စပိန်ဒိုင်ကော်မတီ ဒုဥက္ကဋ္ဌဟောင်း နီဂရီရာကို ငွေပေးခဲ့ခြင်းအတွက် စုံစမ်းစစ်ဆေးခံနေရသည့် ဘာစီလိုနာအသင်း ၂၀၂၃-၂၀၂၄ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမည်ဟု UEFA ဆုံးဖြတ်

စပိန်ဒိုင်ကော်မတီ ဒုဥက္ကဋ္ဌဟောင်း နီဂရီရာကို ငွေပေးခဲ့ခြင်းအတွက် စုံစမ်းစစ်ဆေးခံနေရသည့် ဘာစီလိုနာအသင်း ၂၀၂၃-၂၀၂၄ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမည်ဟု UEFA ဆုံးဖြတ်
Photo: AFP
Photo: AFP
Published 29 July 2023

 

ဘာစီလိုနာအသင်းအနေဖြင့် စပိန်ဒိုင်ကော်မတီ ဒုဥက္ကဋ္ဌဟောင်း နီဂရီရာကို ငွေပေးခဲ့ခြင်းအတွက် စုံစမ်းစစ်ဆေးခံနေရသော်လည်း ၂၀၂၃-၂၀၂၄ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က အတည်ပြု ဆုံးဖြတ်ခဲ့သည်။

ဘာစီလိုနာအသင်းသည် စပိန်ဒိုင်ကော်မတီ ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ နီဂရီရာနှင့် ၎င်းပိုင်ဆိုင်သည့် Dasnil 95 ကုမ္ပဏီအား ငွေပေးခဲ့သည့်ကိစ္စအတွက် UEFA က မတ်လအတွင်း စတင်စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်မှာ စပိန်အခွန်အာဏာပိုင်များက  နီဂရီရာပိုင်ဆိုင်သည့် Dasnil 95 ကုမ္ပဏီကို စုံစမ်းစစ်ဆေးနေကြောင်း စပိန်ရေဒီယိုဖြစ်သည့် SER Catalunya က ဖေဖော်ဝါရီလ အတွင်း စတင်ဖော်ထုတ်ခဲ့ပြီးနောက် ဘာစီလိုနာရှိ အစိုးရရှေ့နေများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

အစိုးရရှေ့နေ များ၏ စုံစမ်းဖော်ထုတ်မှုအရ ဘာစီလိုနာအသင်းသည် ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း Dasnil 95 ကုမ္ပဏီသို့ ယူရို ၁ ဒသမ ၄ သန်း နှင့် ၂၀၀၁ မှ ၂၀၁၈ ခုနှစ်အတွင်း နီဂရီရာအား ယူရိုခုနစ်သန်း ပေးအပ်ခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ UEFA က ဘာစီလိုနာအသင်းအနေဖြင့် လုပ်ပွဲဖန်တီးမှု ပြုလုပ်ခဲ့ခြင်းရှိမရှိ စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

UEFA ၏ စည်းမျဉ်းများအရ ၂၀၀၇ ခုနှစ် ဧပြီမှစတင်ကာ ပြည်တွင်း သို့မဟုတ် နိုင်ငံတကာပွဲစဉ် များတွင် လုပ်ပွဲဖန်တီးပါက အဆိုပါကလပ်အသင်းများအား ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့် တစ်ရာသီပိတ်ပင်ရမည်ဖြစ်ပြီး ထပ်တိုးပြစ်ဒဏ်များလည်း ချမှတ်ခံရနိုင်ကြောင်း သိရသည်။ UEFA အနေဖြင့် ဘာစီလိုနာအသင်းအား လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ပြုခဲ့သော်လည်း ပြစ်ဒဏ်ချခံရနိုင်ခြေ ရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

"ဒီအမှုကို တာဝန်ခံစစ်ဆေးသူတွေအနေနဲ့ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်အထိ ဆက်ပြီးလုပ်ဖို့ ဖိတ်ကြားထားပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ပြိုင်ပွဲဝင်ခွင့် ဒါမှမဟုတ် ပြိုင်ပွဲကနေ ထုတ်ပယ်ခံရသင့်တယ်လို့ ယူဆတဲ့အကြောင်း အယူခံကော် မတီဆီ အစီရင်ခံစာ ပေးပို့လာမယ်ဆိုရင်တော့ အရေးယူခံရမှာပါ" ဟု UEFA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ရာသီ လာလီဂါပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့်ရထားသည်။ ဘာစီလိုနာအသင်းအနေဖြင့် ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် ရရှိပြီဖြစ်သော ကြောင့် လာမည့်ရာသီအတွက် ဝင်ငွေ ယူရို ၁၅ သန်းကျော်ရရှိရန် သေချာသွားပြီဖြစ်သည်။ UEFA သည် ချန်ပီယံလိဂ် အုပ်စုအဆင့် ယှဉ်ပြိုင်ခွင့်ရသည့်အသင်းများအား ယူရို ၁၅ ဒသမ ၆၄ သန်း ပေးအပ်ပြီး ဗိုလ်စွဲပါက ယူရိုသန်း ၂၀ ချီးမြှင့်လျက်ရှိသည်။

Most Read

Most Recent