂျာကို စစ်ရေးအရဝင်ရောက်ရေးအတွက် တပ်ဖွဲ့များကို အသင့်အနေအထားဖြန့်ကြက်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

 

သြဂုတ် ၁၅ ရက်၊ အင်္ဂါနေ့

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆာဟယ်ဒေသတည်ငြိမ်ရေးအတွက် နိုက်ဂျာအရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်လိုအပ်ကြောင်း အလေးထားပြောဆိုခဲ့သည်ဟု မာလီစစ်ခေါင်းဆောင် အက်စီမီ ဂွီတာက ပူတင်နှင့် ဖုန်းပြောဆိုပြီးနောက် ပြန်လည်ပြောပြခဲ့သည်။

ထိုနေ့မှာပင် နိုက်ဂျာစစ်သား ၁၇ ဦးသည် မာလီနယ်စပ်အနီးတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်ဟု နိုက်ဂျာကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၁၈ ရက်၊ သောကြာနေ့

ECOWAS သည် နိုက်ဂျာ၏ ဒီမိုကရေစီကို ထိန်းသိမ်းရန်စစ်ရေးအရ ကြားဝင်မည့် နေ့ရက်အတိအကျကို သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ECOWAS ၏ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၁ နိုင်ငံသည် နိုက်ဂျာစစ်ဆင်ရေးတွင် စစ်သားများကို စေလွှတ်ပေးရန် သဘောတူညီခဲ့သည်။

 

သြဂုတ် ၁၉ ရက်၊ စနေနေ့

ECOWAS ၏ ကိုယ်စားလှယ်အဖွဲ့သည် နိုက်ဂျာသို့ ရောက်ရှိလာခဲ့ပြီးနောက် နိုက်ဂျာစစ်ခေါင်းဆောင် တီယာနီ၊ ဖမ်းဆီးခံထားရသည့် သမ္မတဘာဇွန်းတို့နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

နိုက်ဂျာစစ်ခေါင်းဆောင် တီယာနီသည် ECOWAS ၏ ကိုယ်စားလှယ်အဖွဲ့နှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် နိုင်ငံအတွင်းအာဏာလွှဲပြောင်းရေးကာလကို သုံးနှစ်သတ်မှတ်ကြောင်းကြေညာခဲ့ပြီး စစ်ရေးအရ ကြားဝင်မည့် အစီအစဉ်များကို ဆန့်ကျင်ကြောင်း သတိပေးခဲ့သည်။             

Ref: Al Jezeera

 

Most Read

Most Recent