သထုံမြို့နယ်တွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာသုံးရွာမှ ဒေသခံ ၃၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။
တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် သထုံမြို့နယ် ရွှေရောင်ပြကျေးနယ်တွင်းရှိ ရွှေရောင်ပြကျေးရွာ၊ ဇီးဝန်းကျေးရွာနှင့် အဝင်းကြီးကျေးရွာရှိ အိမ်ထောင်စုပေါင်း ၅၀၁ စုမှ လူဦးရေ ၂၈၉၂ ဦးခန့် ထွက်ပြေးတိမ်းရှောင်နေပြီး ခလောက်အင်း၊ မိချောင်းအိုင်၊ မရမ်းကုန်း၊ ဒေါင်းရွာနှင့် ပန်းအောင်ကုန်းရွာ စသည့် ကျေးရွာတို့မှ ဒေသခံအချို့လည်း တိမ်းရှောင်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဇူလိုင် ၂၁ ရက်က သထုံမြို့နယ်၊ အစူးအင်းကျေးနယ်၊ ကဇိုင်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းနေ့ညပိုင်းတွင် သထုံမြို့နယ်၊ ကော့လှိုင်းကျေးနယ်၊ ကျုံမိန်ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇွန် ၂၂ နှင့် ၂၃ ရက်ကလည်း ဝင်းရေးမြို့နယ်၊ ဝဲဝန်းကျေးရွာအနီးတွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။















