စားအုန်းဆီ တစ်ပိဿာလျှင် ပြင်ပတွင် ကျပ်တစ်သောင်းနီးပါးသို့ ရောက်ရှိလာပြီး စားသုံးဆီကုမ္ပဏီအချို့ အရောင်းပိတ်ထားခြင်းများရှိနေဟု စျေးကွက်အတွင်းမှ သိရ

စားအုန်းဆီ တစ်ပိဿာလျှင် ပြင်ပတွင် ကျပ်တစ်သောင်းနီးပါးသို့ ရောက်ရှိလာပြီး စားသုံးဆီကုမ္ပဏီအချို့ အရောင်းပိတ်ထားခြင်းများရှိနေဟု စျေးကွက်အတွင်းမှ သိရ
Published 14 August 2023

စားအုန်းဆီ တစ်ပိသာလျှင် ကျပ်တစ်သောင်းနီးပါးသို့ ရောက်ရှိလာပြီး စားသုံးဆီကုမ္ပဏီအချို့ အရောင်းပိတ်ထားခြင်းများရှိနေဟု ဆီစျေးကွက်အတွင်းမှ သိရသည်။

“ဒီမနက် သွားဝယ်တော့ ငါးဆယ်သားကို ၄၉၀၀ ပေးရတယ်။ တစ်ပိသာကို တစ်သောင်းပြည့်ဖို့ ကျပ်နှစ်ရာပဲ လိုတော့တယ်။ ဒါက အပြင်စျေးကွက်မှာ ရောင်းနေတဲ့စျေးပေါ့” ဟု သြဂုတ် ၁၄ ရက်က စားအုန်းဆီသွားရောက်ဝယ်ယူခဲ့သူတစ်ဦးက ပြောကြားသည်။

စားအုန်းဆီစျေးနှုန်းမှာ ယခင်က ခုနစ်ထောင်ကျော်၊ ရှစ်ထောင်ကျပ်ခန့်သာရှိရာမှ လက်ရှိတွင် ကျပ်တစ်သောင်းနီးပါးသို့ မြင့်တက်လာခြင်းလည်းဖြစ်သည်ဟု ဆင်ခြေဖုံးမြို့နယ်ရှိ အိမ်ရှင်မအချို့က ပြောကြားသည်။

“ဆီစျေးက တဖြည်းဖြည်းတက်လာတာလို့ ပြောလို့မရဘူး။ တက်တာ တစ်ထောင်ကျော်လောက်တက်တယ်လို့ ပြောလို့ရတယ်” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် စားသုံးဆီဖြန့်ဖြူးနေသည့် ကုမ္ပဏီအချို့မှာလည်း ယခုရက်ပိုင်းအတွင်း စျေးသာရှိသော်လည်း ကုန်ပစ္စည်းများကို မှာယူမရကြောင်း စားသောက်ကုန်ရောင်းချသည့် ဆိုင်အချို့က ပြောကြားသည်။

“ဆီစျေးတော့ ပြောပေမယ့် ပစ္စည်းမှာရင် မှာလို့မရသေးဘူး။ ခဏစောင့်ပါလို့ ပြောကြတယ်” ဟု စားသောက်ကုန်ရောင်းချသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ ယခုတပတ်အတွင်း စားအုန်းဆီအခြေခံရည်ညွှန်းစျေးမှာ တစ်ပိသာလျှင် ၄၀၃၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကော်မတီက ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စျေးကွက်နှင့် စျေးနှုန်းဖြစ်ပေါ်မှုများအရ သြဂုတ် ၁၄ ရက်မှ သြဂုတ် ၂၀ ရက်အထိ ယင်းသို့သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းစျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက အသိပေးထုတ်ပြန်ထားသည်။

Most Read

Most Recent